ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အသေးစိတ်အစီရင်ခံစာရပိုင်ခွင့်မှာ ဥပဒေအရ ရပိုင်ခွင့်ဖြစ်ပြီး ကိုယ်စားလှယ်များထံ ဝေငှခြင်း၊ မဝေငှခြင်းကို ဝန်ကြီးချုပ်က ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အသေးစိတ်အစီရင်ခံစာရပိုင်ခွင့်မှာ ဥပဒေအရ ရပိုင်ခွင့်ဖြစ်ပြီး ကိုယ်စားလှယ်များထံ ဝေငှခြင်း၊ မဝေငှခြင်းကို ဝန်ကြီးချုပ်က ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဝေဖန်
ဇန်နဝါရီ ၂၂ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသတ္တမနေ့တွင် NLD ပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် ဆွေးနွေးစဉ်
ဇန်နဝါရီ ၂၂ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသတ္တမနေ့တွင် NLD ပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် ဆွေးနွေးစဉ်
Published 22 January 2020
ပြည့်ဖြိုးအောင်၊ ဆန်းထူးအောင်

ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အသေးစိတ်အစီရင်ခံစာရပိုင်ခွင့်မှာ ဥပဒေအရ ရပိုင်ခွင့်ဖြစ်ပြီး ကိုယ်စားလှယ်များထံ ဝေငှခြင်း၊ မဝေငှခြင်းကို ဝန်ကြီးချုပ်အနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။

ဇန်နဝါရီ ၂၂ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ယင်းကဲ့သို့ ဦးနေဘုန်းလတ်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ စာရင်းစစ်ချုပ်ရဲ့ အသေးစိတ်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေရပိုင်ခွင့်ဟာ ဥပဒေက ပေးထားတဲ့ရပိုင်ခွင့်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ဝေငှခြင်း၊ မဝေငှခြင်းနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုတာ ထင်ရှားပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ (အကျဉ်းချုပ်) သည် စာမျက်နှာ ၁၁၁ မျက်နှာပါဝင်ပြီး စာမျက်နှာ ၃၈၉ မျက်နှာပါဝင်သည့် အသေးစိတ်အစီရင်ခံစာကို အကျဉ်းချုပ်ထားခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က ထုတ်ပြန်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၂ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂၀၁၈ တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၂၅တွင် ပုဒ်မခွဲ (က) ၊ (ဂ)နှင့် (ဃ) တို့ကို ပြင်ဆင်အစားထိုးခဲ့ပြီး ပုဒ်မခွဲ (ဃ) မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များအနေဖြင့် မိမိ၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အစီရင်ခံတင်ပြသည်နှင့် တစ်ပြိုင်တည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အစီရင်ခံစာတင်ပြခြင်းဟူ၍ ပြင်ဆင်ထားကို တွေ့ရကြောင်း ဦးနေဘုန်းလတ်က ပြောကြားသည်။

“ စာရင်းစစ်ချုပ်အစီရင်ခံစာကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွေကို အစီရင်ခံတင်ပြတဲ့ပုံစံကို ပြောင်းလဲပြဋ္ဌာန်းလိုက်တာကို တွေ့ရမှာဖြစ်ပါတယ်။ မူလပြဋ္ဌာန်းချက်မှာဆိုရင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့်ဆိုပြီး ပြဋ္ဌာန်းထားဖြစ်ပြီး အဲဒီပြဋ္ဌာန်းချက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီချုပ်ထံသို့ တင်ပြသည်နဲ့တစ်ပြိုင်တည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကို တင်ပြခြင်းဆိုပြီးတော့ ပြင်ဆင်လိုက်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုပြင်ဆင်လိုက်တာဟာ ပြည်သူ့ဘဏ္ဍာကို စာရင်းစစ်ပေးနေတဲ့ စာရင်းစစ်ချုပ်နဲ့ ပြည်သူ့အာဏာ တိုက်ရိုက်သက်ရောက်နေတဲ့ လွှတ်တော်တွေကို အုပ်ချုပ်ရေးမဏ္ဍိုင် ကြားခံမထားဘဲ တိုက်ရိုက်ချိတ်ဆက်ပေးခြင်းဖြစ်ပြီး ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ စောင့်ကြည့်ချိန်ညှိခြင်းလုပ်ငန်းစဉ်ကို ပိုမိုအားကောင်းလာတဲ့ ပြင်ဆင်ချက်ဖြစ်တာကြောင့် ကြိုဆိုရမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

သို့သော်လည်း လက်ရှိရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ စာရင်းစစ်ချုပ်၏ အသေးစိတ်အစီရင်ခံစာကိုရရှိခြင်းမရှိဘဲ အကျဉ်းကိုသာ ရရှိခြင်းသည် ဥပဒေပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိခြင်းကို တွေ့ရကြောင်း ဦးနေဘုန်းလတ်က ပြောကြားသည်။

“ လွှတ်တော်ဆိုတာဟာ တစ်ဦးတစ်ယောက်တည်းကို ပြောတာမဟုတ်သလို ကော်မတီတစ်စုတစ်ဖွဲ့တည်းကို ပြောတာ မဟုတ်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဆိုတာဟာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်တဲ့ လွှတ်တော်ကြီးတစ်ခုလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာ အပိုဒ် ၅၇၉မှာ ပါဝင်တဲ့ စာရင်းစစ်ချုပ်ရဲ့ အသေးစိတ်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီကို ဝေငှပေးဖို့ဆိုတဲ့အကြံပြုချက်ကို ထောက်ခံပြီး လွှတ်တော်တာဝန်ရှိသူတွေအနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

ထို့ပြင် စာရင်းစစ်ချုပ်၏တာဝန်မှာ အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထု၏ဘဏ္ဍာငွေများကို မှန်ကန်စွာသုံးစွဲခြင်း ရှိ မရှိ စစ်ဆေးပေးရခြင်းဖြစ်ပြီး စာရင်းစစ်ချုပ်၏ တွေ့ရှိချက်များကို ဘဏ္ဍာငွေ၏ မူလပိုင်ရှင်ဖြစ်သည့် သိပိုင်ခွင့်ရှိကြောင်းကို အလေးနက်ထား ဆွေးနွေးလိုကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေအတိုင်း စာရင်းစစ်ချုပ်အနေဖြင့် ၂၀၁၈ (mini) ဘတ်ဂျက်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တို့၏ စာရင်းစစ်ချုပ်၏ အစီရင်ခံစာများကို ယခုလွှတ်တော်သက်တမ်းအတွင်း တင်သွင်းရန်လိုအပ်ကြောင်း ဦးနေဘုန်းလတ်က ပြောကြားသည်။

ပြည်သူ့ငွေစာရင်းကော်မတီ၏အစီရင်ခံစာ အပိုဒ် ၅၈၀ တွင် ကော်မတီ၏အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်  အဖွဲ့အစည်းဝင်များက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လာရောက်ဖြေကြားသင့်သည်ဟု ဖော်ပြချက်ကို အပြည့်အဝထောက်ခံကြောင်း ဦးနေဘုန်းလတ်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာကို စာရင်းစစ်ချုပ်ဥပဒေနှင့်လျော်ညီစွာ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်တွင် သက်ဆိုင်ရာအစိုးရနှင့် လွှတ်တော်ကို တစ်ပြိုင်တည်းတင်ပြခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များထံ ၂၀၂၀ ပြည့်နှစ် ဇန်နဝါ ရီ ၈ ရက်မှ အစီရင်ခံစာ (အကျဉ်းချုပ်) ကို ရရှိခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent