မန္တလေးမြို့သာ ဆေးခြောက်စိုက်ခင်းဖြစ်စဉ်မှ ဓာတ်ခွဲခန်းလက်ထောက်အကူဟုဆိုသူ မရွှန်းလဲ့မြတ်နိုး စွဲချက်မတင်မီ တရားရှင်လွတ်

မန္တလေးမြို့သာ ဆေးခြောက်စိုက်ခင်းဖြစ်စဉ်မှ ဓာတ်ခွဲခန်းလက်ထောက်အကူဟုဆိုသူ မရွှန်းလဲ့မြတ်နိုး စွဲချက်မတင်မီ တရားရှင်လွတ်
Published 10 February 2020
သတင်း/ ဓာတ်ပုံ - မင်းသန့်၊ မင်းလတ်

မန္တလေးမြို့သာ ဆေးခြောက်စိုက်ခင်းဖြစ်စဉ်မှ ဓာတ်ခွဲခန်းလက်ထောက်အကူဟုဆိုသူ မရွှန်းလဲ့မြတ်နိုးအား စစ်ဆေးပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်ကြောင်း မတွေ့ရှိရသဖြင့် စွဲချက်မတင်ဘဲ တရားရှင်လွှတ်ကြောင်း မြင်းခြံခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ပြီး စိုက်ခင်းတာဝန်ခံမန်နေဂျာ ရှိန်းလတ်အား ပုဒ်မသုံးခုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

''ရွှန်းလဲ့မြတ်နိုးကို ရာဇဝတ်ကျင့်ထုံး ၂၅၃ (၁) အရ စွဲချက်မတင်ပဲ တရားရှင်လွှတ်လိုက်တာပါ။ ကိုရှိန်းလတ်ကိုတော့ မူးယစ်ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၆ (က) ၂၀(က) ၁၆(ခ) တို့နဲ့ စွဲချက်တင်လိုက်တာပါ'' ဟု မြင်းခြံခရိုင် သတင်းပြန်ကြားရေး ဒုတိယတရားသူကြီး ဒေါ်ခင်သန်းက ပြောကြားသည်။

ယင်းအမှုတွင် အာမခံရရှိထားသည့် အမေရိကန်နိုင်ငံသားမှာ လက်ရှိအချိန်ထိ တရားရင်ဆိုင်ရန် တရားရုံးသို့ရောက်ရှိမလာခဲ့ပေ။

ဆေးခြောက်စိုက်ခင်းဖြစ်စဉ်တွင် အသက် ၂၃ နှစ်အရွယ် မရွှန်းလဲ့မြတ်နိုးမှာ ဓာတ်ခွဲခန်းလက်ထောက်အကူဟုဆိုကာ အမှုတွဲဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး ၎င်းမှာ အဆိုပါစိုက်ခင်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းမှာ ရက်သတ္တပတ်သုံးပတ်ခန့်သာ ရှိသေးကာ လစာပင် တစ်ခါမျှ ထုတ်ယူရခြင်း မရှိသေးသူဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်း စိုက်ပျိုးထားသည့် ဧက ၅၀ ခန့်ရှိ ဆေးခြောက်စိုက်ခင်းဖြစ်စဉ်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ထွက်ပေါ်မှုအရ မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ၂၀၁၉ ခုနှစ် ဧပြီ ၂၂ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ပြီး စိုက်ပျိုးပင်များအား နမူနာယူ ဓာတ်ခွဲစမ်းသပ်ရာ ဆေးခြောက် (Cannabis) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါစိုက်ခင်းမှာ အမေရိကန်နိုင်ငံ III M အာဟာရဆေးဝါးကုမ္ပဏီက ဇီဝလောင်စာနှင့် သဘာဝဆေးဖက်ဝင် လျှော်ပင်စမ်းသပ်စိုက်ပျိုးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် အမေရိကန်နိုင်ငံက တင်သွင်းသည့် သဘာဝဂုန်လျှော်မျိုးစေ့ United States (Kompolti/AB Seeds) and EU (Kompolti/EU8) seeds ကို ၂၀၁၈ ခုနှစ် မေလခန့်မှစတင်ကာ တရားဝင် သုတေသနပြုလုပ်စိုက်ပျိုးနေခြင်းလည်း ဖြစ်သည်။

 

Most Read

Most Recent