သာမန်အခွန်ထမ်းများနည်းတူ အခွန်ပေးဆောင်ရန်လိုအပ်နေသော အနုပညာရှင်၊ အတတ်ပညာရှင် ပရော်ဖက်ရှင်နယ်များ

သာမန်အခွန်ထမ်းများနည်းတူ အခွန်ပေးဆောင်ရန်လိုအပ်နေသော အနုပညာရှင်၊ အတတ်ပညာရှင် ပရော်ဖက်ရှင်နယ်များ
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
Published 22 December 2019
လင်းလင်းခိုင်၊ စည်သူအောင်

အနုပညာရှင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်၊ စာရေးဆရာ၊ ပန်းချီဆရာ စသည့်အတတ် ပညာရှင်များ ဝင်ငွေခွန်ပေးဆောင်ရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးနှိုးဆော်ခဲ့သည်။ လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အခွန်စည်းကြပ်မှုခံယူရန် အသိပေးနှိုးဆော်ခြင်းဖြစ်ပြီး အခွန်ထမ်းဆောင်ကြသည့် ပညာရှင်များနှင့် ပေးဆောင်သည့်အခွန်ပမာဏကို ပြည်သူများသို့ အသိပေးကြေညာမည်ဟု ကြိုတင်အသိပေးခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အနုပညာရှင်၊ အတတ်ပညာရှင်များ အခွန်ထမ်းလာအောင် နှိုးဆော်သည့်အနေဖြင့် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး အခွန်ထမ်းဆောင်လာအောင် အကြိမ်ကြိမ် စည်းရုံးသော်လည်း အမှန်တကယ်ပေးဆောင်သူ နည်းပါးသည့်အတွက် အခွန်ရရေးအတွက် ကြိုးစားစည်းရုံး နေရဆဲဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။

ပြည်တွင်းအခွန်များဦးစီးဌာနက အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းများမှ ဝင်ငွေရရှိသူများသို့ အသိပေးနှိုးဆော်ထားခြင်းဖြစ်ပြီး အကျုံးဝင်သည့်ပုဂ္ဂိုလ်များမှာ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့်အနုပညာရှင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဗိသုကာ ပညာရှင်၊ သူနာပြု၊ ဆရာမ၊ ရှေ့နေ၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ပန်းပုဆရာ၊ စာရင်းကိုင်၊ စာရင်းစစ် စသည့် အတတ်ပညာရှင်များ ပါဝင်သည်။

အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းဆိုသည်မှာ မိမိကျွမ်းကျင်သည့်လုပ်ငန်းကို ဝန်ဆောင်ခရယူ၍ ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုတစ်ရပ်ဖြစ်သည်။ ဥပမာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ သူနာပြု၊ အနုပညာရှင်၊ စာရင်းစစ်၊ စာရင်းကိုင်၊ ဗေဒင်ဆရာ၊ ကျောင်းဆရာစသည့် ပညာရှင်တို့က အခကြေးငွေ ဝန်ဆောင်ခရယူလျက် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းကို ဆိုလိုခြင်းဖြစ်သည်။

မိမိတတ်ကျွမ်းသည့်ပညာကို အခြေခံပြီး လုပ်ကိုင်ခြင်းမှန်သော်လည်း နေ့စဉ် သို့မဟုတ် လစဉ်ပုံသေလုပ်ခ သို့မဟုတ် လစာရယူ၍ လုပ်ကိုင်ခြင်းဖြစ်လျှင် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေမဟုတ်ဘဲ လစာမှဝင်ငွေသာဖြစ်သည်ဟု သတ်မှတ်ထားသည်။

၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းမှရရှိသည့် ဝင်ငွေအပေါ်  ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ပြီးနောက် ကျန်ဝင်ငွေအပေါ် သတ်မှတ်အခွန်နှုန်းဖြင့် တွက်ချက်မည်ဖြစ်သည်။ အဆိုပါနှုန်းမှာ တစ်ကျပ်မှ ကျပ်သိန်း ၂၀ အထိ သုညရာခိုင်နှုန်း၊ ကျပ် ၂၀၀၀၀၀၁ မှ ကျပ် သိန်း ၅၀ အထိ ငါးရာခိုင်နှုန်း၊ ကျပ် ၅၀၀၀၀၀၁ မှ ကျပ်သိန်း ၁၀၀၀၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ် ၁၀၀၀၀၀၀၁ မှ ကျပ်သိန်း ၂၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ် ၂၀၀၀၀၀၀၁ မှ ကျပ်သိန်း ၃၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ် ၃၀၀၀၀၀၀၁ နှင့် အထက် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။

