၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှု ၂၀၁၈ ခုနှစ်ထက် ကျပ် နှစ်ဘီလျံခန့် မြင့်တက်လာပြီး စုစုပေါင်း ကျပ် ၁၃ ဘီလျံကျော်ဖိုး အရောင်းအဝယ်ဖြစ်ပေါ်

၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှု ၂၀၁၈ ခုနှစ်ထက် ကျပ် နှစ်ဘီလျံခန့် မြင့်တက်လာပြီး စုစုပေါင်း ကျပ် ၁၃ ဘီလျံကျော်ဖိုး အရောင်းအဝယ်ဖြစ်ပေါ်
Published 5 January 2020

၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ၂၀၁၈ ခုနှစ်ကထက် ကျပ် နှစ်ဘီလျံခန့် မြင့်တက်လာပြီး စုစုပေါင်း ကျပ် ၁၃ ဘီလျံကျော်ဖိုး အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ နှစ်အလိုက်ထုတ်ပြန်သည့် အရောင်းအဝယ်ဖြစ်မှု စာရင်းအရ သိရသည်။

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ် ဆိုးရွားစွာကျဆင်းခဲ့ပြီး ရှယ်ယာအရောင်းအဝယ်ဖြစ်မှု ကျပ် ၁၁ ဘီလျံကျော်သာရှိခဲ့ကာ Block Trading အရောင်းအဝယ် ဖြစ်မှုတွင်လည်း ၂၀၁၇ ခုနှစ်ထက် ကျပ် ငါးဘီလျံခန့် ကျဆင်းခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင်မူ ၂၀၁၈ ခုနှစ်ထက် ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက နှစ်အလိုက် ထုတ်ပြန်သည့် အရောင်းအဝယ်ဖြစ်မှုစာရင်းအရ သိရသည်။

၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ၂၀၁၆ ခုနှစ်ကထက် ရာခိုင်နှုန်း ၇၀ ကျော် ကျဆင်းခဲ့သော်လည်း Block Trading (ရှယ်ယာ အရေအတွက် အမြောက်အများ အရောင်းအဝယ်ဖြစ်မှု) အရောင်းအဝယ်ဖြစ်မှုတွင်မူ ကျပ် ခုနစ်ဘီလျံကျော်ဖြစ်ပေါ်ကာ ယမန်နှစ်ထက် ရာခိုင်နှုန်း ၇၀ ကျော် မြင့်တက်ခဲ့သည်။ သို့သော် ၂၀၁၈ ခုနှစ်တွင် ပိုမိုကျဆင်းခဲ့ပြီး ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုတွင်သာမက Block Trading တွင်ပါ ကျဆင်းကာ ကျပ် ၂ ဒသမ ၅ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်ပေါ်မှုမှာ ၂၀၁၆ ခုနှစ်အတွင်း ကျပ် ၇၀ ဒသမ ၇၄ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်အတွင်း ကျပ် ၂၂ ဒသမ ၁၃ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်ကာ ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီတစ်ခု တိုးလာသကဲ့သို့ နေ့စဉ်အရောင်းအဝယ်ပြုသည့် အကြိမ်ရေ လေးကြိမ်အထိ တိုးမြှင့်ခဲ့သော်လည်း အရောင်းအဝယ် ကျဆင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း အစုရှယ်ယာ အရောင်းအဝယ်ဖြစ်မှုများ၌ FMI မှ ကျပ် ၄၄ ဒသမ ၅၇ ဘီလျံကျော်တွင် Block Trading ဖြစ်မှု ကျပ်သိန်း ၉၁၅၀၊ MTSH မှ ကျပ် ၂၄ ဒသမ ၉၆ ဘီလျံကျော်တွင် Block Trading ဖြစ်မှု ကျပ် ၁ ဒသမ ၂၄ ဘီလျံကျော်နှင့် MCB မှ ကျပ် ၁ ဒသမ ၂ ဘီလျံကျော်တွင် Block Trading ဖြစ်မှု ကျပ်သိန်း ၈၈၀ အထိပါဝင်ကာ အစုရှယ်ယာပေါင်း ၇၀၀၀၀ မှ ကျပ် ၂ ဒသမ ၂၅ ဘီလျံကျော် အရောင်းအဝယ် ဖြစ်ခဲ့ခြင်းဖြစ်သည်။ 

ထူးခြားမှုအနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း  FMI ရှယ်ယာများ Block Trading အရောင်းအဝယ်မရှိခဲ့ဘဲ MTSH မှ ကျပ် ၇ ဒသမ ၄ ဘီလျံကျော်တွင် Block Trading ဖြစ်မှု ကျပ် ၆ ဒသမ ၁၂ ဘီလျံကျော်နှင့် အများဆုံး Block Trading အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် MCB မှ စုစုပေါင်း အရောင်းအဝယ်ဖြစ်မှု ကျပ် ၆၄၄၂ သိန်းကျော်တွင် Block Trading ဖြစ်မှု ကျပ် ၃၃၄၉ သိန်းကျော်နှင့် FPB မှ ၇ ဒသမ ၂၅ ဘီလျံကျော်တွင် ၇၆၀၈ သိန်းကျော်ဖိုးအထိ Block Trading ဖြစ်ခဲ့ပြီး အစုရှယ်ယာပေါင်း ၁၆ သိန်းကျော် အရောင်းအဝယ် ဖြစ်ခဲ့သည်။ 

၂၀၁၈ ခုနှစ်တွင် FMI မှ ကျပ် လေးဘီလျံကျော် အရောင်းအဝယ်ဖြစ်ရာတွင် Block Trading ဖြစ်မှု ကျပ် ၅၆၈၄ သိန်းကျော်၊ MTSH မှ ကျပ် ငါးဘီလျံကျော်တွင် Block Trading ဖြစ်မှု ကျပ် ၁ ဒသမ ၉ ဘီလျံကျော်နှင့် MCB မှ ကျပ် ၂၄၃၉ သိန်းကျော်၊ FPB မှ ၁ဒသမ ၃၉၃ ဘီလျံကျော်နှင့် TMH မှ ကျပ် ၅၈၆ သိန်းကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ကာ MCB ၊ FPB နှင့် TMH တို့မှာ ၂၀၁၈ ခုနှစ်အတွင်း Block Trading ဖြစ်မှု လုံးဝမရှိခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင်မူ ကျပ် ၁၃ ဒသမ ၃၉ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး  Block Trading ဖြစ်မှု ကျပ် ၈ ဒသမ ၁၆ ဘီလျံ ဖြစ်ပေါ်ခဲ့သော်လည်း FPB နှင့် TMH တို့မှာ ၂၀၁၉ ခုနှစ်အတွင်း Block Trading ဖြစ်မှု လုံးဝမရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent