ICOE ၏ အပြီးသတ် အစီရင်ခံစာက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှု သို့မဟုတ် နေရပ်စွန့်ခွာ ထွက်ပြေးစေရမှုများ၌ မွတ်စလင် သို့မဟုတ် အခြားလူ့အသိုင်းအဝိုင်း တစ်ရပ်ရပ်ကို ဖျက်ဆီးပစ်ရန်ဟူသည့် ကြံရွယ်ချက် သို့မဟုတ် အစီအစဉ်ရှိကြောင်း သက်သေအထောက်အထား တွေ့ရှိရခြင်း မရှိဟု ပြောကြား

ICOE ၏ အပြီးသတ် အစီရင်ခံစာက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှု သို့မဟုတ် နေရပ်စွန့်ခွာ ထွက်ပြေးစေရမှုများ၌ မွတ်စလင် သို့မဟုတ် အခြားလူ့အသိုင်းအဝိုင်း တစ်ရပ်ရပ်ကို ဖျက်ဆီးပစ်ရန်ဟူသည့် ကြံရွယ်ချက် သို့မဟုတ် အစီအစဉ်ရှိကြောင်း သက်သေအထောက်အထား တွေ့ရှိရခြင်း မရှိဟု ပြောကြား
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များ တွေ့ဆုံနေစဉ် (ဓာတ်ပုံ - MOI)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များ တွေ့ဆုံနေစဉ် (ဓာတ်ပုံ - MOI)
Published 20 January 2020

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ အပြီးသတ် အစီရင်ခံစာက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှု သို့မဟုတ် နေရပ်စွန့်ခွာ ထွက်ပြေးစေရမှုများ၌ မွတ်စလင် သို့မဟုတ် အခြားလူ့အသိုင်းအဝိုင်း တစ်ရပ်ရပ်ကို ဖျက်ဆီးပစ်ရန်ဟူသည့် ကြံရွယ်ချက် သို့မဟုတ် အစီအစဉ်ရှိကြောင်း သက်သေအထောက်အထား တွေ့ရှိရခြင်း မရှိဟု ပြောကြားထားကြောင်း သိရသည်။

ICOE ဥက္ကဋ္ဌ Mr. Rosario G. Manalo နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ယနေ့ (ဇန်နဝါရီ ၂၀ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ တွေ့ဆုံကာ ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအား တင်သွင်းခဲ့ကြသည့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း ပေးအပ်ခဲ့သည်။

ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့များအား ဝင်ရောက်စုံစမ်းမှု ပြုလုပ်နိုင်ရန် တောင်းဆိုခဲ့သော်လည်း မြန်မာအစိုးရက ပယ်ချခဲ့ပြီး ပြည်ပနှင့် ပြည်တွင်းရှိ ပညာရှင်နှစ်ဦးစီ ပါဝင်သည့် ကော်မရှင်အဖွဲ့အား ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်က နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့ပြီး ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်ဆက်စပ်သည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းပေးထားခဲ့ခြင်း ဖြစ်သည်။

ICOE ၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဆက်နွှယ်သိုင်းဝိုင်းနေသော အချက်အလက်များနှင့် သမိုင်းနောက်ခံ၊ ၂၀၁၂ ခုနှစ် လူ့အသိုင်းအဝိုင်း အချင်းချင်း အကြမ်းဖက်မှုနှင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် လက်နက်ကိုင် ပဋိပက္ခများ၊ ICOE ၏ သက်သေအထောက်အထား စုဆောင်းရေးနှင့် အတည်ပြုရေးအဖွဲ့ (ECVT) ၏ တွေ့ရှိချက်များ၊ တာဝန်ခံရန် နည်းလမ်းများ၊ အဓိက လေ့လာစုံစမ်းမှုများနှင့် အကြံပြုချက် ၂၂ ချက်တို့ ပါဝင်သည်။