သက်ဆိုင်ရာဝင်ငွေနှစ်အတွက် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေများနှင့် ထိုနှစ်အတွင်း လုပ်ငန်းအတွက်ကုန်ကျသည့် စရိတ်များကိုဖော်ပြသည့် ဘဏ္ဍာရေး ရှင်းတမ်း (Financial Statement) တင်ပြရမည်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေကို တွက်ချက်ရာတွင် ဝင်ငွေရရှိရန် ကုန်ကျစရိတ်များနှင့် ပစ္စည်းတန်ဖိုးလျော့ငွေကို နုတ်ပယ်ခွင့်ရှိသည်။ ဝင်ငွေမှ ကုန်ကျစရိတ်ကို နုတ်ပယ်ပြီးသည့် အသားတင် ဝင်ငွေအပေါ် သက်သာခွင့်များ နုတ်ပယ်ပြီး သတ်မှတ်အခွန်နှုန်းဖြင့် အခွန်တွက်ချက်ခြင်း ဖြစ်သည်။ နုတ်ပယ်ခွင့်မရှိသောစရိတ်များမှာ မတည်စရိတ်၊ ကိုယ်ရေးကိုယ်တာစရိတ်၊ လုပ်ငန်းပမာဏနှင့် မမျှအောင်များသည့် စရိတ်တို့ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းသည် အတတ်ပညာ၊ အသိပညာကို အရင်းအနှီးပြု၍ လုပ်ကိုင်ရသဖြင့် လုပ်ငန်းသဘာဝကိုလိုက်၍ ကုန်ကျစရိတ် မတူကွဲပြားကြောင်း သိရသည်။ ဆရာဝန်တစ်ဦး၏စရိတ်နှင့် ရှေ့နေတစ်ဦး၏စရိတ် တူညီနိုင်မည် မဟုတ်ခြင်းကြောင့် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းအားလုံးနှင့် အကျုံးဝင်မည့် စရိတ်များကို ပုံသေသတ်မှတ်ပေးထားခြင်း မရှိကြောင်း သိရသည်။

ပညာရှင်များအနေဖြင့် သက်ဆိုင်ရာ အခွန်ရုံးများနှင့်ဆက်သွယ်၍ ဝင်ငွေခွန် ဥပဒေနှင့်အညီ အခွန်ဆိုင်ရာကိစ္စရပ်များ မပျက်မကွက် လိုက်နာဆောင်ရွက်ကြရန် ပြည်တွင်းအခွန်များဦးစီးဌာနက တိုက်တွန်း နှိုးဆော်ထားသည်။ ဆောင်ရွက်ရမည့် အခွန်ဆိုင်ရာကိစ္စရပ်များမှာ သက်ဆိုင်ရာ သုံးလပတ်အလိုက် ကြိုတင်ဝင်ငွေခွန်ပေးသွင်းခြင်း၊ ဆိုင်ရာဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ဝင်ငွေကြေညာလွှာ တင်သွင်းခြင်း၊ မိမိ၏ဝင်ငွေ အသုံးစရိတ်နှင့်ပတ်သက်သည့် အထောက်အထားများတင်ပြ၍ စည်းကြပ်မှုခံယူခြင်း၊ ကျသင့်အခွန်ကို သတ်မှတ်ကာလအတွင်း မပျက်မကွက်ပေးသွင်းခြင်းတို့ ဖြစ်သည်။

