မြန်မာ-တရုတ် နယ်စပ်တွင် တရုတ်ဘက်မှ ဌာနအများစု ဖေဖော်ဝါရီ ၉ ရက်မှစတင်ပြီး လုပ်ငန်းစတင် လုပ်ကိုင်ကြသော်လည်း သစ်သီးပို့ကုန်များ၏ ထွက်ပေါက်ကို ပိတ်ထားဆဲဖြစ်ကြောင်း သိရ

မြန်မာ-တရုတ် နယ်စပ်တွင် တရုတ်ဘက်မှ ဌာနအများစု ဖေဖော်ဝါရီ ၉ ရက်မှစတင်ပြီး လုပ်ငန်းစတင် လုပ်ကိုင်ကြသော်လည်း သစ်သီးပို့ကုန်များ၏ ထွက်ပေါက်ကို ပိတ်ထားဆဲဖြစ်ကြောင်း သိရ
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိနေသော ဖရဲသီးတင်ယာဉ်များကို တွေ့ရစဉ်
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိနေသော ဖရဲသီးတင်ယာဉ်များကို တွေ့ရစဉ်
Published 10 February 2020
နီလာ

မြန်မာ-တရုတ်နယ်စပ်တွင် တရုတ်ဘက်မှ ဌာနအများစု ဖေဖော်ဝါရီ ၉ ရက်မှ စတင်ပြီး လုပ်ငန်းစတင် လုပ်ကိုင်နေကြသော်လည်း သစ်သီးပို့ကုန်များ၏ ထွက်ပေါက်ကို ပိတ်ထားဆဲဖြစ်ကြောင်း မူဆယ်နယ်စပ် ကုန်သည်များထံမှ သိရသည်။

“တရုတ်ဘက်က ဌာနအတော်များများ မနေ့ကစပြီး လုပ်ငန်းခွင်စဝင်နေပြီလို့ ကြားရပါတယ်။ ဒါပေမဲ့ ခရီးသွားလာရေးကဏ္ဍ မဖွင့်နိုင်သေးတာက ကျွန်တော်တို့ သစ်သီးပို့ကုန်ရဲ့ ထွက်ပေါက်ကို ပိတ်ထားဆဲပါ။ အရောင်းအဝယ် ရှိလာပေမယ့် စျေးတန်းများက ကားခ၊ ထုပ်ပိုးမှု၊ အခွန်အခများ နုတ်လိုက်ရင် ဘာဆိုဘာမှ မကျန်တော့ပါဘူး။ ထူးခြားလာမယ့် အခြေအနေတွေကို ဆက်ပြီး စောင့်ကြည့်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ ဖရဲသီးများ ဆိုးချက်က တစ်စီးချင်းစျေးထက် အတွဲလိုက် စျေးဖြတ်နေတာတောင် တွေ့တယ်။ ဥပမာ-သုံးစွဲတွဲ ယွမ် ၂၀၀၀၀” ဟု မူဆယ်ရှိ ခွာညိုသစ်သီးပွဲရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း ခွာညိုသစ်သီးပွဲရုံ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် သစ်သီးဝလံကုန်စည်ဒိုင်၏ ဖေဖော်ဝါရီ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ သစ်သီးဝလံ ကုန်စည်ဒိုင်မှ ကောက်ခံနေသော ကုန်စည်ဒိုင်ကြေးများအား ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၃ ရက်အတွင်း ဝင်ရောက်သော ကားများအပေါ် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ထားသည်။

လိုအပ်ပါက ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့်ကို ရက်တိုးမြှင့် သတ်မှတ်ပေးမည်ဟု သိရသည်။

တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစျေးကွက် တုံ့ဆိုင်းမှုကြောင့် ဖရဲ၊ သခွားမွှေး ထုတ်ကုန်များအပေါ် ပြည်တွင်းစျေးကွက် အမြန်ဆုံး ရရှိရေးအတွက် ရန်ကုန်မြို့ရှိစျေးအချို့၌ ဆိုင်ခန်းဖွင့်လှစ် ရောင်းချရန်နှင့် မြို့တွင်း လှည့်လည်ရောင်းချရန် စီစဉ်ပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့နေသော ဖရဲ/သခွားမွှေး၊ သစ်သီးဝလံများ တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့မှု တုံ့ဆိုင်းနေသည့်အပေါ် ဖရဲ/သခွားစိုက်တောင်သူများ၊ လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေစေရေးနှင့် နစ်နာဆုံးရှုံးမှု နည်းပါးစေရေးအတွက် အရေးပေါ် ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း ၊  မြန်မာနိုင်ငံဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး စျေးကွက်တုံ့ဆိုင်းမှုကြောင့် ဖရဲ/သခွားမွှေး ထုတ်ကုန်များအပေါ် ပြည်တွင်းစျေးကွက် အမြန်ဆုံးရရှိရေးနှင့် ပြည်ပစျေးကွက် တိုးမြှင့်တင်ပို့နိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးမှ ‘တိုင်းရင်းသားသွေးချင်းတို့ရဲ့ပွဲတော်’ ကာလအတွင်း ဆိုင်ခန်းဖွင့်လှစ် ရောင်းချရေး၊ မြေပဒေသာကျွန်းတွင် ဖရဲ/သခွားပွဲတော် ကျင်းပရေး၊ တညင်းကုန်း လက်ကားစျေးတွင် သယ်ယူရောင်းဝယ်ရန် နေရာစီစဉ် ဆောင်ရွက်ပေးရေး၊ ရွှေပိတောက်ငါးစျေး (လှိုင်မြို့နယ်) တွင် သယ်ယူပို့ဆောင် ရောင်းဝယ်ရန် နေရာစီစဉ်ပေးခြင်း၊ ရတနာသီရိ ကုန်စိမ်းစျေး (ထောက်ကြန့်) အပေါ်ထပ်တွင် ရောင်းချရန် နေရာစီစဉ်ပေးခြင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ စျေးများအတွင်း ရရှိနိုင်မည့် နေရာများတွင် ဆိုင်ခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ Door to Door Service စနစ်ဖြင့် ရန်ကုန်မြို့တွင်း လှည့်လည်ရောင်းချရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း ပြောကြားသည်။

 

Most Read

Most Recent