ICOE ၏ အဓိက လေ့လာစုံစမ်းမှုများ၌ ပါဝင်သည့် ခေါင်းစဉ်များမှာ ဇာတ်ကြောင်းများအကြား ကြီးမားသော ကွာဟချက်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူမျိုးစုလိုက် သုတ်သင်မှုနှင့် လူမျိုးတုံး သတ်ဖြတ်မှုတို့နှင့် ပတ်သက်သော စွပ်စွဲမှုများ၊ အင်အားအလွန်အကျွံ သို့မဟုတ် အချိုးအစား မမျှစွာ သုံးစွဲခဲ့မှု၊ မွတ်စလင်များကို အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးစေရမှု၊ ပြည်တွင်း၌ နေရပ်စွန့်ခွာ ထွက်ပြေးရသူများ၊ လူမှုရေးဆိုင်ရာ ပေါင်းစည်းမှု သို့မဟုတ် ညီညွတ်မှု ချို့တဲ့ခြင်း၊ ပဋိပက္ခနှင့် ပတ်သက်၍ အချက်အလက် ရှာဖွေရာ၌ အရည်သွေးဆိုင်ရာ ထိန်းချုပ်မှုနှင့် အပြည်အပြည်ဆိုင်ရာ တရားရုံးများ အစရှိသည်တို့ ပါဝင်သည်။

ယခုအစီရင်ခံစာတွင် ၁၉၇၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တို့၌ ဘင်္ဂလားဒေ့ရှ်သို့ လူများအစုလိုက် အပြုံလိုက် ထွက်ပြေးမှုနှင့် ၂၀၁၂ ခုနှစ်မှစတင်၍ ရခိုင်ပြည်နယ် ဖြစ်ပွားသော နောက်ထပ် သံသရာလည်မှုများကို ရည်ညွှန်းဖော်ပြထားသည်။

ICOE သည် လက်တွေ့မြေပြင်၌ အချက်အလက်များကို ရယူခဲ့ပြီး သက်ရောက်မှုရှိခဲ့သည့် လူ့အသိုင်းအဝိုင်းများထံမှ လည်းကောင်း၊ အကြမ်းဖက်မှုနှင့် ပတ်သက်၍ သက်သေခံများထံမှ လည်းကောင်း၊ အမျိုးမျိုးသော သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ လည်းကောင်း အဆိုပြုချက်များ စုဆောင်းခဲ့သည်ဟု ဆိုသည်။

ICOE ၏ အဖွဲ့ဝင်များသည် အချက်အလက်များ စုဆောင်းရန်အတွက် ရခိုင်ပြည်နယ်၊ ရန်ကုန်မြို့နှင့် နေပြည်တော်သို့ သွားရောက်ခဲ့ကြသည်။ ICOE သည် မွတ်စလင်များအပြင် ရခိုင်၊ မြိုနှင့် ဒိုင်းနက်လူမျိုးများ၊ စစ်ဘက်နှင့် ရဲဘက်ဝန်ထမ်းများ အပါအဝင် လူ့အသိုင်းအဝိုင်းမျိုးစုံမှ သက်သေ ၁၅၀၀ တို့နှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ရရှိနိုင်သော အချက်အလက်များနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အခြားနေရာများ၌ ဆောင်ရွက်ခဲ့သည့် စုံစမ်းစစ်ဆေးမှုများကို အခြေခံလျက် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နှင့် စက်တင်ဘာ ၅ ရက်အကြား လုံခြုံရေးတပ်ဖွဲ့၏ စစ်ဆင်ရေးများအတွင်း စစ်ရာဇဝတ်မှုများ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြည်တွင်းဥပဒေကို ချိုးဖောက်မှုများ ဖြစ်ပွားခဲ့ကြောင်း ICOE က ကောက်ချက်ချခဲ့သည်။

ယင်း ပြင်းထန်သည့် ရာဇဝတ်မှုများနှင့် ချိုးဖောက်မှုများကို လူအမျိုးမျိုးတို့က ကျူးလွန်ခဲ့ကြသော်လည်း မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြောင်း ယုံကြည်ရသည့် ကျိုးကြောင်းဆီလျော်သော ခိုင်မာသည့် အချက်အလက်များ ရှိသည်ဟု ICOE က ဆိုသည်။

