အတန်းပညာနည်းခဲ့သော်လည်း Dreadlocks Hair Style ပညာရှင်ဖြစ်လာသူ

အတန်းပညာနည်းခဲ့သော်လည်း Dreadlocks Hair Style ပညာရှင်ဖြစ်လာသူ
မိန်းကလေးတစ်ဦးအား Dreadlocks Hair Style ဆံပင်ကျစ်ပေးနေစဉ်
မိန်းကလေးတစ်ဦးအား Dreadlocks Hair Style ဆံပင်ကျစ်ပေးနေစဉ်
Published 9 February 2020
နေဝန်းထက်

သင်္ဃန်းကျွန်းမြို့နယ် ဘုရားလမ်း ဘတ်စ်ကားဂိတ်အနီးတွင်ရှိပြီး ကျိုက္ကစံစေတီတော်ကြီး တည်ရှိရာ နေရာနှင့် မလှမ်းမကမ်းရှိသည့် လူနေရပ်ကွက်တစ်ခုအတွင်း ဖြစ်သည်။

အအေးလှိုင်းဖြတ်ထားခြင်းကြောင့် ရန်ကုန်မြို့သည် ဆောင်းရာသီနှင့်တူသည့် ရာသီဥတုတစ်ခုကို ရှားရှားပါးပါးရရှိထား၏။ မွန်းလွဲချိန်သို့ရောက်ရှိနေပြီ ဖြစ်သော်လည်း လူအများကတော့ အနွေးထည်များ ဝတ်ဆင်လျက် သွားလာလှုပ်ရှားနေသည်ကို တွေ့မြင်နိုင်သည်။

လက်ဖက်ရည်ဆိုင်များထဲတွင် စကားစမြည်ပြောနေကြသူများ သို့မဟုတ် ၎င်းတို့၏အလုပ်ကိစ္စများ ပြောဆိုနေသည်ဟု ထင်ရသူများရှိသကဲ့သို့ ဘတ်စ်ကားမှတ်တိုင်တွင်လည်း မိမိတို့ ပြုမူလုပ်ဆောင်ရန် ရှိသည်များ သွားရောက်လုပ်ဆောင်ရန်အတွက် ဘတ်စ်ကား စောင့်ဆိုင်းနေကြသူများစွာ ရှိနေပြန်သည်။

ပတ်ဝန်းကျင်၌ ရှိနေကြသည့် လူအများသည် သူတို့ ကိုယ်စီ လုပ်ဆောင်ရမည့်ကိစ္စရပ်များ ကိုယ်စီ ကိုယ်စီပြုမူလုပ်ဆောင်နေကြ၏။

ဘုရားလမ်း ဘတ်စ်ကားမှတ်တိုင်၏ ကျောဘက်ကပ်လျက်တွင် တည်ရှိသည့် လူနေအဆောက်အအုံတစ်ခုရှိ ပထမထပ်တိုက်ခန်း၌ အသက် ၂၅ နှစ်ခန့် အရွယ်ရှိမည့် လူငယ်တစ်ဦးသည် ရန်ကုန်မြို့၌ ကြုံခေါင့်ကြုံခဲ ကြုံတွေ့နေခဲ့ရသည့် အအေးဓာတ်ကိုပင် ဂရုမပြုနိုင်လောက်အောင် အလုပ်များလျက် ရှိနေသည်။ ၎င်းနေထိုင်ရာ ရပ်ကွက်အတွင်း၌ အအေးဓာတ်ကြောင့် လူအများက အနွေးထည်ကိုယ်စီ ဝတ်ဆင်ပြီး သွားလာလှုပ်ရှား နေခဲ့ကြသော်လည်း ၎င်းကတော့ အအေးဓာတ်ကို ရှိသည်ဟုပင် ထင်မှတ်ထားပုံမရပေ။ ထိုလူငယ်ရှိနေသည့် တိုက်ခန်းသည် ဆံသဆိုင်တစ်ခုကဲ့သို့ ပြင်ဆင်ထားပြီး တိုက်ခန်းအဝင်ဝ နံရံ၌ နာမည်ကျော် ရက်ဂေး ဂီတပညာရှင် ဘော့မာလေ၏ ပုံတူကို ချိတ်ဆွဲထား၏။ ထိုနေရာမှ ဆက်လက်၍ တိုက်ခန်းအတွင်း ဝင်ရောက်လာပါက ဆံသဆိုင်တစ်ခု အသွင်အပြင် ပြင်ဆင်ထားသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပြီး ထိုနေရာအနီးရှိ နံရံတစ်ခုအပေါ်တွင်မူ ဆန်းသစ်သည့် ဆံပင်ဒီဇိုင်းပုံစံများရှိသည့် လူများနှင့် ထိုလူငယ်တို့အတူ တွဲရိုက်ထားသည့် ဓာတ်ပုံများစွာ ရှိနေသည်။

