ပြည်သူ ၃၀၀ ခန့် ဆန္ဒပြခဲ့ခြင်းအပေါ် ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် သတင်းစာရှင်းလင်း

ပြည်သူ ၃၀၀ ခန့် ဆန္ဒပြခဲ့ခြင်းအပေါ် ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် သတင်းစာရှင်းလင်း
ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် သတင်းစာ ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁၀ ရက်က ဝေါမြို့ ကန်တော်ရပ်ကွက် မီးသတ်ဓမ္မာရုံတွင် ပြုလုပ်စဉ်
ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် သတင်းစာ ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁၀ ရက်က ဝေါမြို့ ကန်တော်ရပ်ကွက် မီးသတ်ဓမ္မာရုံတွင် ပြုလုပ်စဉ်
Published 10 February 2020
မောင်အေး (ပဲခူး)

ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ်၂ လွှတ်တော်ကိုယ်စားလှယ်၏ လုပ်ဆောင်ချက်များကို ကျေနပ်မှုမရှိ ဟုဆိုကာ ကျေးရွာများ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ခြင်းနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ခံရသူ လွှတ်တော်ကိုယ်စားလှယ်က သတင်းစာ ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်ကဝေါမြို့ ကန်တော်ရပ်ကွက် မီးသတ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ပြီး ထောက်ခံသူ ပြည်သူ ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝေါမြို့နယ် တနော်ကျွန်း ကျေးရွာတွင် လျှပ်စစ်မီးသွယ်တန်းရေး ကိစ္စနှင့်ပတ်သက်၍ ကျေးရွာသားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပြဿနာဖြစ်ပွားပြီး ကျေးရွာသားများ ဖမ်းဆီးခံရခြင်း၊ ဝေါမြို့နယ် မြစ်ကျိုးကျေးရွာ စားကျက်မြေ အငြင်းပွားမှုတွင် စိုက်ပျိုးထားသော စိုက်ခင်းများအတွင်း ကျွဲနွားလွှတ်ကျောင်းသော ကျွဲနွားပိုင်ရှင်များ တရားစွဲဆို ဖမ်းဆီးခံရခြင်း၊ ဝေါမြို့နယ် ရှမ်းကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲခံရခြင်းများသည် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်ကြောင့် ဟုဆိုကာ ရွာသားများက မကျေနပ်၍ ဖေဖော်ဝါရီ ၅ ရက်က တိုင်းဒေသကြီး လွှတ်တော်ရုံးစိုက်ရာ ပဲခူးမြို့တွင် ကျေးရွာများ စုပေါင်း၍ လူအင်အား ၃ဝဝခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ဒေါ်ရီရီထိုက်အား ထောက်ခံသူ ပြည်သူများကလည်း ဒေါ်ရီရီထိုက်နှင့်အတူ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း သိရသောအခါ ဒေါ်ရီရီထိုက်က မိမိအနေနှင့် တရားဥပဒေနှင့်အညီ သတင်းစာ ရှင်းလင်းပေးမည်ဖြစ်ကြောင်း ပြောကြားပြီး ယခုကဲ့သို့ သတင်းမီဒီယာများ ဖိတ်ကြား၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မက ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေထောက်ခံမှုနဲ့ ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ က လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတာပါ။ ကျွန်မနယ်မှာ၂၀၁၅ တုန်းက မဲပေးပိုင်ခွင့် ၃၇၁၆၇ ဦး ရှိပါတယ်။ ထောက်ခံတဲ့ ဦးရေက၂၄၁၉၈ ဦးရှိပါတယ်။ မထောက်ခံတဲ့သူက ၁၁၄၄၇ ဦး ရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် ထောက်ခံသူ ၆၇ ဒသမ ၈၈ ရာခိုင်နှုန်းရှိပြီး မထောက်ခံတဲ့သူက ၃၂ ဒသမ ၁၂ ရာခိုင်နှုန်း ရှိပါတယ်။ ဆိုလိုတာက အဲဒီကတည်းက မထောက်ခံတဲ့သူ ရှိပြီးသားပါ။ ဆန္ဒပြတာလည်း ဒီမိုကရေစီစနစ်အရ ပြခွင့်ရှိပါတယ်။ ဒါပေမဲ့ ပြည်သူတွေကို သိစေချင်တာက အရင်တုန်းက နိုင်ငံတော်ရဲ့ မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်တဲ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ကို တစ်ဦးတစ်ဖွဲ့ကပဲ ချုပ်ကိုင်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်မှာ ဒီသုံးခုထဲက လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့် တာဝန်က ဥပဒေပြုရေးကို လုပ်ဆောင်ရတာပါ တရားစီရင်ခွင့် မရှိပါဘူး။ အဓိကက တရားဥပဒေအတိုင်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်တာဖြစ်ကြောင်း၊ အချို့သာ ဌာနဆိုင်ရာတွေက မရှင်းပြဘူး။ လွှတ်တော် ကိုယ်စားလှယ် တင်ပြလို့ လုပ်ရပါတယ်ဆိုပြီး ပြည်သူနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရန်တိုက်တယ်။ အချို့ကျွန်မကို ထောက်ခံတဲ့သူတွေက မှားလည်း စေတနာ အမှားပါလို့ ပြောကြပါတယ်။ ဒါကိုလည်း ကျွန်မလက်မခံပါဘူး။ ကျွန်မတို့ဆီမှာ စေတနာအမှားလည်း မှားလို့မရပါဘူး။ ကျွန်မမှာ အခုအချိန်ထိ ပြည်သူတွေနဲ့ ပတ်သက်ပြီး အမှားလုပ်ထားတာ မရှိလို့ အရေးယူ ခံထားရတာလည်း မရှိပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲနီးလို့ ကျွန်မကို ပြန်လည်အရွေးမခံရအောင် လုပ်တယ်လို့ ထင်ပါတယ်။ ထပ်ပြောပါမယ်။ ဒီမိုကရေစီစနစ် ပျက်သုဉ်းရေး လမ်းစဉ်တွေကို ပြုမူဆောင်ရွက်နေတာတွေ ဖျက်ဆီးတာတွေရှိနေရင် သမိုင်းပေး တာဝန်အရ ကျွန်မကတော့ ဥပဒေရဲ့ အကာအကွယ်ကိုယူပြီး လုပ်ဆောင်သွားမှာပါ” ဟု ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ်၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ပြောကြားသည်။

 

Most Read

Most Recent