ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကာကွယ်တားဆီးရန် အဓိကအချက် နှစ်ချက်ကို ဝန်ကြီးဌာနများပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီအစည်းအဝေးနှင့် ကာကွယ်ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ အစည်းအဝေးတို့တွင် ထည့်သွင်းဆွေးနွေးမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နေပြည်တော်တွင် ပြုလုပ်သည့် ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိ နှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
အဆိုပါအချက်နှစ်ချက်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်သုံးခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် လေးခုမှ မြို့နယ် (၁၀) မြို့နယ်ရှိ ဝင်ထွက်သွားလာနေမှုများနှင့် ရောဂါသည် လူစုလူဝေးများပြားသည့် ပွဲလမ်းသဘင်များတွင် ပိုမိုကူးစက်ပျံ့ပွားနိုင်သည်ဖြစ်၍ ပွဲလမ်းသဘင်များကို ယခုကာလအတွင်း တတ်နိုင်သမျှ လျှော့ချခြင်း (social distention) ဖြင့် ရောဂါကူးစက်ပျံ့ပွားမှုများကို ကာကွယ်လျှော့ချနိုင်မည်ဖြစ်သည်ဆိုသည့် အချက်တို့ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြား သည်။
ယခုဖြစ်ပွားနေသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (၂၀၁၉-nCoV acute respiratory disease) ဖြစ်ပွားပျံ့ နှံ့မှုနှုန်းသည် တရုတ်နိုင်ငံ၌ နေ့စဉ်ဆက်လက် မြင့်မားနေသည်ကို တွေ့ရှိရသည့်အတွက် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ‘ပထမဦးစားပေးအရေးပေါ်’ ကိစ္စရပ်အနေဖြင့် အထူးရုပြု၍ ဆက်လက်အားထုတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ရောဂါပိုးသစ်ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကုထုံးသစ်များ စမ်းသပ်နေမှုသတင်းများကိုလည်း မျက်ခြည်မပြတ်စောင့်ကြည့်ရှု၍ မိမိတို့တွင်ရှိနေသော ဆေးဝါးများကို စုဆောင်းထားခဲ့သည်သာမက ဆေးဝါးအသစ်များ ထပ်မံလိုအပ်ပါကလည်း ချက်ချင်းဝယ်ယူ ဖြည့်တင်းရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများ၌ ကောလဟလသတင်းများ ဖြန့်ဝေနေမှုများကို ခြေဖျက်ရန်အတွက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲအနေဖြင့် လုပ်ဆောင်နေသည့် လုပ်ငန်းများနှင့် ထူးခြားဖြစ်စဉ်သတင်းများကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှ ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မဖြစ်ပွားစေရန်အတွက် အချို့အဖွဲ့အစည်းများမှာ စာမေးပွဲများနောက်ဆုတ်ခြင်း၊ အခမ်းအနားများ ကို နောက်ဆုတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
လတ်တလောတွင် မန္တလေးမြို့၌ကျင်းပမည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ရက်ရွှေ့ဆိုင်းကျင်းပမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဖေဖော်ဝါ ရီ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။