ထိုဓာတ်ပုံများထဲမှ ဆံပင်ပုံစံ ခပ်ဆန်းဆန်းဖြင့် လူများတွင် နာမည်ကျော် အနုပညာရှင်အချို့လည်း ပါဝင်နေသည်။ ဓာတ်ပုံထဲမှ လူအားလုံးသည် ဆန်းသစ်သော ဆံပင်ပုံစံမျိုးဖြင့် ရှိနေကြပြီး ထိုလူငယ် ကိုယ်တိုင်သည်လည်း အလားတူ ဆံပင်ပုံစံမျိုးဖြင့်ပင် ဖြစ်သည်။

ထိုတိုက်ခန်းသည် သူသင်ယူ တတ်မြောက်ထားသည့် အနုပညာတစ်ရပ်ဖြစ်သော Dreadlocks ဆံပင်ဒီဇိုင်းပုံစံ ဖန်တီးခြင်းကို လုပ်ကိုင်သည့်နေရာဖြစ်သည်။ နံရံပေါ်တွင် ရှိနေသော ဓာတ်ပုံများထဲမှ လူများစွာတို့၏  Dreadlocks ဆံပင်ပုံစံများကို ကြည့်ပြီး ထိုလူငယ်သည် သူ၏အနုပညာကို သေသေသပ်သပ်ဖြင့် လှပစွာ ဖန်တီးတတ်သူတစ်ဦးဖြစ်ကြောင်း အကဲခတ်ဆုံးဖြတ်နိုင်မည်လည်း ဖြစ်သည်။

အလားတူပင် သူ၏ဆံပင်ပုံစံသည်လည်း Dreadlocks ပုံစံဖြစ်နေခြင်းက သူ၏ အနုအပညာသည် သူနှင့်အတူ ရှင်သန်နေသည်ဟု မြင်တွေ့ခံစားနိုင်၏။

ထိုလူငယ်၏ အမည်သည် ကိုဆက်နိုင်ထွန်းဖြစ်ပြီး သူ၏အနုပညာကို ဖန်တီးရာ တိုက်ခန်းအား Ko Satt ဟု အမည်ပေးထားသည်။                   

လက်ရှိတွင် သူသည် Dreadlocks Style ဆံပင်ပုံစံများကို လှပကျွမ်းကျင်စွာ ဖန်တီးနေသူတစ်ဦး ဖြစ်သော်လည်း အတိတ်ကာလဖြစ်သည့် သူ၏ ငယ်ဘဝတွင်မူ ထိုကဲ့သို့ မဟုတ်ခဲ့ပေ။ သူသည် ငယ်စဉ်က မြောက်ဥက္ကလာပမြို့နယ်၌ နေထိုင် ကြီးပြင်းခဲ့သူဖြစ်ပြီး မွေးချင်းမောင်နှမ သုံးယောက်ထဲမှ ဒုတိယမြောက် ဖြစ်သည့် သားလတ်ဖြစ်သည်။ သူသည် ဆင်းရဲသည့် အခြေခံလူတန်းစား မိသားစုမှ ပေါက်ဖွားလာခဲ့သူ တစ်ဦးလည်း ဖြစ်ပြီး မိသားစု၏ ကျပ်တည်းသော စီးပွားရေး အခြေအနေများကြောင့် သူသည်အခြေခံပညာ ကျောင်းသားဘဝအား ခပ်စောစောကပင် ဥပေက္ခာပြုလက်လွှတ်ခဲ့ရသည်။

“ ဘဝမှာ အလုပ်နဲ့ ပတ်သက်ရင် အမှတ်ရစရာတွေက ရှိတာပေါ့။ ဘာဖြစ်လို့ဆို ကျွန်တော်က ပညာ မတတ်ဘူးလေ။ အတန်းပညာက ခြောက်တန်းမှာထွက်လိုက်ရတာဆိုတော့ အဲဒီတုန်းကတော့ အသက်က ၁၁ နှစ်ပေါ့ ကလေးပေါ့။ မိဘတွေကလည်း မပြေလည်။ ဒါနဲ့ပဲ လုံးလည် ချာလည်လိုက်ရင်း ကျွန်တော့်အသက်  ၁၄ နှစ်လောက် ရောက်တော့ အလုပ်တစ်ခုရတယ်ဗျ။ အဲဒီတုန်းက ၂၀၀၈၊ ၂၀၀၉ တုန်းက ထင်တယ်” ဟု ကိုဆက်နိုင်ထွန်းက ဆိုသည်။

ခြောက်တန်းကျောင်းသားဘဝတွင် ကျောင်းထွက်လိုက်ရပြီးနောက် ကိုဆက်နိုင်ထွန်းသည် ကျပ်တည်းသော မိသားစု၏ အခြေအနေကြောင့် အလုပ်လုပ်ရန် လိုအပ်လာခဲ့ပြီး ကျောင်းမှ ထွက်ခဲ့ရပြီး သုံးနှစ်ခန့်အကြာ အသက် ၁၄ နှစ်အရွယ်တွင် ကတ္တူစက်ရုံတစ်ခု၌ သူ၏ ပထမဆုံးသော အလုပ်ရရှိခဲ့သည်။ သို့သော် လစာ ဝင်ငွေ သောင်းဂဏန်းပမာဏ အနည်းငယ်ခန့်သာ ရရှိသည့် ထိုအလုပ်သည် သူ၏မိသားစုအတွက် ပြောပလောက်သည့် ထောက်ပံ့နိုင်မှုမျိုးကို ရရှိနိုင်မည်မဟုတ်ပေ။

“ အဲဒီမှာ ကျွန်တော်အလုပ်ရတယ်ပေါ့။ လစာက ရက်မှန်ကြေးတွေ ဘာတွေအပါဆို သောင်းကျော် လောက်ပဲရတယ်။ မကြာပါဘူး ၁၀ ရက်လောက်နေတော့ ကျွန်တော် အလုပ်ထွက်လိုက်တယ်။ အလုပ်ထွက်တော့ ကျွန်တော့်လစာအနေနဲ့ တစ်သောင်းနှစ်ထောင်ရတယ်။ ကျွန်တော့်အတွက် အဲဒီအလုပ်က ပထမဆုံးပဲ မှတ်မှတ်ရရပါပဲဗျာ” ဟု ကိုဆက်နိုင်ထွန်းက ပြောပြသည်။

ထိုနောက်ပိုင်း ဆယ်ကျော်သက်အရွယ် ကိုဆက်နိုင်ထွန်းသည် ကားပြုပြင်ဝပ်ရှော့တစ်ခု၌ ပညာသင်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ရပြီး အလုပ်အတွင်း၌ သင်ယူလိုစိတ်ပြင်းပြပြီး ဆရာသမားများအပေါ်တွင် လေးစားမှုများစွာထားရှိသည့် သူ၏စိတ်ထားကြောင့် ဆရာသမားများ၏ ချစ်ခင်မှုများကိုလည်း ရရှိခဲ့သည်ဟု ဆို၏။

ထိုအချိန်ကာလများတွင် သူ၏ မိသားစု၏ စီးပွားရေးကျပ်တည်းမှုသည် ပြင်းထန်ဆိုးရွားနေခဲ့ပြီး လောကဓံတရား၏ ဆိုးရွားသည့် အကြောင်းအရာများကသာ သူ၏မိသားစုအတွက် ရရှိနိုင်မည့် အရာများသဖွယ် ဖြစ်နေခဲ့ရသည်။ ဆင်းရဲမွဲတေမှုက သူတို့မိသားစု၏ ပျော်ရွှင်ခြင်းအတော်များများကို ဆွဲခွာထုတ်နေခဲ့သည်။

