ကျပ် ၂၁ ဘီလျံကျော်ရထားတဲ့ စည်းကြပ်မှုလွတ် အခွန်၊ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းတွေကို တင်သွင်းခွင့်ပြုတဲ့ မော်တော်ယာဉ်နဲ့ ကျူးကျော်ဇုန်ဖြစ်နေတဲ့ စက်မှုဇုန်

ကျပ် ၂၁ ဘီလျံကျော်ရထားတဲ့ စည်းကြပ်မှုလွတ် အခွန်၊ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းတွေကို တင်သွင်းခွင့်ပြုတဲ့ မော်တော်ယာဉ်နဲ့ ကျူးကျော်ဇုန်ဖြစ်နေတဲ့ စက်မှုဇုန်
သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာသော ပြည်ပမှတင်သွင်းထားသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာသော ပြည်ပမှတင်သွင်းထားသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 5 January 2020
ဖြိုးဝေ

လက်ရှိ မြန်မာနိုင်ငံတော်မှာ အကြောင်းကြောင်းကြောင့် တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေကို အမှန်တရား၊ တရားမျှတမှုနဲ့ ရိုးသားပွင့်လင်းမှုတွေကို လက်ကိုင်ထား ဖြေရှင်းခြင်းအားဖြင့် အောင်မြင်စွာ ကျော်လွှားလွန်မြောက်နိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားခဲ့တဲ့ ရက်သတ္တပတ်မှာပဲ NLD အစိုးရလက်ထက်မှာ ပထမဆုံးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းပုံ ကျပ် ၁၀၀၀ တန် ငွေစက္ကူတွေကို ဖြန့်ဝေပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

တစ်ဖက်မှာဆိုလည်း အမေရိကန်နဲ့ အီရန်အကြား တင်းမာမှုတွေ ရှိခဲ့တာကြောင့် ကမ္ဘာ့ရေနံစျေးတွေ လှုပ်ခတ်ခဲ့တာတွေ့ရပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်တွေ အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစ နှစ်လမှာတင် ကျပ် ၂၁ ဘီလျံကျော် အခွန်ရလာတဲ့ စည်းကြပ်မှုက လွတ်ကင်းနေတဲ့အခွန်တွေအကြောင်း၊ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းတွေကို တင်သွင်းခွင့်ပြုလိုက်တဲ့ မော်တော်ယာဉ်အကြောင်းတွေနဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့က စက်မှုဇုန်တွေဟာ ကျုးကျော်ဇုန် ဖြစ်လာနေတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

 

နှစ်လအတွင်း ကျပ် ၂၁ ဘီလျံကျော် ရထားတဲ့စည်းကြပ်မှုက လွတ်ကင်းနေတဲ့အခွန်

စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေခေါင်းစဉ်နဲ့ အခွန်လျှော့ချ ကောက်ခံခဲ့ရာမှာဆိုရင် ၂၀၁၉ ခုနှစ် အောက်တိုဘာကနေ  နိုဝင်ဘာလကုန်အထိ ကောက်ခံရရှိငွေ ကျပ် ၂၁ ဒသမ ၄၇၈ ဘီလျံကျော် ရရှိထားတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။