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း အခွန်စည်းကြပ်မှုအရ အခွန်ပေးဆောင်မှုကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ကဏ္ဍအလိုက် အခွန်ထမ်းဆောင်ကြသည့် ပညာရှင်များနှင့် ပေးဆောင်သည့် အခွန်ပမာဏကို ပြည်သူများသို့ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ကြိုတင်အသိပေး ကြေညာထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “ ဝင်ငွေခွန်နဲ့ ပတ်သက်လို့ အခုကြေညာထားတယ်ဆိုတော့ စောင့်ကြည့်ရဦးမှာပေါ့။ အခုအချိန်မှာ အနုပညာရှင်တွေအနေနဲ့ သိန်း ၅၀၀ တို့၊ သိန်း ၃၀၀ တို့ ထမ်းဆောင်တာတော့ ရှိလာပြီ။ အချိန်တစ်ခုတော့ စောင့်ကြည့်ရဦးမှာပါ။ အနုပညာရှင်တွေနဲ့ ပတ်သက်ရင်တော့ နှစ်တိုင်းလိုလို ရုပ်ရှင်အစည်းအရုံးကိုသွားတယ်။ One Stop Service သဘောမျိုး အခွန်ပေးဆောင်နိုင်ဖို့ လုပ်ပေးတယ်။ အခွန်ပညာပေးတွေ သွားလုပ်တယ်။ ရုပ်ရှင်အသိုင်းအဝိုင်းကတော့ အခွန်နဲ့ပတ်သက်ရင် အရမ်းအားနည်းတာရှိတယ်။ ဒါပေမဲ့လည်းပဲ နည်းနည်းလောက်တော့ အရင်ထက်စာရင် တိုးတက်လာတယ်။ သူတို့ပေး ဆောင်သင့်ပေးဆောင် ထိုက်တာထက်တော့ အများကြီးလျော့နည်းနေပါတယ်။ ကျွန်တော်တို့ကတော့ အခွန်ထမ်းဆောင်မှုနဲ့ ပတ်သက်လို့ ရှေ့နှစ်ပြီးရင် ထုတ်ပြန်ကြေညာမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့မှာလည်း အခွန်ထမ်းရဲ့ Right ဆိုတာရှိတယ်။ အသေးစိတ်တော့ ကြေညာခွင့်မရှိပါဘူး၊ ဒါပေမဲ့ အနီးဆုံးအနေအထားနဲ့ ကြေညာဖို့တော့ ရှိပါတယ်” ဟု ပြောကြားသည်။

ယခင်အစိုးရလက်ထက်ကစပြီး သာမန် ကုမ္ပဏီဝန်ထမ်းများပင် တစ်နှစ်လျှင် ဝင်ငွေခွန် ကျပ်သိန်းချီ ဆောင်နေသည့်အချိန်တွင် အနုပညာရှင်၊ အတတ်ပညာရှင်အများစုက အခွန်ထမ်းဆောင်ရန် ပျက်ကွက်သူ၊ ပေးဆောင်သင့်သော အခွန်ပမာဏထက် လျော့နည်းစွာ ပေးဆောင်သူများဖြစ်နေသည်။ ယခုနှစ်တွင် အနုပညာရှင်အချို့က ၎င်းတို့ ရုပ်ရှင်ကားမှရရှိသော ဝင်ငွေအတွက် ပေးဆောင်ခဲ့သော ကုန်သွယ်လုပ်ငန်းခွန် ပမာဏများကို ထုတ်ဖော်ပြောကြားလာခဲ့ပြီး ရုပ်ရှင်ကြည့် ပရိသတ်အများစုကလည်း လက်ခံကြိုဆိုခဲ့ကြသည်။

ဒါရိုက်တာခရစ္စတီးနားခီက “ ခရစ္စတို့ နိုင်ငံမျိုးမှာ အခွန်က အရမ်းအရေးကြီးတယ်။ ဒါကြောင့် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့၊ ခရစ္စက ဦးဆောင်သူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နိုင်တဲ့သူကိုပဲ ရှယ်ယာရှင်အဖြစ် လက်ခံခဲ့တယ်။ အခုဆိုရင် လုပ်ငန်းနဲ့ပတ်သက်လို့ ရုံတင်ပြသပြီးတဲ့အခါ ထွက်လာတဲ့စာရင်းဇယားမှန်အတိုင်းပဲ အခွန်ဆောင်ရမယ်။ ရှေ့မှာလည်း ရန်ကင်းအခွန်ရုံးမှာ အမှန်အတိုင်းပဲ အခွန်ဆောင်ခဲ့တယ်။ အဲဒီတုန်းက မုဒြာရဲ့ခေါ်သံနဲ့ ဥပါယ်တံမျဉ်နှစ်ကားပေါင်း သိန်း ၁၈၀၀ အခွန် ဆောင်ခဲ့တယ်။ ဥပါယ်တံမျဉ်ကတော့ ဝင်ငွေလည်းနည်းခဲ့တယ်၊ မုဒြာရဲ့ခေါ်သံကတော့ ပိုက်ဆံရခဲ့တယ်။ ပရိသတ်ကလည်း အားပေးတဲ့အတွက် ပိုက်ဆံပြန်ရခဲ့တယ်။ အဲဒီငွေကြေးကနေ အခွန်ဆောင်တယ်”  ဟု ပြောကြားသည်။

ဒါရိုက်တာ သြရသကလည်း  “ ကျွန်တော် တစ်ဦးတည်းအနေနဲ့ကတော့ နှစ်တိုင်းအတွက်ကျသင့်တဲ့ အခွန်ကို တိတိကျကျ ထမ်းဆောင်ပါတယ်။ ကျွန်တော်တို့အနုပညာရှင်တွေမှ မဟုတ်ဘူးပေါ့။ သက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်အလိုက် ရပ်တည်နေကြသူတွေက အခွန်ကို တိတိကျကျ ထမ်းဆောင်ကြမယ်၊ ဒီလိုထမ်းဆောင်လိုက်တဲ့ ငွေတွေကလည်း နိုင်ငံ့ဘဏ္ဍာတွေကို မှန်မှန်ကန်ကန် စီးဆင်းသွားမယ်ဆိုရင် နိုင်ငံအတွက် တကယ်လိုအပ်နေတဲ့ပညာရေး၊ ကျန်းမာရေးစတဲ့လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် အများကြီးအထောက်အကူ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒီအတွက် တိတိကျကျထမ်းဆောင်ကြဖို့တော့ အရေးကြီးပါတယ်” ဟု ဆိုသည်။

အနုပညာရှင်များ အခွန်ထမ်းဆောင်ရာ၌ ရုပ်ရှင်ပြသခြင်းနှင့် ဂီတဖျော်ဖြေပွဲကဲ့သို့ လုပ်ငန်းများတွင် ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်ရန်လိုအပ်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာန၏ သတ်မှတ်အခွန်နှုန်းဖြစ်သော ငါးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။ ကုန်သွယ်လုပ်ငန်းခွန်ကို ရုပ်ရှင်မင်းသား မင်းသမီးကဲ့သို့ ပါဝင်သရုပ်ဆောင်သူများ၊ အဆိုတော်ကဲ့သို့ ပါဝင်ဖျော်ဖြေသူများ ပေးဆောင်ရခြင်းမဟုတ်ဘဲ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူများ၊ ဂီတဖျော်ဖြေပွဲစီစဉ်သူများက ပေးဆောင်ရခြင်းဖြစ်သည်။ ထို့အတူ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူများ၊ ဂီတဖျော်ဖြေပွဲစီစဉ်သူများ၏ ရုပ်ရှင် သို့မဟုတ် ဂီတဖျော်ဖြေပွဲ ဝင်ငွေမှ ကုန်ကျစရိတ်ကိုနုတ်ပြီး ဝင်ငွေခွန် ပေးဆောင်ရန်လိုအပ်သော ပမာဏရှိပါက ဝင်ငွေခွန်ထမ်းဆောင်ရမည် ဖြစ်သည်။

7th Sense Creation မှ ဦးဝေမင်းအောင်က “ ကျွန်တော်တို့ ထုတ်လုပ်သူတွေအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်လို့ အခွန်ပေးဆောင်ရာမှာ ရုံဝင်ငွေရဲ့ ငါးရာခိုင်နှုန်းကို ပေးဆောင်ရပါတယ်။ ဝင်ငွေဆိုတာမှာ ဥပမာအနေနဲ့ ဇာတ်ကားတစ်ကားမှာ သိန်း ၁၀၀၀၀ ဝင်ငွေ ရတယ်ဆိုရင် ရုံရှင် ကားရှင် တစ်ဝက်စီခွဲရတယ်ဆိုရင် ထုတ်လုပ်သူက သိန်း ၅၀၀၀ ရတဲ့အခါ ငါးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်အဖြစ် သိန်း ၂၅၀ အခွန်ဆောင်ရပါတယ်။ မြတ်မြတ်မမြတ်မြတ် ကုန်သွယ်လုပ်ငန်းခွန် ဆောင်ရတာပါ။  နောက်တစ်ခုက ဇာတ်ကားရဲ့ ကုန်ကျစရိတ်က သိန်း ၄၀၀၀ ဖြစ်ပြီး ဝင်ငွေက သိန်း ၅၀၀၀ ရလာတဲ့အခါ ၁၀၀၀ ကျန်တဲ့အပေါ်မှာ ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်းအဖြစ် သိန်း ၂၅၀ ဆောင်ရပါတယ်။ ဒါကြောင့် သိန်း ၅၀၀၀ လောက်ဝင်ငွေရှိတဲ့ကားက အကြမ်းဖျင်း သိန်း ၅၀၀ လောက် အခွန်ဆောင်ရတယ်။ တကယ်လို့ သိန်း ၅၀၀၀ ဝင်ငွေရှိတဲ့ဇာတ်ကားက သိန်း ၇၀၀၀ လောက် ကုန်ကျမယ်ဆိုရင်တော့ ကုန်သွယ်လုပ်ငန်းခွန်ပဲ ဆောင်ရမှာဖြစ်ပြီး ဝင်ငွေခွန် မဆောင်ရဘူးပေါ့။ ကျွန်တော်တို့ 7th Sense ထုတ်လုပ်ရေးအနေနဲ့ဆို မနှစ်က ဘဏ္ဍာနှစ်မှာဆို မုန်းစွဲ၊ ကြောက်ကြောက်ကြောက်၊ တိမ်တိုက်တံတား၊ ပက်ပက်စက်စက်ညှို့ လေးကားအတွက် ကုန်သွယ်လုပ်ငန်းခွန် သိန်း ၂၃၀၀ ဆောင်ထားပါတယ်။ ဒီလေးကားမှာ မြတ်တဲ့ကားတွေ ရှိသလို ရှုံးတဲ့ကားတွေလည်း ရှိပါတယ်” ဟု ပြောကြားသည်။