ကိုဆက်နိုင်ထွန်းတစ်ယောက် ကားဝပ်ရှော့၌ အလုပ်လုပ်ကိုင်ခဲ့သည်မှာ ၁၀ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဆင်မပြေမှုများကလည်း မိသားစုထံတွင် နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရဆဲ။ ကံကောင်းခြင်းဟု ခေါ်ရမည့် အရာများက ပျောက်ဆုံးနေဆဲ၊ ဆယ်ကျော်သက် လူငယ်လေးအတွက် အခက်အခဲများကို ခါးစည်းခံရုံမှတစ်ပါး အခြားမရှိခဲ့ပေ။

သို့နှင့် အချိန်သည် ကျောခိုင်းပြီး ဆက်လက်ထွက်ခွာခဲ့ပြီးနောက် ကံကြမ္မာစက်ဝိုင်းက ကိုဆက်နိုင်ထွန်းထံ ကံကောင်းခြင်း အမှတ်တစ်ခုနှင့်အတူ ရောက်ရှိလာခဲ့လေသည်။

“ ဝပ်ရှော့မှာ ကျွန်တော်အလုပ်ရတယ်။ ကျွန်တော်က အလုပ်မှာ ဆရာတွေက ချစ်တယ်ပေါ့ဗျာ။ ဆရာတွေချစ်တာ ခံရတယ်။ ကျွန်တော်က သင်ယူစရာရှိရင် သေသေချာချာ လေးလေးစားသင်ယူတတ်တယ်။ မိသားစုကတော့ အခက်အခဲတွေ များစွာနဲ့ပေါ့ဗျာ။ အဲဒီလိုနဲ့ ၁၀ လလောက်ကြာတော့ ကျွန်တော် နိုင်ငံခြားက အစ်မတစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့တယ်။အဲဒီအစ်မက ကျွန်တော့်ဘဝရဲ့ကျေးဇူးရှင် ကျွန်တော့်ဆီကို ကံကောင်းခြင်းတွေ သယ်လာပေးတဲ့သူပါပဲ။ သူ့ကြောင့်သာ ကျွန်တော့်ဘဝ ပြောင်းလဲခဲ့ရတာ” ဟု ကိုဆက်နိုင်ထွန်းက ဆိုသည်။

ဝပ်ရှော့တွင် ၁၀ လခန့် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ကိုဆက်နိုင်ထွန်းသည် နိုင်ငံခြား၌ နေထိုင်သည့် သူ၏ ဆွေမျိုး အစ်မတော်စပ်သူတစ်ဦးနှင့် အဆက်အသွယ်ရရှိခဲ့သည်။ အစ်မဖြစ်သူ၏ အကြံပေးမှု၊ ဆက်သွယ် ကူညီပေးမှုများကြောင့် ဆယ်ကျော်သက်ကောင်လေးအရွယ် ဆက်နိုင်ထွန်းသည် ဆံသပညာရပ်ကို သင်ယူနိုင်ရန် အခြေအနေများ ရရှိခဲ့သည်။ ခက်ခဲနေသည့် မိသားစုကို ကယ်တင်ပေးရန်နှင့် သူကိုယ်တိုင်၏ ဘဝရှေ့ရေးအတွက် အာမခံချက် ကောင်းစွာရှိနိုင်မည်ဟု သူယူဆခဲ့သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို သင်ယူရန် ကိုဆက်နိုင်ထွန်းသည် ဝပ်ရှော့မှ အလုပ်ထွက်ခဲ့သည်။

မြန်မာနိုင်ငံ၌ ရှိသည့် ဆံသပညာရှင်များအနက် နာမည်ကျော် ဆံသပညာရှင် တိုနီထွန်းထွန်းထံ၌ ဆံသပညာအား ကိုဆက်နိုင်ထွန်း ဆည်းပူးလေ့လာရန် အခွင့်အရေး ရရှိခဲ့ပြီ ဖြစ်သည်။

ဆရာသမားများပေါ်တွင် ရိုသေလေးစားစွာ ဆက်ဆံတတ်ပြီး ပညာကို အပတ်တကုတ်ကြိုးစား သင်ယူလိုသည့် သူ၏စိတ်ထားကြောင့် သူသည် နာမည်ကြီး ဆံသပညာရှင် တိုနီထွန်းထွန်းထံမှ အဖိုးမဖြတ်နိုင်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို သင်ယူတတ်မြောက်ခဲ့သည်။ ဆရာဖြစ်သူ တိုနီထွန်းထွန်းကလည်း သူ့အား တတ်မြောက်ထားသည့် ပညာရပ်များကို မခြွင်းမချန်သင်ကြားပေးခဲ့သည်။

ဆံသပညာရပ်ကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည့် ကိုဆက်နိုင်ထွန်းသည် သူ၏အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းမှု စတင်ပြုလုပ်နိုင်ခဲ့သည်။

သေသပ်သည့် လက်ရာ၊ စေတနာထားမှုများကြောင့် ကိုဆက်နိုင်ထွန်းထံတွင် လာရောက်ဆံပင်ညှပ်သူများစွာ ရရှိလာခဲ့သည်။ ပထမဆုံး အလုပ်အကိုင် ရရှိခဲ့ပြီးနောက် ငါးနှစ်ကျော်အကြာတွင် ကိုဆက်နိုင်ထွန်းသည် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု တတ်မြောက်ပြီးဖြစ်သည့်အပြင် ထိုပညာရပ်ဖြင့်ပင် အသက်မွေးဝမ်းကျောင်းမှုကို ပြေလည်စွာဖြင့် လုပ်ကိုင်နိုင်ခဲ့ပြီဖြစ်သည်။

“ ဆရာ တိုနီထွန်းထွန်းဆီမှာ ပညာသင်ခဲ့ပြီး ကျွန်တော် ပညာသင်အဖြစ် ဆိုင်တွေမှာ ဝင်ညှပ်တယ်။ ကျွန်တော်က ဆံပင်ညှပ်ပေးရင် လာညှပ်တဲ့သူတွေကို ဘယ်လို ပုံစံမျိုးနဲ့ လိုက်မလဲ အကြံပေးပြီး သူတို့နဲ့ လိုက်မယ့်ပုံစံတွေကို ညှပ်ပေးတယ်။ လူဆိုတာက မျက်နှာအကျတွေက မတူဘူးလေ။ ညှပ်တဲ့သူတွေက ဒီလိုပုံညှပ်မယ်။ ဒါပေမဲ့ ဒါက သူနဲ့မလိုက်ဘူးဆိုရင် မလှတော့ဘူးလေ။ အဲဒီတော့ သူ့ကို အကြံပေးတယ်။ ဒီလိုလေးဆိုရင် ပိုလိုက်မလားပေ့့ါ။ အဲဒီလိုနဲ့ ကျွန်တော့်ဆီကို By Name နဲ့ လာညှပ်တဲ့သူတွေ ရရလာခဲ့တယ်။ အဲဒီလိုမျိုး ကျွန်တော့်ပညာကို တန်ဖိုးထားပြီး ကျွန်တော့်ဆီ လာကြတဲ့အတွက် ကျွန်တော် တအားပျော်ရတယ်”  ဟု ကိုဆက်နိုင်ထွန်းက ပြောသည်။

ဆံသပညာရပ် သင်ယူဆည်းပူးခဲ့သည်မှာ ရှစ်နှစ်ခန့် အချိန်ကြာမြင့်လာပြီးနောက် ကိုဆက်နိုင်ထွန်းသည် နာမည်ရ ဆံသပညာရှင်တစ်ဦးအဖြစ် ရောက်ရှိလာခဲ့ပြီဖြစ်သည်။              

ထိုအချိန်များအတွင်း သူသည် မိတ်ဆွေ ဆံသပညာရှင်များနှင့်အတူ တွဲဖက်၍ ဆံသဆိုင်ဖွင့်ခြင်း သို့မဟုတ် ဆံသတိုင်တစ်ခုခုတွင် အလုပ်ဝင်ရောက်လုပ်ကိုင်ခြင်းများဖြင့် နေ့ရက်များကို ဖြတ်သန်းခဲ့သည်။ ထိုသို့ ဖြတ်သန်းခဲ့ရာမှ နေ့ရက်တစ်ခုတွင် သူ၏ဘဝအတွက် ကောင်းမွန်သည့် အချိုးအကွေ့တစ်ခုဖြစ်လာမည့် အခြေအနေတစ်ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတော့သည်။

