ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီများ အခမ်းအနားတက်ရသည့် အခွင့်အရေးသာရှိ၍ အနည်းဆုံးတစ်နေရာ အနိုင်ရရေးကြိုးပမ်းရမည်ဟု SNLD ပါတီ ဒုတိယဥက္ကဋ္ဌ တိုက်တွန်း

ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီများ အခမ်းအနားတက်ရသည့် အခွင့်အရေးသာရှိ၍ အနည်းဆုံးတစ်နေရာ အနိုင်ရရေးကြိုးပမ်းရမည်ဟု SNLD ပါတီ ဒုတိယဥက္ကဋ္ဌ တိုက်တွန်း
ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ရွေးကောက်ပွဲအကြို ပြင်ဆင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမတိုင်မီ စကားဝိုင်း၌ ဦးစိုင်းညွန့်လွင် (ဝဲ-ဒုတိယ)အား တွေ့ရစဉ်
ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ရွေးကောက်ပွဲအကြို ပြင်ဆင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမတိုင်မီ စကားဝိုင်း၌ ဦးစိုင်းညွန့်လွင် (ဝဲ-ဒုတိယ)အား တွေ့ရစဉ်
Published 2 January 2020
ဉာဏ်လင်းထွန်း

လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွင် ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီများအနေဖြင့် အခမ်းအနားတက်ရသည့် အခွင့်အရေးသာရှိ၍ အနည်းဆုံးမဲဆန္ဒနယ် တစ်နေရာအနိုင်ရရေး ကြိုးပမ်းရန် လိုအပ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ပြည်သူ့ပါတီ (ရန်ကုန်တိုင်းဒေသကြီး) က ဦးစီးကျင်းပသည့် ရွေးကောက်ပွဲအကြို ပြင်ဆင်ရေးဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲမတိုင်မီ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ SNLD ပါတီဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်တို့ ပါဝင်သည့် စကားဝိုင်းတစ်ခုကျင်းပခဲ့ပြီး ယင်းစကားဝိုင်းတွင် ဦးစိုင်းညွန့်လွင်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“ လက်ရှိနိုင်ငံရဲ့ အခင်းအကျင်းက ထူးထူးဆန်းဆန်း အနိုင်မရတဲ့ ပါတီတွေဆိုရင် ချောင်ထိုးခံရတယ်။ အနိုင်မရတဲ့ပါတီတွေ အများကြီးရှိတယ်။ ၉၀ လောက်ရှိမယ်။ အဲဒါတွေ အားလုံးက ဒီနေ့ဆို လူရာသွင်းမခံရဘူး။ ဘာမှမလုပ်ရဘူး။ အဲဒီပါတီတွေက ဘာဖြစ်နေလဲဆိုတော့ အခုလွတ်လပ်ရေးနေ့ ပွဲတက်ဖို့လောက်၊ ပြည်ထောင်စုနေ့ ပွဲတက်ဖို့လောက်၊ ညစာစားပွဲတက်ဖို့လောက် အဲဒီလောက်ပဲ အခွင့်အရေးရှိကြတယ်။ ကျန်တာတော့ ဘာမှမလုပ်နိုင်ဘူး” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ထို့ကြောင့် ပြည်သူ့ပါတီအနေဖြင့်လည်း လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်နေရာ အနည်းဆုံးအနိုင်ရရေး ကြိုးပမ်းရန်၊ မဲဆန္ဒနယ် နိုင်နိုင်သမျှ အနိုင်ရရေးဆောင်ရွက်ရန် လိုအပ်သည်ဟု ၎င်းက အကြံပြု ပြောကြားသည်။

ယခင်သမ္မတဦးသိန်းစိန် လက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရွေးကောက်ပွဲ အနိုင်မရသည့် နိုင်ငံရေးပါတီများ ဆွေးနွေးမှုများတွင် ပါဝင်ခွင့်ပြုခဲ့သော်လည်း လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရွေးကောက်ပွဲ အနိုင်မရသည့် နိုင်ငံရေးပါတီများ ပါဝင်မှုအပေါ် ကန့်သတ်ချက်များ ပြုလုပ်ခဲ့သည်။

ထို့ပြင် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှု အားနည်းကြောင်း ဝေဖန်မှုများလည်း ရှိသည်။

ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ သေးငယ်နေခြင်းက မဖြစ်သင့်ကြောင်းနှင့် ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများအားကောင်းရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရသည် ဖြစ်စေ၊ အနိုင်မရသည်ဖြစ်စေ နိုင်ငံရေးပါတီ အချင်းချင်းကြား ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းများ ရှိမှသာတိုင်းပြည်၏ ဒီမိုကရေစီအုတ်မြစ် ခိုင်မာမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က မှတ်ချက်ပြုသည်။

“ လက်ရှိအစိုးရလက်ထက် နိုင်ငံရေးပါတီတွေ ပါဝင်ခွင့် အားနည်းတယ်ဆိုတဲ့ အမြင်တွေကလက်တွေ့အရ ပြောရရင် အရှိတရားလို့ပဲပြောရမယ်။ ဥပမာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်မရရင်တောင်မှ နိုင်ငံရေးပါတီအချင်းချင်း အကျေအလည် မျက်နှာချင်းဆိုင် ဆွေးနွေးတိုင်ပင်တဲ့ လုပ်ငန်းစဉ်မျိုးရှိရင် ပိုကောင်းတာပေါ့။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြဿနာတွေသည် နက်ရှိုင်းကျယ်ပြန့်တဲ့အတွက် ရှုထောင့်ပေါင်းစုံက သုံးသပ်နိုင်လေလေ ကောင်းလေပဲ” ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ပြီး လက်ရှိအာဏာရပါတီက နောက်ထပ် အစိုးရသက်တမ်းငါးနှစ်အတွက် ထပ်မံကြိုးစားမည်ဖြစ်သကဲ့သို့ အတိုက်အခံနိုင်ငံရေးပါတီများကလည်း အစိုးရနေရာအစားထိုးနိုင်ရေး အပြင်းအထန် ကြိုးပမ်းကြဖွယ်ရှိသည်ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ၉၁ ပါတီရှိခဲ့ပြီး လက်ရှိတွင် တည်ဆဲနိုင်ငံရေး ပါတီ ၉၈ ပါတီရှိနေသည်။

 

 

Most Read

Most Recent