ရန်ကုန်မြို့ ယနေ့နံနက်ပိုင်း လေထုအရည်အသွေး တိုင်းတာချက် (AQI) ၁၉၂ ရှိပြီး သမိုင်းတစ်လျှောက် အမြင့်မားဆုံးဖြစ်ကာ ဘန်ကောက်နှင့် ပေကျင်းမြို့များထက် ပိုမိုမြင့်မားခဲ့

ရန်ကုန်မြို့ ယနေ့နံနက်ပိုင်း လေထုအရည်အသွေး တိုင်းတာချက် (AQI) ၁၉၂ ရှိပြီး သမိုင်းတစ်လျှောက် အမြင့်မားဆုံးဖြစ်ကာ ဘန်ကောက်နှင့် ပေကျင်းမြို့များထက် ပိုမိုမြင့်မားခဲ့
Published 9 February 2020

ရန်ကုန်မြို့ ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်း လေထုအရည်အသွေး တိုင်းတာချက် (AQI) ၁၉၂ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ထုတ်ပြန်ခဲ့ပြီး သမိုင်းတစ်လျှောက် အမြင့်မားဆုံးဖြစ်ကာ ဘန်ကောက်နှင့် ပေကျင်းမြို့များထက် ပိုမို့မြင့်မားခဲ့ကြောင်း သိရသည်။

Air Quality Index (AQI) သည် နေ့စဉ်ရှူသွင်းနေသည့် လေမည်မျှသန့်စင်သည်ကို တိုင်းတာချက်ဖြစ်ပြီး AQI သည် အဓိက ညစ်ညမ်းစေသည့် ဓာတ်ငွေ့ ၅ မျိုးဖြစ်သော carbon minoxide, nitrogen dioxide, sulfur dioxide, ground level ozone နှင့် particulate matter ညစ်ညမ်းမူများအပေါ် ဆုံးဖြတ်ခြင်းဖြစ်သည်။

“နံနက်ပိုင်းဆိုရင် ရန်ကုန်လေထုက အနီရောင်အဆင့်ရှိတယ်။ နေ့လည်ဆိုရင် လိမ္မော်ရောင်အဆင့်မှာရှိတယ်။ ညနေပိုင်းဆို အဝါရောင် အဆင့်မှာရှိတယ်။ လေထုညစ်ညမ်းမှု ဒေတာတွေကို ယူပြီးတော့ လေထုအရည်အသွေးကို ကျွန်တော်တို့ Air Quality Yangon လူမူကွန်ရက် စာမျက်နှာမှာ နံနက်တစ်ခါ ညနေတစ်ခါ တင်ပေးတယ်” ဟု Air Quality Yangon မှ ကိုကျော်ဝေသွင်က ပြောကြားသည်။

ယခုကဲ့သို့ ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမူများ ဖြစ်ပေါ်ခြင်းသည် ဒီဇယ်ကားများ စက်ရုံအလုပ်ရုံများမှ ထွက်ရှိသည့် မီးခိုးများကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း စိမ်းလန်းအမိမြေအသင်းမှ ဦးဝင်းမျိုးသူက ပြောကြားသည်။

“ဒီဇယ်က အရည်အသွေး မကောင်းရင် ဆိုးတယ်။ ပုဂ္ဂလိကကသွင်းတဲ့ ဒီဇယ်အများစုကို သက်ဆိုင်ရာက စစ်ဆေးပေမယ့် အရည်အသွေး မပြည့်မှီတဲ့ စျေးသက်သာတာတွေ ရောပါလာတာမျိုးကို သေချာ စစ်ဆေးသင့်တယ်။ နောက်တစ်ချက်က စက်ရုံအလုပ်ရုံက စွမ်းအင်လိုအပ်ချက် ရှိတဲ့အတွက် ရတဲ့လောင်စာ သုံးတယ်။ ကျောက်မီးသွေး သုံးတာသုံးပေါ့။ သို့သော် ဒီထက်ပိုသန့်စင်တဲ့ မီးခိုးထွက်တာနည်းတဲ့ ရောနှောလောင်စာ သုံးရင်တော့ ဒီလိုမျိုးထွက်တာနည်းတယ်။ ရန်ကုန်လေထုက ဘန်ကောက်လေထုလောက် မဆိုးဘူး။ ယေဘူယျ ဘန်ကောက်က ပိုညစ်ပတ်တယ်။ ဒါပေမယ့် အချိန်နဲ့ ကွာတာပေါ့” ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။

လေထုအရည်အသွေး တိုင်းတာရာတွင် အရောင်ခြောက်မျိုး သတ်မှတ်ထားပြီး အစိမ်းရောင်အဆင့် ၀ မှ ၅၀ အထိသည် လေထုညစ်ညမ်းမှု မရှိကြောင်း အဝါရောင်အဆင့် ၅၀ မှ ၁၀၀ သည် လေထုညစ်ညမ်းမူအား ခံနိုင်ရည် နည်းပါးသည့် အချို့လူများအတွက် ကျန်းမာရေး ထိခိုက်နိုင်ဖွယ် အသင့်အတင့်ရှိကြောင်း လိမ္မော်ရောင်အဆင့် ၁၀၀ မှ ၁၅၀ သည် လေထုညစ်ညမ်းမူကို ခံနိုင်ရည် နည်းပါးသူများ ကျန်းမာရေး ထိခိုက်နိုင်ပြီး ယေဘူယျအားဖြင့် ကျန်းမာရေးအတွက် စိုးရိမ်စရာ မရှိကြောင်း အနီရောင်အဆင့် ၁၅၀ မှ ၂၀၀ သည် လူတိုင်းကျန်းမာရေး ထိခိုက်မှုမျိုး ကြုံတွေ့နိုင်ပြီး လေထုညစ်ညမ်းမူကို ခံနိုင်ရည်နည်းပါးသော အုပ်စုများ ကျန်းမာရေး ပိုမိုထိခိုက်နိုင်ကြောင်း ခရမ်းရောင်အဆင့် ၂၀၁ မှ ၃၀၀ သည် ကျန်းမာရေး အသိပေးချက် လူတိုင်းကျန်းမာရေး ပိုမိုထိခိုက်နိုင်ကြောင်း နီညိုရောင်အဆင့် ၃၀၁ မှ ၅၀၀ သည် ကျန်းမာရေးဆိုင်ရာ အရေးပေါ် သတိပေးရမည့် အခြေအနေဖြစ်ပြီး လူထုတစ်ရပ်လုံး ကျန်းမာရေး ထိခိုက်နိုင်ခြေ ပိုများကြောင်း သိရသည်။

 

Most Read

Most Recent