“ ကျွန်တော် ဒီ Dreadlocks ကို ဘယ်ကသင်ခဲ့လဲဆိုရင် ဒီလိုဗျ။ တစ်ရက်မှာ အဲဒီတုန်းက ကျွန်တော် Gym ဆော့နေတာဆိုတော့ Gym မှာ ကပ္ပလီတစ်ယောက်ကို သွားတွေ့တယ်။ ဒီဘရားသားဆံပင်က Dreadlocks ပုံစံကိုမှ သူတို့ လူမျိုးတွေပုံစံအတိုင်း ဆံသားက ရေလည်လန်းနေရော။ ကျွန်တော်မနေနိုင်တော့ဘူး။ အဲဒီအစ်ကိုက ဘောလုံးသမား။ ကျွန်တော် ဒါနဲ့ သူ့ကို သွားပြောလိုက်တယ်။ ဘရားသားဆံပင်က  အရမ်းလန်းတယ်။ ကျွန်တော် ကိုင်ကြည့်လို့ရမလားဆိုတော့ သူကရပါတယ် ကိုင်ကြည့်ပါလို့ ပြောတော့ ကျွန်တော်လည်း သေသေချာချာ ကြည့်နေမိလိုက်တယ်” ဟု ကိုဆက်နိုင်ထွန်းက သူ၏ Dreadlocks ပညာရပ်ကို စတင်သင်ယူနိုင်မည့် အကြောင်းနှင့် ကြုံတွေ့ဖြစ်ခဲ့ပုံကို ပြောပြသည်။

ထို့နောက်တွင်တော့ ကိုဆက်နိုင်ထွန်းသည် လူမည်းနိုင်ငံခြားသား ဘောလုံးသမားထံမှ Dreadlocks Style ဆံပင်ပြုပြင်ဖန်တီးခြင်း ပညာရပ်ကို သင်ယူနိုင်ရန် ချဉ်းကပ်ခဲ့တော့သည်။

အတန်းပညာ တတ်မြောက်ခြင်းမရှိခဲ့သော်လည်း ပညာ၏တန်ဖိုးကို မြတ်နိုးတန်ဖိုးထားသည့်ကို ဆက်နိုင်ထွန်းသည် သူသင်ယူတတ်မြောက်လိုသည့် ပညာရပ်တိုင်းကို ရိုသေကျိုးနွံစွာဖြင့် သင်ယူခဲ့သည့်အပြင် ပညာရပ်ကိုလည်း မည်သည့်အခါမျှ တန်ဖိုးမဲ့စေခဲ့ခြင်းမရှိခဲ့ပေ။        

Dreadlocks Style ဆံပင်ပြုပြင်ဖန်တီးသည့် ပညာရပ်ကို သင်ကြားပေးခဲ့သည့် ဘောလုံးသမား လူမည်း နိုင်ငံခြားသားကိုလည်း ဆရာအဖြစ် သတ်မှတ်၍ ဉာဏ်ပူဇော်ခအဖြစ် သူဆံသပညာရပ်ဖြင့် ရှာဖွေထားခဲ့သည့် ချွေးနှဲစာများကို အသုံးချ၍ ဒေါ်လာငါးရာကျော် ဉာဏ်ပူဇော်ခ ပေးခဲ့သည်။

Dreadlocks Style ပညာသင်ယူခဲ့ပြီးနောက်တွင် ကိုဆက်နိုင်ထွန်းသည် ဆရာသမားများ ဖွင့်လှစ်ထားသည့် ဆံသဆိုင်များ၌ လစာမယူဘဲ ဆံပင်ညှပ်ခြင်းကို လုပ်ကိုင်ပေးခဲ့ပြီး Dreadlocks ဆံပင်ကျစ်ချင်သူများ လာရောက်သည့်အခါတွင်သာ သူ့အား လုပ်ဆောင်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ ထိုသို့ဖြင့် ကိုဆက်နိုင်ထွန်းသည် ဘဝကို ကြိုးစားမှုများဖြင့် ဖြတ်သန်းခဲ့ပြီး သူ၏ဘဝအတွက် အရေးပါလှသည့် ရွေးချယ်မှုတစ်ခု ပြုလုပ်ရန် အချိန်အခါ ရောက်ရှိလာတော့သည်။

