ငွေကြေးဖောင်းပွမှုနှင့် တိုင်းပြည်ဝင်ငွေတိုးမြှင့်မှုကို ထည့်သွင်းတွက်ချက်ပြီး ရိုးရှင်းသည့်စနစ်ဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် နှစ်စဉ်အခွန်တိုးမြှင့်နိုင်ရန် ပြင်ဆင်နေ

ငွေကြေးဖောင်းပွမှုနှင့် တိုင်းပြည်ဝင်ငွေတိုးမြှင့်မှုကို ထည့်သွင်းတွက်ချက်ပြီး ရိုးရှင်းသည့်စနစ်ဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် နှစ်စဉ်အခွန်တိုးမြှင့်နိုင်ရန် ပြင်ဆင်နေ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောင်းချလျက်ရှိသည့် ပြည်ပထုတ်စီးကရက်ဘူးများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောင်းချလျက်ရှိသည့် ပြည်ပထုတ်စီးကရက်ဘူးများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 11 January 2020
အိသဥ္ဇာကျော်

ငွေကြေးဖောင်းပွမှုနှင့် တိုင်းပြည်ဝင်ငွေ တိုးမြှင့်မှုကို ထည့်သွင်းတွက်ချက်ပြီး ရိုးရှင်းသည့်စနစ်ဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် နှစ်စဉ်အခွန်တိုးမြှင့် နိုင်ရန်ပြင်ဆင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု လျှော့ချရန် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ ပိုမိုပြည့်စုံသည့် ဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်းခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် တိုင်းပြည်ဝင်ငွေ တိုးမြှင့်မှုတို့ကို ထည့်သွင်းတွက်ချက်၍ ရိုးရှင်းသည့်စနစ်ဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် နှစ်စဉ် အခွန်တိုးမြှင့်ခြင်းဖြင့် ပြည်သူများ တတ်နိုင်သည့် စျေးနှုန်းမဖြစ်စေရန် တိုးမြှင့်ကောက်ခံခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ အပိုဒ်ခွဲ (၈) နှင့် လမ်းညွှန်တို့နှင့်အညီ ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းများကို ဥပဒေ၊ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း စသည့်နည်းဗျူဟာများကို လုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုမှာ တစ်နေ့တခြား တိုးတက်လျက်ရှိသည့်အပြင် ပစ္စည်းအမျိုးအစားစုံလင်ပြီး ထုတ်လုပ်မှုအရေအတွက် တိုးပွားလာသကဲ့သို့ ပစ္စည်းတန်ဖိုးမှာလည်း အာဆီယံနိုင်ငံများအကြားတွင် အနည်းဆုံးစျေးဖြင့် ဝယ်ယူရရှိနိုင်ကြောင်း၊ ပြည်တွင်း၌ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် အခါအားလျော်စွာ အခွန်တိုးမြှင့် ကောက်ခံသည့်တိုင်အောင် တက်လာသည့် စျေးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးလျက်ရှိနေကြောင်းနှင့်  မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှစ၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်သုံးစွဲမှု လျော့နည်းကျဆင်းရေးအတွက် ဥပဒေထုတ်ပြန်ပြီး ထိန်းချုပ်မှုများ ဆောင်ရွက်နေသော်လည်း ဥပဒေလိုက်နာစေရန် ပညာပေးမှုနှင့် ဥပဒေချိုးဖောက်မှုများကို အပြစ်ပေးအရေးယူမှု အားနည်းနေကြောင်း သိရသည်။

“ မြန်မာနိုင်ငံမှာက ဆေးလိပ်ရောင်းတဲ့အပေါ်မှာ မူတည်ပြီးကောက်တော့ တကယ်ထိရောက်မှုအရ ပြန်ကြည့်ရင် ၃၀ ရာခိုင်နှုန်းပဲ ထိရောက်မှုရှိတယ်။ ဆေးလိပ်က တန်ဖိုးကြီးလေ အခွန်နည်းလေဖြစ်နေတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ အခွန်ကောက်ခံနှုန်းက ၇၀ ရာခိုင်နှုန်း အထက်မှာရှိတယ်။ တစ်ကမ္ဘာလုံးအနေနဲ့ဆိုရင် အများစုကဆေးလိပ်ရဲ့ ၇၀ ရာခိုင်နှုန်းအထိ အခွန်ကောက်မှရမယ်လို့ ပြောထားတယ်။ ထိုင်းနိုင်ငံတို့မှာဆို ၇၀ ရာခိုင်နှုန်းကျော်ပါတယ်။ ဒီလိုဖြစ်လာအောင် သူတို့လည်း ၁၀  နှစ်လောက်ကြိုးစားခဲ့ရတယ်။ မြန်မာနိုင်ငံမှာက ဆေးလိပ်နဲ့ပတ်သက်ပြီး ပေါ်လစီလည်းမရှိဘူး။ တစ်နှစ်တစ်ခါသတ်မှတ်တဲ့ ဥပဒေသာလျှင် အခွန်ဥပဒေပဲလို့လုပ်ထားပြီး ရေရှည်အတွက်လုပ်ထားတာမျိုး မရှိသေးဘူး။ ဆေးလိပ်တစ်ဘူး ၁၀၀၀ ကျော်လည်း ၁၆ ကျပ်ပဲ အခွန်ရတယ်။ ဒီ့ထက်ပိုတိုးကောက်စေချင်တယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ စီးကရက်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် အမြတ်ခွန်၊  ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်ကောက်ခံခဲ့ကြောင်း၊ ထိုစဉ်က စီးကရက်အပေါ် ၇၅ ရာခိုင်နှုန်း၊  ဆေးပေါ့လိပ်အပေါ် ရာခိုင်နှုန်း ၂၀၊ ဆေးပြင်းလိပ်၊ ဆေးတံအမျိုးမျိုးအပေါ် ရာခိုင်နှုန်း ၂၀၊ ဗာဂျီးနီးယားပေါင်းတင်ပြီး ဆေးအပေါ် ၁၀ ရာခိုင်နှုန်း အသီးသီးကောက်ခံခဲ့ကြောင်းနှင့် စီးကရက်များအပေါ် ရောင်းချသည့်အရေအတွက် သိရှိနိုင်ရန် အခွန်တိမ်းရှောင်ခြင်း၊ မှောင်ခိုတင်သွင်းခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းတို့ကို ထိန်းချုပ်နိုင်ရန်အတွက် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရေး လုပ်ငန်းအစီအစဉ်ကို ၂၀၀၇ ခုနှစ် ဧပြီမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

 

Most Read

Most Recent