ARSA အဖွဲ့၏ အစောပိုင်း တိုက်ခိုက်မှုများက အလွန်များပြားသော ရွာသားများ အရေအတွက်အား ထွက်ပြေးစေရမှု ဖြစ်စေခဲ့ပြီး မြန်မာလုံခြုံရေး တပ်ဖွဲ့များအား တုံ့ပြန်မှုပြုရန် လှု့ံဆော်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင် အချို့သည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအတွင်း အချိုးအစားမမျှသော အင်အားသုံးမှုမှတစ်ဆင့် အပြစ်မဲ့ရွာသားများကို သတ်ဖြတ်ခြင်းနှင့် ၎င်းတို့၏ နေအိမ်များကို ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြသည်ဟုလည်း ICOE ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

သို့သော် ICOE ၏ အပြီးသတ် အစီရင်ခံစာက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှု သို့မဟုတ် နေရပ်စွန့်ခွာ ထွက်ပြေးစေရမှုများ၌ မွတ်စလင် သို့မဟုတ် အခြားလူ့အသိုင်းအဝိုင်း တစ်ရပ်ရပ်ကို ဖျက်ဆီးပစ်ရန်ဟူသည့် ကြံရွယ်ချက် သို့မဟုတ် အစီအစဉ်ရှိကြောင်း သက်သေအထောက်အထား တွေ့ရှိရခြင်း မရှိဟု ပြောကြားထားသည်။

နိုင်ငံသားဆိုင်ရာ၊ တိုင်းရင်းသား မျိုးနွယ်စုဆိုင်ရာ၊ လူမျိုးစုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ အုပ်စုများအား တစ်ခုလုံးသော် လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော် လည်းကောင်း ဖျက်ဆီးပစ်ရန် ကြံရွယ်ချက်ဖြင့် သို့တည်းမဟုတ် လူမျိုးတုံးသတ်ဖြတ်မှုဟူသည့် နိုင်ငံတကာ ရာဇဝတ်မှုအတွက် လိုအပ်သော အခြားစိတ်ပိုင်းဆိုင်ရာ အနေအထားမျိုးဖြင့် ပြစ်မှုများကို ကျူးလွန်ခဲ့ကြသည်ဟု ယူဆလျက် အဆိုပြုရန်၊ ကောက်ချက်ချရန် လုံလောက်သော သက်သေအထောက်အထား မရှိဟု ICOE က ဆိုသည်။

လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကြံရွယ်ချက်ဖြင့် ယင်းလုပ်ရပ်များကို ကျူးလွန်ခဲ့သည်ဟု တစ်စုံတစ်ဦး အနေဖြင့် ကျိုးကြောင်း ဆီလျော်စွာ ကောက်ချက်ထုတ်ယူရန် ကျင့်ဝတ်ဆိုင်ရာ ပုံစံတစ်ရပ်နှင့် ပတ်သက်သော ညွှန်းဆိုနိုင်မှု မရှိကြောင်း ကော်မရှင် အဖွဲ့ဝင်များ၏ တွေ့ရှိချက်က ဖော်ပြနေသည်ဟု ဆိုသည်။

ယင်းအစီရင်ခံစာ အပြည့်အစုံသည် နောက်ဆက်တွဲအဖြစ် ပူးတွဲတင်ပြမှုပေါင်း ၃၁ မျက်နှာ အပါအဝင် စာမျက်နှာ ၄၆၁ မျက်နှာရှိသည်။

နောက်ဆက်တွဲအဖြစ် ပူးတွဲတင်ပြမှုများတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတို့ အနေဖြင့် နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် လိုအပ်သည့် အခြေခံတစ်ရပ်ပေးရန် အမှုတွဲဖိုင်ပေါင်း တစ်ဒါဇင်ကျော် ပါဝင်သည်။

မြန်မာအစိုးရအဖွဲ့နှင့် မြန်မာတပ်မတော်တို့သည် ကော်မရှင်၏ ယခုအစီရင်ခံစာမှ တွေ့ရှိချက်များကို ထည့်သွင်းစဉ်းစားလျက် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်ရမည်ဟုလည်း ICOE ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ICOE ၏ အစီရင်ခံစာ၌ ပူးတွဲဖော်ပြချက်များထဲတွင် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်၌ ARSA အဖွဲ့က တိုက်ခိုက်ခဲ့သည့် ရဲစခန်းနှင့် ရဲဌာန ၃၀ ကို ပြသထားသည့် မြေပုံလည်း ပါဝင်ခဲ့သည်။

 

Most Read

Most Recent