ကျန်းမာရေးဘတ်ဂျက် တိုးမြှင့်ပေးရေး အပါအဝင် အကျင့်ပျက် ဝန်ထမ်းများအား အရေးယူပေးရန် ကလေးမြို့တွင် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားအဖွဲ့အစည်းများ ဦးဆောင်၍ ဆန္ဒထုတ်ဖော်

ကျန်းမာရေးဘတ်ဂျက် တိုးမြှင့်ပေးရေး အပါအဝင် အကျင့်ပျက် ဝန်ထမ်းများအား အရေးယူပေးရန် ကလေးမြို့တွင် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားအဖွဲ့အစည်းများ ဦးဆောင်၍ ဆန္ဒထုတ်ဖော်
ဖေဖော်ဝါရီ ၁၀ ရက် ကလေးမြို့တွင် ကျောင်းသားသမဂ္ဂများနှင့် လူမှုအဖွဲ့အစည်းများက ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ- အောင်သူထွန်း)
ဖေဖော်ဝါရီ ၁၀ ရက် ကလေးမြို့တွင် ကျောင်းသားသမဂ္ဂများနှင့် လူမှုအဖွဲ့အစည်းများက ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ- အောင်သူထွန်း)
Published 10 February 2020
အောင်သူထွန်း

ကျန်းမာရေးဘတ်ဂျက် တိုးမြှင့်ပေးရေး အပါအဝင် အကျင့်ပျက် ဝန်ထမ်းများအား အရေးယူပေးရန် ကလေးမြို့တွင် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားအဖွဲ့အစည်းများ ဦးဆောင်၍ ဖေဖော်ဝါရီ ၁၀ ရက်က ဆန္ဒထုတ်ဖော် ခဲ့ကြသည်ဟု သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၆ ရက်တွင် ကလေးမြို့ မြို့မစျေးအနီး လမ်းမပေါ်၌ ဆိုင်ကယ်မတော်တဆ ဖြစ်သည့် လူတစ်ဦး ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိသွားခဲ့ပြီး နောက်တစ်နေ့တွင် သေဆုံးသွားခဲ့သည်။

သေဆုံးမှုတွင် ဆေးရုံကြီးမှ လုပ်ဆောင်ချက်များကို ကျေနပ်ခြင်း မရှိသဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ခဲ့သူများက ပြောကြားသည်။

“နိုင်ငံပိုင်ဆေးရုံတွေ အပေါ်မှာ ဆေးကုသမှု ခံယူနေတဲ့ ပြည်သူတွေအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးကို စွမ်းစွမ်းတမံ ကုသမှု အပြည့်အဝပေးရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြတာပါ။ အခုလို ဆန္ဒပြတာဟာ လူမျိုးရေး၊ ဘာသာရေးတွေ မဟုတ်ပါဘူး။ ကျောင်းသားသမဂ္ဂတွေ၊ ကျောင်းသား အဖွဲ့အစည်းတွေ ဦးဆောင်ပြီးတော့ ပြည်သူလူထုတွေ အားလုံး ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့တဲ့ အပေါ်မှာ ဘာမှ တုံ့ပြန်မှုမရှိလို့ ဆန္ဒထုတ်ဖော်တာပါ။ ဆန္ဒထုတ်ဖော်လို့ တောင်းဆိုချက်တွေ အကုန်လုံး မရခဲ့ရင်တောင်မှ ပြည်သူ့ဆေးရုံကြီးဘက်က ပြောင်းလဲမှုတွေ ရှိခဲ့မယ်ဆိုရင် ကျေနပ်မှာပါ။ ဘာမှမပြောင်းလဲဘူး ဆိုရင်တော့ နောက်ထပ် အစီအစဉ်တွေ ထပ်မံဆွဲရမှာပါ။ ကျွန်တော်တို့ကတော့ ပြည်သူ့ဆေးရုံကြီးက ပိုမိုကောင်းမွန်စွာ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ သူတို့မှာလည်း သူတို့အခက်အခဲရှိမှာပါ။ ဒါကလည်း အများစုက နိုင်ငံတော်ဘတ်ဂျက် အပေါ်မှာလည်း မူတည်ပါတယ်။ ဆေးရုံမှာ စက်ပစ္စည်းတွေမရှိတာ ဆေးပိုင်းဆိုင်ရာတွေ မရှိတာကလည်း နိုင်ငံရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။ ဒါ့ကြောင့်လည်း ဘတ်ဂျက်တိုးမြှင့်ဖို့ အတွက်တွေပါ တောင်းဆိုရတာပါ” ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုဝေနိုင်ဦးက ပြောကြားသည်။

