မန္တလေး မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်းရှိ ဆောက်လုပ်ဆဲ သံဖရိန် အဆောက်အဦတစ်ခု ပြိုကျမှု ဖြစ်ပွားပြီး ခြောက်ဦးဒဏ်ရာရ

မန္တလေး မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်းရှိ ဆောက်လုပ်ဆဲ သံဖရိန် အဆောက်အဦတစ်ခု ပြိုကျမှု ဖြစ်ပွားပြီး ခြောက်ဦးဒဏ်ရာရ
Published 10 February 2020
မင်းသန့်၊ မင်းလတ်

မန္တလေး မြို့သာစက်မှုဥယျာဉ် စီမံကိန်း ရာဇဝင်လမ်းဘေးရှိ ဆောက်လုပ်ဆဲ သံဖရိန် အဆောက်အဦတစ်ခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၃ နာရီခန့်က ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်းရှိ အဆိုပါ ဆောက်လုပ်ဆဲ ဂိုထောင်အဆောက်အဦ ငြမ်းပြိုကျမှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ခြောက်ဦးမှာ ခြေထောက်ကျိုးကြေဒဏ်ရာ၊ ဦးခေါင်းကွဲဒဏ်ရာများ၊ ခါးထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကာ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြို့သာတိုက်နယ်ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက “ဒဏ်ရာရတဲ့ လူနာ ၆ ယောက်လုံးကို မန္တလေးဆေးရုံကြီး လွှဲလိုက်ပါတယ်။ နှစ်ယောက်ကတော့ ခြေထောက်ကျိုးကြေဒဏ်ရာ များပါတယ်။ အားလုံးက လုပ်ငန်းခွင် ဦးထုပ်တွေ ဆောင်းထားလို့ သက်သာတယ်ပြောရမယ်။ ဒါတောင် ခေါင်းထိတဲ့သူတွေပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတော့ မပါပါဘူး” ဟု ပြောကြားခဲ့သည်။

အဆိုပါ သံဖရိန် ၁ ထပ် အဆောက်အဦ ပြိုကျမှု ဖြစ်စဉ်အား စိစစ်နေဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်များ မသိရသေးကြောင်း မြို့သာရဲစခန်းမှ သိရသည်။

မြို့သာစက်မှုဥယျာဉ် စီမံကိန်းမှာ မြေဧက တစ်သောင်းကျော်ပေါ်တွင် ဘီလျံ ၁၅၀ ကျော် ရင်းနှီးမြုပ်နှံ အကောင်အထည် ဖော်နေသည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းအတွင်း၌ လက်ရှိအချိန်တွင် နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံ လည်ပတ်နေသည့် စက်ရုံ ၈ ရုံခန့် ရှိသည်။

မြို့သာစက်မှုဥယျာဉ်နှင့် ဆီမီးခံ ဧရာဝတီဆိပ်ကမ်း စီမံကိန်းမှာ ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိခြင်းဖြစ်ပြီး စက်မှုဥယျာဉ် စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံသည့် စက်ရုံအလုပ်ရုံများမှာ အခွန်ကောက်ခံမှု ကင်းလွတ်ခွင့် ၇ နှစ် ရရှိထားသည်။

Most Read

Most Recent