ရုပ်ရှင်မင်းသား၊ ရုပ်ရှင်မင်းသမီး၊ အဆိုတော် စသည့်အနုပညာရှင်များသည် တစ်ဦးချင်းစီအလိုက် ဝင်ငွေခွန်ထမ်းဆောင်ရန် တာဝန်ရှိပြီး ဝင်ငွေမှကုန်ကျစရိတ်ကို နုတ်ပယ်နိုင်သည်။ ထိုသို့ ကုန်ကျစရိတ် နုတ်ပယ်ပြီးသောဝင်ငွေကို သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ဝင်ငွေအပေါ် အခွန်ပေးဆောင်ရန် လိုအပ်ပါက အခွန်ထမ်းဆောင်ရခြင်းဖြစ်သည်။

အနုပညာရှင်များအနက် ဝင်ငွေအများဆုံး ရရှိသော ရုပ်ရှင်မင်းသား၊ မင်းသမီးများ၏ဝင်ငွေကို အကြမ်းဖျင်းကြည့်ပါက A List စာရင်းဝင်မင်းသားတစ်ဦး၏တစ်နှစ်တာ ပျမ်းမျှဝင်ငွေမှာ ဇာတ်ကားတစ်ကားလျှင် ပျမ်းမျှ ကျပ်သိန်း ၅၀၀ မှ ၁၀၀၀ ကြားရှိပြီး တစ်နှစ်လျှင် အနည်းဆုံး သုံးကား၊ အများဆုံး ခြောက်ကားရိုက်ကူးပါက ဝင်ငွေကျပ်သိန်း ၆၀၀၀၊ ကြော်ငြာရိုက်ကူးခ ကျပ်သိန်း ၁၀၀ မှ ၁၅၀ ခန့်ရှိပြီး ပျမ်းမျှကြော်ငြာ ၃၀ ခန့် ရိုက်ကူးပါက ဝင်ငွေကျပ် သိန်း ၄၅၀၀၊ ပွဲ အခမ်းအနားတစ်ပွဲ တက်လျှင် ကျပ်သိန်း ၅၀ ခန့်ရမည်ဆိုပါက တစ်နှစ်လျှင် ပွဲ ၃၀ တက်ဖြစ်လျှင် ဝင်ငွေကျပ်သိန်း ၁၅၀၀ ရရှိမည် ဖြစ်ပြီး  အဆိုပါရရှိငွေများပေါင်းလိုက်ပါက A List စာရင်းဝင်မင်းသားတစ်ဦး၏ တစ်နှစ်တာပျမ်းမျှဝင်ငွေသည် ကျပ်သိန်း ၁၂၀၀၀ ခန့်ရှိမည်ဖြစ်သည်။

