ဆန်အရောင်းအဝယ်စာချုပ်အရ မဖြစ်မနေ ပြည်ပသို့ တင်ပို့ရမည့်ကုန်သည်များက လက်ရှိတွင် ဆန်ဝယ်ယူမှုများနေသဖြင့် ပြည်တွင်းဆန်ကြမ်းစျေး အနည်းငယ်မြင့်တက်လာဟု ဆို

ဆန်အရောင်းအဝယ်စာချုပ်အရ မဖြစ်မနေ ပြည်ပသို့ တင်ပို့ရမည့်ကုန်သည်များက လက်ရှိတွင် ဆန်ဝယ်ယူမှုများနေသဖြင့် ပြည်တွင်းဆန်ကြမ်းစျေး အနည်းငယ်မြင့်တက်လာဟု ဆို
 ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 13 February 2020
ဇေယျာငြိမ်း

ဆန်အရောင်းအဝယ်စာချုပ်အရ မဖြစ်မနေပြည်ပသို့ ဆန်တင်ပို့ရမည့်ကုန်သည်များက လက်ရှိတွင် ဆန်ဝယ်ယူမှုများနေသဖြင့် ပြည်တွင်းဆန်ကြမ်းစျေးနှုန်း အနည်းငယ်မြင့် တက်လာကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

ပြည်တွင်းဆန်ကြမ်းစျေးနှုန်းသည် ယခင်ကထက် လက်ရှိတွင် ဆန်တစ်အိတ်လျှင် တစ်ထောင်ကျပ် မြင့်တက်ခဲ့ကြောင်း ဘုရင့်နောင်ဆန်စျေးကွက်မှ သိရသည်။

“ဆန်စျေးက ဘယ်လိုပြောရမလဲဆိုတော့ ၂၅ မှတ်တို့ ဘာတို့က အရင်ရက်ကထက်စာရင် တစ်အိတ်ကို တစ်ထောင်လောက်တက်သွားတယ်။ ဒါတွေကငွေစျေးကကျပြီး ဆန်စျေးက တက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဘောတွေရောင်းထားတဲ့သူတွေက စာချုပ်တွေက မဖြစ်မနေဝယ်တင်ရတယ်။ ဆန်က မပေါ်သေးဘူး။ မိုးဆန်ကလည်း ပစ္စည်းနည်းသွားပြီပေါ့နော်။ စျေးကိုင်ထားတဲ့သူတွေ လက်ထဲမှာပဲရှိတော့ စျေးက ခေါ်ရောင်းတဲ့စျေးကို လိုက်ဝယ်ပေးနေရတယ်။ လိုအပ်ချက်များတဲ့သူပဲ ဝယ်ရတာပေါ့။ ဒါပေမဲ့ မြတ်လို့လားဆိုတော့လည်း မမြတ်ဘူး။ အရှုံးခံဝယ်နေတာ။ အခု Export ပို့တဲ့သူတွေက ရမ်းရောင်းတယ်။ စာချုပ်တွေ ရမ်းချုပ်တယ်။ ဒီဘက်မှာ ဆန်ထွက်တဲ့ရာသီလား၊ ဘယ်အချိန်မှာ ဘာထွက်တယ်ဆိုတာ သူတို့သေချာမသိဘူး။ အဲဒီလိုအလွဲတွေပေါ့။ ဒီဇင်ဘာ၊ ဇန်နဝါရီမှာတင်မယ့် သင်္ဘောတွေက ဖေဖော်ဝါရီကို ဆုတ်လာတယ်။ အဲဒီအချိန်မှာ နွေဆန်က မပေါ်သေးဘူး။ မိုးဆန်က ကုန်ပြီ၊ အဲဒီလိုဖြစ်နေတာ” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

လက်ရှိတွင် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်၌ ဆန်ကြမ်းဆန်စျေးနှုန်းများမှာ ဆန်တစ်အိတ်လျှင် ကျပ် ၁၉၀၀၀ မှ ၂၂၀၀၀ ကျပ်အကြားနှင့် ဆန်ကွဲတစ်အိတ်လျှင် ၁၄၅၀၀ ကျပ်မှ ကျပ် ၁၇၀၀၀ အကြားရှိကြောင်း သိရသည်။

“စျေးနှုန်းတွေက ၂၅ မှတ်ဆန်က ၁၉၀၀၀ လောက် ရောင်းရတယ်။ ၁၅ မှတ်ဆန်တွေက ၂၀၀၀၀ ဝန်းကျင်ရောင်းရတယ်။ ၅ မှတ်ဆန် တွေက ၂၂၀၀၀ ဝန်းကျင်ရောင်းရတယ်။ ဆန်ကွဲအကြီးက ၁၇၀၀၀၊ ဆန်ကွဲအလတ်က ၁၆၀၀၀ ဆန်ကွဲအသေးက ၁၄၅၀၀ လောက် ရောင်းရတယ်” ဟု ဦးသန်းဦးကဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်ကြမ်းအမျိုးအစားကို အဓိကတင်ပို့နေပြီး ဆန်ချော(ပေါ်ဆန်းမွှေး) စသည်တို့ကို ပြည်တွင်း၌ အဓိကစားသုံးနေခြင်းဖြစ်သည်။

လက်ရှိတွင် ဘုရင်နောင်ဆန်ကုန်စည်ဒိုင်သို့ ဆန်နှင့်ဆန်ကွဲ ဝင်ရောက်မှု လျော့နည်းနေပြီး တစ်ရက်လျှင် ဆန်နှင့်ဆန်ကွဲ စုစုပေါင်းအိတ်အရေအတွက် ငါးသောင်းဝန်းကျင်ခန့်သာ ဝင်ရောက်လျက်ရှိကြောင်း ဘုရင့်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“ဆန်က အဝင်နည်းနည်းပါးသွားတယ်။ ဆန်ရော ဆန်ကွဲအရောပေါ့နော်။ တစ်ရက်ကို အိတ်အရေအတွက် ငါးသောင်းဝန်းကျင်လောက်ပဲဝင်တယ်” ဟု အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်

ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူူးတိုင်းဒေသကြီး အရှေ့နှင့်အနောက်၊ ရန်ကုန်တိုင်းဒေသကြီး စသည့်ဒေသများမှ ဆန်နှင့်ဆန်ကွဲများ အဓိက ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းများ၌ နိုင်ငံတော်ရန်ပုံငွေဖြင့် စပါးဝယ်ယူရန် ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းအတွက် ကျပ်ရှစ်ဘီလျံနှင့် ဧရာဝတီတိုင်းအတွက် ကျပ်ငါးဘီလျံ လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက နိုဝင်ဘာလဆန်းပိုင်းက ပြောကြားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁၇ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၀၄၇ သန်း  အထိတင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၃၀၀ ဒသမ ၃၆၆ သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း နိုင်ငံပေါင်း ၅၆ နိုင်ငံသို့ ဆန်တန်ချိန် ခုနစ်သန်းကျော် တင်ပို့မှုဝင်ငွေ ဒေါ်လာသန်း ၂၂၀ နီးပါး ရရှိထားသည်။ ထို့အတူ နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ ဆန်ကွဲတန်ချိန် သုံးသိန်းကျော်တင်ပို့မှုမှ ဒေါ်လာ သန်း ၈၀ ကျော်ရရှိထားသည်။

 

 

Most Read

Most Recent