သေဆုံးခဲ့သူ တာန်ဒါလ်မွန်းမာန် သေဆုံးမှုနှင့် ပတ်သက်ပြီး ကလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇန်နဝါရီ ၂၉ ရက်တွင် ဆေးရုံတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ယင်းသတင်းစာ ရှင်းလင်းပွဲအပေါ် ကလေးတက္ကသိုလ် ကျောင်းသားအဖွဲ့ ၁၆ ဖွဲ့က ဆေးရုံတာဝန်ရှိသူများကို အရေးယူပေးရန်နှင့် ငါးရက်အတွင်း အရေးယူမှုမရှိပါက ဆန္ဒထုတ်ဖော်မည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“ဘာကြောင့် ဆန္ဒထုတ်ဖော်တာလဲ ဆိုတာပေါ့။ တချို့နားလည်မှု လွဲကြတယ်ပေါ့။ လူတစ်ယောက်သေတာကို ဘာလို့ အဲဒီလို လုပ်ကြတာလဲပေါ့။ နင်တို့ပဲ သေတာမဟုတ်ဘူး ဘာညာပြောကြတယ်။ ကျွန်မတို့ အဓိက ရည်ရွယ်ချက်က သူဟာကျွန်မတို့ ဆန္ဒထုတ်ဖော်လိုက်တာနဲ့ သူဟာ ပြန်ရှင်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ အရင်တုန်းကလည်း ဒီလိုမျိုး အဖြစ်အပျက်မျိုး ပြည်သူတွေ အများကြီး ကြုံခဲ့ရပြီးပြီ။ နောက်တစ်ခါ ဒီလိုမျိုး အဖြစ်အပျက်မျိုး ထပ်မကြုံရအောင်။ ကျွန်မတို့ လူသားတွေအတွက် ကျန်းမာရေးက အဓိကပါပဲ။ ကျွန်မတို့ ဆေးရုံကို ရောက်တယ်ဆိုတာက အားကိုးလို့ ရောက်တာဖြစ်တဲ့အတွက် ဆေးရုံက ဝန်ထမ်းတွေ ဆရာဝန်၊ ဆရာမတွေက ကျွန်မတို့ ပြည်သူတွေကို စေတနာထားပြီး ကုသပေးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြတာပါ” ဟု ကလေးတက္ကသိုလ်ကျောင်းမှ ဇိုမီးကျောင်းသားများအသင်းဥက္ကဋ္ဌ လျာကျိန်ရှမ်းနဲမ်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲကို ကလေးမြို့ ဆိပ်ကမ်းသာလမ်း၊ ဆိပ်ကမ်းသာ တံတားမှ စတင်၍ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးရှေ့တွင် ဟောပြောမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပြည်သူ့ဆေးရုံတိုင်းတွင် လူနာများ၏ ကျန်းမာရေးကို မေတ္တာရှေ့ထား စောင့်ရှောက်ကုသမှု အပြည့်အဝ ရရှိရေး၊ အကျင့်ပျက် ကျန်းမာရေး ဝန်ထမ်းများအား ထိထိရောက်ရောက် အရေးယူပေးရေး၊ ပြည်သူ့ဆေးရုံများတွင် အရေးပေါ် အသက်ကယ် ဘတ်ဂျက် လုံလောက်စွာ ထားရှိရေး၊ ကျန်းမာရေး ဘတ်ဂျက်ကို နိုင်ငံတော် အစိုးရ အထွေထွေ အသုံးစရိတ်၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရေး စသည်တို့ကို ကြွေးကြော်ခဲ့ပြီး ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားအဖွဲ့အစည်းများ၊ လူမှုအသင်းအဖွဲ့များ ကလေးမြို့ပေါ်မှ ဒေသခံများ အင်အားထောင်ချီ တက်ရောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

Most Read

Most Recent