စင်ကာပူနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာနှင့် တစ်အိမ်ထဲ အတူနေခဲ့သည့် အမျိုးသမီးအား ဝေဘာဂီ အထူးကု ဆေးရုံကြီးတွင် ခွဲခြားထားရှိပြီး ၎င်းနှင့်ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ်ခြင်း လုပ်ဆောင်ထား

စင်ကာပူနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာနှင့် တစ်အိမ်ထဲ အတူနေခဲ့သည့် အမျိုးသမီးအား ဝေဘာဂီ အထူးကု ဆေးရုံကြီးတွင် ခွဲခြားထားရှိပြီး ၎င်းနှင့်ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ်ခြင်း လုပ်ဆောင်ထား
Published 10 February 2020
ငြိမ်းငြိမ်းသူ

စင်ကာပူနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာနှင့် တစ်အိမ်ထဲ အတူနေခဲ့သည့် အမျိုးသမီးအား ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် စောင့်ကြည့်နေပြီး ၎င်းနှင့်ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ်ခြင်း လုပ်ဆောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

အဆိုပါ အမျိုးသမီး အတူနေထိုင်ခဲ့သူမှာ စင်ကာပူနိုင်ငံတွင် ပိုးတွေ့လူနာ ၄၁ ဦးမြောက်ဖြစ်ကြောင်း၊ ယင်အမျိုးသမီးတွင် လတ်တလော၌ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာများ မတွေ့ရှိရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

“စင်ကာပူကပြန်လာတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းဆိုရင် လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က သူအလုပ်လုပ်တဲ့အိမ်က အဖိုးအိုတစ်ယောက် အသက် ၇၀ ကျော် အဖိုးအိုက ချောင်းဆိုးပါတယ်တဲ့။ ချောင်းဆိုးတဲ့ အခါကျတော့ အမျိုးသမီးကို မြန်မာပြည်ကို ပြန်လွှတ်လိုက်တယ်ပေါ့။ မြန်မာပြည်ကို ရောက်လာတယ်။ တောင်ဒဂုံမှာ တည်းပါတယ်။ ကျွန်တော်တို့ ၉ ရက်နေ့ ၈ နာရီ ၅၅ မှာ စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာကနေ ကျန်းမာရေးဝန်ကြီးဌာကို သတင်းပေးပို့တာ ရှိပါတယ်။ အီးမေးလ်နဲ့ပို့တယ်။ ပို့တဲ့ခါကျတော့ သတင်းကိုရရခြင်းပဲ ချက်ခြင်းပဲ Health Declaration card ကိုပြန်ရှာပါတယ်။ တွေ့ပါတယ်။ တွေ့တော့ အဲဒီပါတဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပါတယ်။ အဲဒီအမျိုးသမီးကလည်း ဒီခရီးစဉ်ဟုတ်တယ်။ သူကလည်း နယ်ပြန်တော့မယ် အထုပ်အပိုးတွေကလည်း ပြင်ပြီးသွားပြီ။ အဲဒီအချိန် ရောက်သွားပြီးတော့ ဆွေးနွေးပြီး သူ့ကိုဆေးရုံမှာ Hospital Quarantine (ဆေးရုံတွင် ခွဲခြားထားရှိ၍ အသွားအလာ ကန့်သတ်ခြင်း) အဖြစ်ထားတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

အဆိုပါ ၂၉ နှစ်အရွယ် အမျိုးသမီးနှင့် ထိတွေ့ခဲ့သူများမှာ ၁၄ ဦးရှိပြီး ၎င်းတို့အား အိမ်မှာပင် သီးသန့်နေထိုင်ရန် ညွှန်ကြားထားပြီး ပြင်ပနှင့် ဆက်သွယ်ခြင်း မပြုလုပ်စေရန် ညွှန်ကြားထားကြောင်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ယင်းသတင်းများနှင့် ပတ်သက်ပြီး ပြည်သူများ အစိုးရိမ် မလွန်ကြစေရန်နှင့် သတင်းမှားများလည်း ထွက်ပေါ်နေကြောင်း ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

“စင်ကာပူက ပြန်လာတဲ့ အမျိုးသမီးငယ်တစ်ဦး အတင်းဖမ်းပြီးတော့ ဝေဘာဂီဆေးရုံ ပို့ရတယ်ဆိုပြီး တစ်ချို့မီဒီယာတွေမှာ မဟုတ်တာ ရေးနေတာတွေ ကျွန်တော်တို့ သိပါတယ်။ ပြည်သူလူထု အနေနဲ့လည်း ဒီလိုသတင်းမှားတွေအပေါ် အခြေခံပြီးတော့ စိုးရိမ်ကြောင့်ကြမှုတွေလည်း ရှိပါတယ်။ ဒါတွေကို စိုးရိမ်ကြောင့်ကြမှု မရှိဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

အဆိုပါ အမျိုးသမီးနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

Most Read

Most Recent