ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် အကောက်ခွန်နယ်မြေ အသီးသီးတွင် နှစ်လအတွင်း တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း တင်ပြနိုင်ခြင်း မရှိသည့် အကောက်ခွန်မဲ့ပစ္စည်း တန်ဖိုး ကျပ်၂၃၇၇ သန်းကျော် ဖမ်းဆီးရမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် အကောက်ခွန်နယ်မြေ အသီးသီးတွင် နှစ်လအတွင်း တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း တင်ပြနိုင်ခြင်း မရှိသည့် အကောက်ခွန်မဲ့ပစ္စည်း တန်ဖိုး ကျပ်၂၃၇၇ သန်းကျော် ဖမ်းဆီးရမိ
Published 14 February 2020
နီလာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီး၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာ နှစ်လအတွင်း တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း တင်ပြနိုင်ခြင်း မရှိသည့် တားဆီး၊ ဖမ်းဆီးရမိသည့် အကောက်ခွန်မဲ့ပစ္စည်း တန်ဖိုးကျပ် ၂၃၇၇ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း၊ အထူးကင်း၊ ရန်ကုန်စာတိုက်နှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီး၌ တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိဘဲ တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးရှာဖွေတားဆီး အရေးယူမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ စုစုပေါင်းတားဆီး၊ ဖမ်းဆီးမှု ၂၇၆ မှုဖြစ်ပြီး ခန့်မှန်းတန်ဖိုး ကျပ် ၂၃၇၇ ဒသမ ၁၁၂ သန်း ဖြစ်ကြောင်း သိရသည်။

နယ်မြေတားဆီးမှု အနေဖြင့် ၂၅၁ မှုရှိပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၁၈၆၆ ဒသမ ၃၃၉ သန်းရှိသည့် နိုဝင်ဘာ ၁၁ ရက်တွင် ၁၆ မိုင်ကျောက်ချော စစ်ဆေးရေးစခန်းမှ စစ်ဆေးမှုများ ဆောင်ရွက်စဉ် Mini Bus ယာဉ်တစ်စီးပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပိတောက်ခွဲသား ၅၀ ချောင်း၊ ၁ ဒသမ ၃၄၆၄ တန်နှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ်တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၇ ဒသမ ၈၄၆ သန်း စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကို အဟန့်အတားဖြစ်စေမည့် အချက်တစ်ချက်မှာ တရားမဝင် ကုန်သွယ်မှုကဏ္ဍ ဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုကဏ္ဍ အင်အားကြီးနေသည်နှင့်အမျှ တရားဝင် လုပ်ကိုင်သည့် လုပ်ငန်းများကို အဟန့်အတား ဖြစ်စေကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ် နိုင်ရေးအတွက် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်သမ္မတရုံးက၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်တွင် လုပ်ငန်းတာဝန် ၁၃ ရပ်ချမှတ်ကာ အဖွဲ့ဝင် ၄၀ ဖြင့် ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လအထိ ဖမ်းဆီးအရေးယူမှု ၆၆၉ ကြိမ်၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၁ ဒသမ ၈၂၈ ဘီလျံ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

တရားမဝင် ကုန်စည်တင်သွင်းမှုများကို တားဆီးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အထူးအဖွဲ့များ ဖွဲ့စည်းကာ ဖမ်းဆီးခဲ့သော်လည်း အားမရစရာ အခြေအနေ ဖြစ်နေကြောင်းနှင့် တချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်လလုံးတွင် တစ်မှုပင် ဖမ်းဆီးရမိမှု မရှိသည့် အခြေအနေ ဖြစ်နေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ဇွန် ၂၉ ရက်တွင် ကုန်သည်စက်မှု အသင်းချုပ်၌ ကျင်းပသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်းရှင်များ ၂၈ ကြိမ်မြောက် တွေ့ဆုံပွဲတွင် ပြောကြားသည်။

“တရားမဝင် ကုန်သွယ်မှုတွေနဲ့ ပတ်သက်လို့ တော်တော်များများကတော့ အခုအချိန်အထိ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။ လုပ်တော့လုပ်ခိုင်းနေတာပဲ။ လူကြီးတွေလည်း အားမရဘူး။ လူကြီးတွေကလည်း မှတ်ချက်တွေ အမြဲတမ်းပေးနေတာ။ တချို့ဒေသတွေ၊ တချို့တိုင်းဒေသကြီးတွေ၊ တချို့ပြည်နယ်တွေမှာ ဖမ်းဆီးရမိမှုက တစ်လလုံးနေလို့ တစ်ခုတောင်မှ မရှိဘူး။ ဒါကိုလည်း မှတ်ချက်တွေ ပေးနေတာ။ ဒါမရှိဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား။ ရှိပြီးတော့ မဖမ်းတာမျိုး မဖြစ်ရအောင်၊ တစ်ဖက်မှာလည်း လုံခြုံရေးပိုင်းတွေ ပါမှာပေါ့” ဟု ဦးမြင့်ဆွေက ပြောကြားသည်။

 

Most Read

Most Recent