“ ကျွန်တော် ဆိုင်တွေမှာ အလုပ်ဝင်လုပ်တယ်။ လစာတော့ မယူဘူး။ ဆရာသမားတွေရဲ့ ဆိုင်တွေမှာပေါ့။ ကျွန်တော်  ဆံပင်ညှပ်တဲ့သူတွေလာရင် ညှပ်ပေးမယ်။ ပြီးတော့ Dreadlocks ကျစ်မယ့်သူတွေလာရင်လည်း ကျွန်တော့်ကို ပေးလုပ်ခွင့်ပြုဖို့ပေါ့။ ဒါပေမဲ့ ကျွန်တော် ဆံပင်ညှပ်မယ့်သူနဲ့ Dreadlocks လုပ်မယ့်သူ ဆုံသွားရင် အရင်ညှပ်မယ့်သူကို ညှပ်ပေးလိုက်တယ်။ Dreadlocks က ကျတော့ အချိန်ယူရ တယ်။ ညှပ်တာကျ ခဏလေးကို။ ဒါပေမဲ့ ကျွန်တော်စဉ်းစားကြည့်တယ်။ ဒါကို လုပ်တော့မယ်ဆိုရင်တော့ ဆံသပညာရပ်ကို ခဏတော့ စွန့်လွှတ်ရတော့မယ်ပေါ့။ ကျွန်တော် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရတယ်” ဟု ကိုဆက်နိုင်ထွန်းက ဆိုသည်။

ကိုဆက်နိုင်ထွန်းသည် သူထပ်မံ ရွေးချယ်သင်ယူခဲ့သည့်Dreadlocks Style ပညာရပ်ကို လုပ်ကိုင်ရန်အတွက် ဆံသပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းခြင်း အလုပ်အကိုင်များကို ခေတ္တစွန့်လွှတ်ရန်  ဆုံးဖြတ်ခဲ့ရသည်။ ထို့နောက် သူ၏ ပထမဆုံးသော Dreadlocks ဆံပင်ပုံစံကို သူ၏ အသိမိတ်ဆွေတစ်ဦးအတွက် ပြုလုပ်ပေးခဲ့ရသည်။

သို့ရာတွင် ထိုသို့ပြုလုပ်ပေးရန်အတွက် သူကိုယ်တိုင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ကိုဆက်နိုင်ထွန်း၏ ပထမဆုံး Dreadlocks အနုပညာ ဖန်တီးနိုင်ရန် သုံးရက်တာမျှ အချိန်ယူခဲ့ရသော်လည်း သူ၏ကြိုးစား အားထုတ်မှုများအတွက် ထိုက်တန်သည့်အရာများကို ပြန်လည်ရရှိခဲ့ပေသည်။

“ ကျွန်တော် ပထမဆုံးDreadlocks လုပ်ပေးခဲ့တာက ကျွန်တော့် ညီလိုတစ်ယောက်ကိုပေါ့။ ဒီကောင့်ကို ညီလေး ဒီလိုမျိုးလုပ်မလားဆိုတော့  ဒီကောင်က အစ်ကိုလုပ်ပေးရင် လုပ်ချင်တာပေါ့ဆိုတာနဲ့ လုပ်ပေးဖြစ်သွားတယ်။ အဲဒီတုန်းက မှတ်မှတ်ရရ အချိန်သုံးရက်လောက် ယူခဲ့ရတယ်။ ကျွန်တော်လည်း တော်တော် စိတ်လှုပ်ရှားခဲ့ရတယ်။ လုပ်သာလုပ်ခဲ့ရတာ။ မလှဘူးဆိုရင်သွားပြီလေ။ ဒီကောင့်ကို လုပ်ပေးပြီးတော့ သူ့ကို ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်လိုက်တယ်။ ဖုန်းအစုတ်လေးနဲ့ ရိုက်ပြီးတော့ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်လက်ရာကို ကြိုက်သွားကြတော့ အဲဒီတုန်းကဆို နောက်လေးလလောက်အထိ အော်ဒါ မပြတ်သွားခဲ့ဘူး” ဟု ကိုဆက်နိုင်ထွန်းက ပြန်ပြောင်းပြောပြသည်။

ပထမဆုံးသော Dreadlocks Hair Style အနုပညာကို ဖန်တီးရာတွင် ကိုဆက်နိုင်ထွန်းအတွက် အချိန်ကြာမြင့်စွာ ယူခဲ့ရသော်လည်း နောက်ပိုင်းတွင်တော့ အချိန်တိုတစ်ခုအတွင်း သေသပ်ဆန်းသစ်လှပသည့် Dreadlocks ဆံပင်ပုံစံများကို ကိုဆက်နိုင်ထွန်းတစ်ယောက် ဖန်တီးလာနိုင်ခဲ့တော့သည်။