ဒီစည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေခေါင်းစဉ်နဲ့ အခွန်ကောက်ခံရရှိမှုမှာဆို ၂၀၁၉ ခုနှစ် အောက်တိုဘာကနေ နိုဝင်ဘာလကုန်အထိ အိမ်ခြံမြေက ကောက်ခံရရှိမှုအဖြစ် ကျပ် ၁၀ ဒသမ ၅၂၁ ဘီလျံ၊ မော်တော်ယာဉ်က ကောက်ခံရရှိမှုအဖြစ် ကျပ် ၈ ဒသမ ၄၇၃ ဘီလျံ၊ အခြား (ရေယာဉ်/ မော်တော်ဆိုင်ကယ်အပါအဝင်) ၂ ဒသမ ၁၆၄ ဘီလျံနဲ့ စုစုပေါင်း ၂၁ ဒသမ ၄၇၈ ဘီလျံရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အရင်နှစ် ကာလတူဖြစ်တဲ့ ၂၀၁၈ ခုနှစ်အောက်တိုဘာက နေနိုဝင်ဘာလကုန်အထိ စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေခေါင်းစဉ်နဲ့ အခွန်ကောက်ခံရရှိမှုမှာဆိုရင် အိမ်ခြံမြေက ကောက်ခံရရှိမှုအဖြစ် ကျပ် ၄ ဒသမ ၈၄၇ ဘီလျံ၊ မော်တော်ယာဉ်က ကောက်ခံရရှိမှုအဖြစ် ကျပ် ၈ ဒသမ ၀၁၅ ဘီလျံ၊ အခြား (ရေယာဉ်/ မော်တော်ဆိုင်ကယ် အပါအဝင်) ၁ ဒသမ ၁၃၄ ဘီလျံ စုစုပေါင်း ၁၃ ဒသမ ၉၉၆ ဘီလျံ ရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေတွေအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန်နှုန်းထားတွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ လျှော့ချခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ လျှော့ချထားတဲ့ စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန်နှုန်းထားတွေက  တစ်ကျပ်ကနေ ကျပ်သိန်းတစ်ထောင်အထိ သုံးရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်အထက်ကနေ ကျပ် သိန်းသုံးထောင်အထိ ငါးရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်အထက်ကနေ ကျပ်သိန်းတစ်သောင်းအထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်သောင်း အထက်ကနေ ကျပ်သိန်းသုံးသောင်းအထိ ၁၅ ရာခိုင်နှုန်းနဲ့ ကျပ်သိန်းသုံးသောင်းအထက် ရာခိုင်နှုန်း ၃ဝပါ။

ဒီလိုမျိုး စည်းကြပ်မှုက လွတ်ကင်းနေတဲ့အခွန်တွေ ရရှိမှုကို ယှဉ်ကြည့်မယ်ဆိုရင်တော့ အခွန်စည်းကြပ်မှု အလွန်အမင်း လျှော့ချပေးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အခွန်ရရှိမှုက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အခွန်ရရှိမှုထက် ကျပ် ရှစ်ဘီလျံကျော်ပဲ ပိုခဲ့တာတွေ့ရလို့ အခွန်နှုန်း တွေလျှော့ချခဲ့မှုက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အမှန်တကယ် သက်ရောက်မှုဖြစ်စေပါ့မလားလို့ တွေးစရာဖြစ်သလို နှစ်လကိုမှ ကျပ် ၂၁ ဘီလျံကျော်နှုန်းပဲ ဆက်ရနေမယ်ဆို တစ်နှစ်မှာ ဘီလျံ ၁၃၀ လောက်ပဲ ရစရာအကြောင်းရှိ ပြီးတော့ ထူးထူးခြားခြား မြင့်တက်မလာဘူးဆိုရင်တော့ မအောင်မြင်တဲ့ အခွန်လွတ်ငြိမ်းခွင့်လို့ သတ်မှတ်ရတော့မလားဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်း တွေကို တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ မော်တော်ယာဉ်ပါမစ်

ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို မော်တော်ယာဉ် တင်သွင်းခွင့်ပြုသွားမှာဖြစ်ပြီး ပထမ အဆင့်အနေနဲ့ ညွှန်ချုပ်နဲ့အထက်၊ ဒုတိယအဆင့်အနေနဲ့ ဒုညွှန်ချုပ်နဲ့ လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူတွေကို ဆောင်ရွက်ပေးမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရဆို ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို မော်တော်ယာဉ် ရောင်းချပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ တင်သွင်းလိုတဲ့ မော်တော်ယာဉ်တွေကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်ပေးတဲ့ ပြည်ပကတင်သွင်းလာတဲ့ မော်တော်ယာဉ်တွေရဲ့  ထုတ်လုပ်တဲ့ခုနှစ် (Model Year) အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်အတိုင်း တင်သွင်းခွင့် ပြုသွားမှာဖြစ်ပါတယ်။

ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို မော်တော်ယာဉ် အရစ်ကျရောင်းချရေး အစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ပထမအဆင့်အနေနဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ အထက်အဆင့် ပြည်သူ့ဝန်ထမ်း၊ နိုင်ငံဝန်ထမ်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူဝန်ထမ်းတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရ လက်ထက်မှာဆိုရင်လည်း ငြိမ်းချမ်းရေးပါမစ်လို့ အမည်တွင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တင်သွင်းခွင့်ပြုခဲ့တဲ့ဖြစ်စဉ်က ဂယက်ရိုက်ခဲ့တာရှိနေပြီး ကျပ် သိန်း ၁၀၀၀၀ ကျော်တန် Rolls Royce ကားတွေကို ပြည်ပကနေ တင်သွင်းရာမှာ ပါမစ်တွေရောင်းစားကြလို့ ပါမစ်တစ်စောင် ကျပ်သိန်း ၅၀၀ ကနေ ကျပ် သိန်း ၁၅၀၀ အကြား ပေါက်စျေးဖြစ်ခဲ့လို့ ပါမစ်ဝယ်ပြီး တန်ဖိုးမြင့်ကားတွေ တင်သွင်းလုပ်စားခဲ့ကြတဲ့ ခွင်တွေအကြီးအကျယ် ဖြစ်ခဲ့သလိုမျိုး လက်ရှိမှာဆိုရင်လည်း ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပါမစ်ပေါက်စျေးက ကျပ်သိန်း ၅၀၀ ကနေ ကျပ်သိန်း ၁၅၀၀ အကြား ဆိုတဲ့ စျေးခေါ်သံတွေ ကြားလာနေရပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်းဆိုတဲ့ အသုံးအနှုန်းကို သုံးထားတာဖြစ်လို့ ဒုညွှန်ချုပ်၊ ညွှန်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဒုဝန်ကြီး၊ ဝန်ကြီး၊ ဒုသမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတဆိုတဲ့အပြင် အစိုးရက ဖွဲ့စည်းထားတဲ့ကော်မတီ၊ ကော်မရှင်အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအဆင့်က အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ စည်ပင်ကိုယ်စားလှယ်တွေစတဲ့ ပြည်သူ့လစာ၊ ရိက္ခာကို စားသုံးပြီး တာဝန်ထမ်းဆောင်နေသူအားလုံးကို ကားပါမစ်ပေးတာလားဆိုတဲ့ ယူဆချက်ကလည်း တွေးစရာဖြစ်လာပါတယ်။ ဒီလိုမျိုး ပါမစ်စျေးကွက်တွေ မဖြစ်လာအောင်၊ ပြည်သူ့ဝန်ထမ်းဆိုတဲ့ သတ်မှတ်ချက်မှာ ဘယ်သူတွေပါသလဲ ဆိုတာမျိုးတွေကိုတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ထုတ်ပြန်ပေးဖို့တော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်အဖြစ် မြင်နေရတာကိုလည်း ဝေဖန်သံတွေကနေ တွေ့မြင်နေရပါတယ်။

“ ရှေ့တစ်ပတ်မှာ အခွန်ကင်း လွတ်ခွင့်ရသည့် လုပ်သက်ရင့်ဝန်ထမ်း ကားပါမစ်တွေ ထွက်လာပါတော့မယ်။ မြန်မာပြည်မှာ ပြည်ပမှ တင်သွင်းလာတဲ့ကားအပေါ် ကောက်ခံတဲ့ အကောက်ခွန်ဂျူတီ၊ ကညနအခွန်အခက ကားအင်ဂျင် ပါ၀ါအပေါ်မူတည်ပြီး ကားတန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်းကနေ ၁၅၀ ရာခိုင်နှုန်း အထိရှိပါတယ်။ ဥပမာ ကားတန်ဖိုး ကျပ် သိန်း ၃၀၀ ဆိုရင် အခွန်အခက သိန်း ၃၀၀- ၄၀၀ ကျသင့်ပါတယ်။ အခုပါမစ်က အဲဒီအခွန်အခ သက်သာခွင့်ရရှိပါမယ်။ ဒါ့ပြင် ရန်ကုန်လိုင်စင်အတွက် အိုဟောင်း စလစ်ကပ်စရာ မလိုတဲ့အတွက် သိန်း ၁၀၀ ကျော်ထပ်ပြီး သက်သာပါတယ်။ အင်ဂျင်ပါ၀ါ ၁၅၀၀ စီစီကျော်ရင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကို ပေးသွင်းရမယ်။ ပထမတစ်နှစ်အတွင်း ပိုင်ရှင်အမည်ပြောင်းလဲလို့ မရပါဘူး။ ပထမအဆင့် ညွှန်ချုပ်နှင့် အထက်မှာ ၅၀၀ ဝန်းကျင် ရှိပါတယ်။ ဒုတိယအဆင့် ဝန်ထမ်းအားလုံး လုပ်သက် ၂၅ နှစ်နှင့် အထက်၊ ဝန်ထမ်းကောင်း လက်မှတ်ရသူတွေက စာရင်းပြုစုဆဲဖြစ်ပြီး အရေအတွက် ထောင်နဲ့ချီပြီး ရှိနိုင်ပါတယ်” လို့ မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။

 

ကျူးကျော်ဇုန်ဖြစ်လာတဲ့ စက်မှုဇုန်

“ ကျွန်တော်တို့ ရန်ကုန်တိုင်းမှာ စက်မှုဇုန် ၂၉ ဇုန်ရှိတယ်။ ကျွန်တော့်ဆီကို နိုင်ငံခြားသားတစ်ယောက် ရောက်လာတယ်။ စက်မှုဇုန်မမြင်ရဘူး။ ကျူးကျော်တဲတွေကချည်း ကွယ်နေတယ်။ တော်တော်ဝမ်းနည်းဖို့ ကောင်းတယ်။ “ ဟာ မင်းတို့စက်မှုဇုန်က တဲတွေချည်းပါ့လား” ၊ “ မဟုတ်ဘူး။ တဲရဲ့ နောက်မှာ စက်ရုံရှိပါတယ်” ။ ဘယ်လိုရှင်းမလဲ။ စက်မှုဇုန်က ကျူးကျော်ဇုန်ဖြစ်နေတယ်။ ဒါတွေကလည်း တော်တော့်ကို Image ကျတယ်။ နိုင်ငံရဲ့ Image ကို ကျတယ်။ အစိုးရတစ်ရပ်ဆိုတာ ဥပဒေနဲ့အညီ ရှင်းစရာရှိတာ ရှင်းရမယ်။ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ်။ တော်တော် ဝမ်းနည်းဖို့ ကောင်းတယ်” လို့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စက်မှုဇုန်တွေကို ကြည့်မယ်ဆိုရင် စက်မှုဇုန်လုပ်သားတွေအတွက် အိမ်ရာတွေ၊ မြေနေရာတွေ ထည့်သွင်းစဉ်းစားမှုမရှိတာနဲ့ နိမ့်ပါးတဲ့ လုပ်ခလစာ၊ မြင့်မားတဲ့ကုန်စျေးနှုန်းနဲ့ သွားလာရေးတွေ မလွယ်ကူတာ စရိတ်များပြားနေတာကြောင့် စက်မှုဇုန်တွေမှာ လုပ်သားအများစုက ကျူးကျော်နေတာပါ။

NLD အစိုးရလက်ထက် အာဏာရယူစ ၂၀၁၆ ခုနှစ်မှာဆိုရင် ကျူးကျော်တွေအတွက် အိမ်ရာတွေ၊ တိုက်ခန်းတွေ လုပ်ပေးမယ်လို့ ကြွေးကြော်ခဲ့ပြီး ကျူးကျော်အိမ်ထောင်စု ၁၆၀၀၀၀ ကျော်အတွက် စမတ်ကတ်တွေ ထုတ်ပေးခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ ဟုတ်ဟုတ်ငြားငြား လုပ်ဆောင်ပေးနိုင်မှု မရှိသလို ကျူးကျော်တွေကလည်း တိုးပွားနေဆဲဖြစ်တာကြောင့် စက်မှုဇုန်တွေက ကျူးကျော်လုပ်သားအရေးကိုလည်း အမြန်ဆုံးဖြေရှင်းနိုင်ပါစေ ဆန္ဒပြုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ် ချက်ကို ရပ်နားလိုက်ပါတယ်။

 

 

Most Read

Most Recent