ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ခုနစ်ဦးကို ဗိုလ်တထောင်မြို့နယ်တရားရုံးက ပုဒ်မ ၆၆ (ဃ) ဖြင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမှတ်မည်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ခုနစ်ဦးကို ဗိုလ်တထောင်မြို့နယ်တရားရုံးက ပုဒ်မ ၆၆ (ဃ) ဖြင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမှတ်မည်
  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များအား ယခင်တစ်ပတ်က ရုံးထုတ်မှုမြင်ကွင်းကို တွေ့ရစဉ်
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များအား ယခင်တစ်ပတ်က ရုံးထုတ်မှုမြင်ကွင်းကို တွေ့ရစဉ်
Published 10 February 2020
             မျိုးထက်ပိုင်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခုနစ်ဦးကို ဗိုလ်တထောင်မြို့နယ်တရားရုံးမှ ပုဒ်မ ၆၆ (ဃ) ဖြင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်မှ တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅ (က)၊ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခုနစ်ဦးကို ဖေဖော်ဝါရီ ၁၀ ရက်က ဗိုလ်တထောင် မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

အဆိုပါရုံးချိန်းတွင် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခုနစ်ဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ ကိုငြိမ်းချမ်းစိုး၊ မကေခိုင်ထွန်းနှင့် မဆုရတနာမြင့်တို့မှာ တရားစီရင်ရေးကို သပိတ်မှောက်ထားသည့်အတွက် အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်းမရှိခဲ့ကြောင်း၊ ဥပဒေအရာရှိဘက်မှ အပြီးသတ်လျှောက်လဲချက်တင်ခဲ့ပြီး လာမည့်ရုံးချိန်း၌ အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

“တရားစီရင်ရေးကို သပိတ်မှောက်ထားတာဆိုတော့ ဘာမှမမေးပါဘူး။ ဥပဒေအရာရှိဘက်ကနေ အပြီးသတ်လျှောက်လဲချက်တင်တယ်။ အဲဒါပါပဲ” ဟု သံချပ်အဖွဲ့ဝင် ကိုပိုင်ရဲသူက ပြောကြားသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် လေးဦးကို မရမ်းကုန်းမြို့နယ်တရားရုံးက ၂၀၁၉ ဒီဇင်ဘာ ၁၁ ရက်တွင် ပုဒ်မ ၆၆ (ဃ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ခြောက်လချမှတ်ခဲ့ပြီး တရားစီရင်ရေးကို အယုံအကြည်မရှိသည့်အတွက် သပိတ်မှောက်သွားမည်ဟု သံချပ်အဖွဲ့ဝင်များက ပြောကြားပြီးနောက် ရှေ့နေပါ၀ါရုပ်သိမ်းကာ တရားရုံးနှင့် ပူးပေါင်းဆောင် ရွွက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခြောက်ဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ မကေခိုင်ထွန်းနှင့် မဆုရတနာမြင့်တို့ကို ပုဒ်မ ၅၀၅(က)အမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ကြောင်း၊ သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုငြိမ်းချမ်းစိုးမှာ ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်ခံရသော်လည်း ၄၇ လမ်းထောင့်တွင် သံချပ်ဖျော်ဖြေစဉ် အလုပ်ဆင်းနေရသည့်အတွက် လာရောက်ဖျော်ဖြေခဲ့ခြင်းမရှိကြောင်း သက်သေခံအထောက်အထား၊ ဓာတ်ပုံအထောက်အထားများဖြင့် ခိုင်ခိုင်မာမာထွက်ဆိုခဲ့သည့်အတွက် တရားသူကြီးက တရားသေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ကိုငြိမ်းချမ်းစိုးမှာ ပုဒ်မ ၅၀၅ (က) အမှုမှ တရားသေလွတ်မြောက်ခဲ့သော်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲ ဆိုခံထားရသည့်အတွက် အာမခံယူကာ အချုပ်လွတ်ဖြင့် တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ ထောင်ဒဏ်ချမှတ်ခံရသည့် သံချပ်အဖွဲ့ဝင်ခြောက်ဦးမှာ ချုပ်ရက်ထုတ်နုတ် ခံစားခွင့်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က တပ်မတော်မှ တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅ (က)၊ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်ငါးဦးကို မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။

 

တပ်မတော်က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခုနစ်ဦးကို ပုဒ်မ ၅၀၅ (က)အပါ အဝင် ပုဒ်မနှစ်ခုဖြင့် မေ ၂၀ ရက် ညနေပိုင်းတွင် ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်စဉ် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်နှင့် မကေခိုင်ထွန်းတို့ကို ရဲမေတစ်ဦးက တွန်းတိုက်ရာမှ စတင်ကာ ဝန်းရံသူများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှ ဝန်းရံသူငါးဦးကို ဝတ္တရားနှောင့်ယှက်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှုအပါအဝင် ပုဒ်မလေးခုဖြင့် မေ ၂၁ ရက်က ဗိုလ်တထောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

ထို့နောက် မေ ၂၂ ရက်တွင် ပုဒ်​မ ၃၃၂/ ၃၅၃/ ၁၈၆/ ၁၁၄ တို့ဖြင့် အမှုဖွင်​့ခံထားရသူ ၈၈ မ​ျုိးဆက်​ (ငြိမ်​း/ပွင်​့) မှ ​ဒေါ်နီလာသိန်​းအပါအဝင်​ ကိုနန်​းလင်​း၊ မရှားယမုံ၊ ကိုနိုင်​ကိုသူနှင်​့  ကိုမင်​းဟန်​ထက်​တို့ကို အာမခံပေးခဲ့ကြောင်း သိရသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်ငါးဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ် (ခ)ဖိုးသားနှင့် မကေခိုင်ထွန်းတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ကာ ဧပြီ ၁၈ ရက်က ပုဒ်မ ၅၀၅ (က)ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မရမ်းကုန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသည့် ငါးဦးအပြင် သံချပ်အဖွဲ့ဝင် ကိုငြိမ်းချမ်းစိုးနှင့် မဆုရတနာမြင့်တို့နှစ်ဦးအား အများပြည်သူအကျိုးစီးပွား ပျက်ဆီးစေမှုပုဒ်မ-၅၀၅(က)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆ (ဃ) ဖြင့် မေ ၆ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။

ထို့ပြင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် လေးဦးကိုလည်း တပ်မတော်က ၆၆ (ဃ) ဖြင့် မရမ်းကုန်းမြို့မရဲစခန်းတွင် ဧပြီ ၁၅ (သင်္ကြန်အကြတ်နေ့)တွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ဒေါင်းတို့မျိုးဆက်သံချပ်မှာမြောက် ဥက္ကလာပမြို့နယ်တွင် သံချပ်ဖျော်ဖြေပြီးသည့်အချိန်တွင် မရမ်းကုန်းမြို့မရဲစခန်းက ခေါ်ဆောင်သွားပြီး ရဲစစ်ဆေးချက်ရယူကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့တွင် ယခင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် လက်ရှိအဖွဲ့ဝင်များဖြင့် နိုင်ငံအတွင်း ဖြစ်ပျက်နေသည့် အကြောင်းအရာများကို သံချပ်ထိုးဖျော်ဖြေမှုကို ၂၀၁၂ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး နှစ်စဉ်သံချပ်ထိုးမည့် စာသားများကို သံချပ်ဆင်ဆာစိစစ်ရေးအဖွဲ့ထံ မတင်ပြခဲ့ကြောင်း သိရသည်။

ယခင်နှစ် သင်္ကြန်ကာလအတွင်းကလည်း ဆင်ဆာမတင်သည့် သံချပ်အဖွဲ့များကို ဖိတ်ကြားထားသည့် မဏ္ဍပ်များကို မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကအ ကြောင်းကြားပြီးမဏ္ဍပ်များတွင် ဖျော်ဖြေခွင့် ပိတ်ပင်ခံခဲ့ရကြောင်း သိရသည်။

 

                                           

 

Most Read

Most Recent