ထိုသို့ဖြင့် သူ့ထံ၌ နာမည်ကျော် Hip Hop Star တစ်ယောက် ဖြစ်သည့် G-Tone ၊ နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်သည့် စည်ဖြိုးစသည့် အခြားနယ်ပယ်များမှ အနုပညာရှင်များက Dreadlocks Hair Style ကို ဖန်တီးပေးရန် လာရောက်အပ်နှံခြင်း ရှိလာခဲ့သည်။            

ထို့ပြင် အခြားသော Dreadlocks Hair Style ကို ကြိုက်နှစ်သက်သူများစွာလည်း ကိုဆက်နိုင်ထွန်းထံ လာရောက်အပ်နှံခဲ့ကြပြီး နံရံပေါ်မှ ဓာတ်ပုံများစွာက သူသင်ယူခဲ့ပြီး ပြန်လည်ဖန်တီးနိုင်ခဲ့သည့် အနုပညာရပ်အတွက် အသီးအပွင့် သက်သေများ ဖြစ်သည်။

ကိုဆက်နိုင်ထွန်းသည် Dreadlocks ဆံပင်ပုံစံများ ဖန်တီးရာတွင် နာမည်ကျော် အနုပညာရှင်ပင်ဖြစ်စေ၊ အခြားမည်သူပင်ဖြစ်စေ ခွဲခြားခြင်းမရှိ ထိတ်လန့်ခြင်း၊ ဖိအားဝင်ခြင်းမရှိခဲ့ဘဲ သူ၏ အနုပညာရပ်ကိုသာ စိတ်ပါဝင်စားစွာ လုပ်ဆောင်ရင်း အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့လေသည်။ သူသည် အတန်းပညာ ခြောက်တန်းပင် အောင်မြင်ခဲ့ခြင်းမရှိ။ သူ၏ငယ်ဘဝသည် ခက်ခဲမှုများဖြင့် အတိပြီးနေခဲ့ရသည်။ သို့သော် သူလက်မလျှော့ခဲ့ပေ။ သူ၏ ကြိုးစားမှုများကြောင့် လက်ရှိအချိန်တွင် ကိုဆက်နိုင်ထွန်းသည် ဆံသပညာရပ်နှင့် Dreadlocks အနုပညာရပ်တို့ကို တတ်မြောက်နေသူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။ သူသည် တက္ကသိုလ်မှ ဘွဲ့ရတစ်ဦးမဟုတ်။ သို့သော် သူသည် အနုပညာရှင် တစ်ဦးတော့ ဖြစ်နေပြီ။                  

“ လူငယ်တွေအနေနဲ့ ကိုယ်ရည်ရွယ်ရာတစ်ခုကို ဝီရိယလည်း ရှိရမယ်။ ပြီးတော့ ကိုယ်သွားမယ့်လမ်းမှာ ဘယ်လိုမျိုးသွားရမလဲ။ ဘယ်လိုဆို အဆင်ပြေမလဲဆိုတဲ့ ဉာဏ်လည်း ရှိရမယ်။ ပြီးရင်တော့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ဇွဲလည်းရှိရမယ်။ ငါ ဒါကိုကျင့်မှာပဲဆိုပြီး အော်ဟစ်နေရုံနဲ့လည်း မရဘူး။ ရအောင် ကျင့်မယ်ဆိုတဲ့ ဇွဲလည်းရှိရမယ်။ ဒါဆိုရင် ကိုယ်ဖြစ်ချင်တဲ့အရာကို ရအောင် ယူနိုင်ကြမှာပါဗျာ။ ကျွန်တော်အခု အခက်အခဲတွေကြားကနေ ဒီဆိုင်ကို ဖွင့်လိုက်နိုင်တယ်။ နောက်ထပ်လည်း ထပ်သွားဖို့ ကျွန်တော်ကြိုးစားမယ်” ဟု ကိုဆက်နိုင်ထွန်းက ပြောပြသည်။  

 

 

Most Read

Most Recent