A List စာရင်းဝင်မင်းသမီးတစ်ဦး၏ တစ်နှစ်တာပျမ်းမျှဝင်ငွေအား အကြမ်းဖျင်း တွက်ချက်မည်ဆိုလျှင် ဇာတ်ကားတစ်ကားလျှင် ပျမ်းမျှကျပ် သိန်း ၃၀၀ မှ ၆၀၀ ကြားရှိပြီး တစ်နှစ်လျှင် ခြောက်ကားရိုက်ပါက  ဝင်ငွေ ကျပ်သိန်း ၃၆၀၀၊ ကြော်ငြာရိုက်ကူးခ ကျပ်သိန်း ၁၀၀ ဝန်းကျင် ရမည်ဆိုပါက ပျမ်းမျှကြော်ငြာ ၃၀ ခန့်ရိုက်ကူးလျှင် ဝင်ငွေကျပ် သိန်း ၃၀၀၀၊ ပွဲတစ်ပွဲတက်လျှင် ကျပ်သိန်း ၅၀ မှ ၁၀၀ ခန့်ရမည်ဆိုပါက တစ်နှစ်လျှင် ပွဲ ၃၀ တက်ဖြစ်လျှင် ဝင်ငွေ ကျပ်သိန်း ၁၅၀၀ မှ ၃၀၀၀ ကြား ရရှိမည်ဖြစ်ပြီး A List စာရင်းဝင် မင်းသမီးတစ်ဦး၏ တစ်နှစ်တာပျမ်းမျှ ဝင်ငွေသည် ကျပ်သိန်း ၁၀၀၀၀ ဝန်းကျင်ခန့် ပျမ်းမျှရရှိမည်ဖြစ်သည်။ ထိုသို့ ပျမ်းမျှနှုန်းထားဖြင့် တွက်ကြည့်မည်ဆိုပါက B List မင်းသားတစ်ဦး၏ ပျမ်းမျှဝင်ငွေသည် ကျပ်သိန်း ၅၀၀၀ ခန့်၊ B List မင်းသမီးတစ်ဦး၏ ပျမ်းမျှ ဝင်ငွေသည် ကျပ်သိန်း ၃၀၀၀ ခန့်ရရှိမည်ဖြစ်သည်။

အဆိုပါ ဝင်ငွေများရရှိရန် ကုန်ကျစရိတ်များနှင့် ပစ္စည်းတန်ဖိုး လျော့ငွေကို နုတ်ပယ်ပြီး ဝင်ငွေမှ ကုန်ကျစရိတ်ကို နုတ်ပယ်ပြီးသည့် အသားတင်ဝင်ငွေအပေါ် သက်သာခွင့်များ နုတ်ပယ်ကာ သတ်မှတ်ထားသော ဝင်ငွေခွန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းများမှ ဝင်ငွေရရှိသူများအနက် တစ်နှစ်လျှင် သိန်းသောင်းဂဏန်းဝင်ငွေရှိသော နာမည်ကျော် အနုပညာရှင်များ၊ သိန်းထောင်ချီ ဝင်ငွေရှိသော ဆရာဝန်များ၊ သိန်းရာချီ ဝင်ငွေရှိသော အင်ဂျင်နီယာများ၊ ရှေ့နေများရှိသော်လည်း ၎င်းတို့ထံမှ ဝင်ငွေခွန်ပေးဆောင်မှုမှာ သာမန် ဝန်ထမ်း၊ စျေးရောင်းသူများ၊ အသေးစား စီးပွားရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက လျော့နည်းလျက် ရှိသည်။

“ ကျွန်တော်တို့ရဲ့ ဝင်ငွေခွန်မှာ ခေါင်းစဉ် ခုနစ်ခု ရှိတာပေါ့၊ ခေါင်းစဉ်ခုနစ်ခုထဲမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုတာ ပရော်ဖက်ရှင်နယ်တွေကို ပြောတာပါ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ အနုပညာရှင် စသဖြင့်ပေါ့။ သူတို့တွေက များသောအားဖြင့် စိစစ်ဖို့လည်းနည်းနည်းခက်သလို လိုက်နာဆောင်ရွက်မှုလည်း အားနည်းတာ တွေ့ရတယ်။ မြန်မာနိုင်ငံ ဆေးကောင်စီသွားပြီးတော့လည်း ပညာပေးတွေလုပ်ထားသလို လိုအပ်ရင်လည်း One Stop Service တွေ လုပ်ထားတယ်။ ဒါပေမဲ့လည်း ဆရာဝန်တွေလည်း လိုက်နာမှုအားနည်းတယ်။ ဒါကိုလည်း ကျွန်တော်တို့ကြေညာဖို့ လုပ်နေပါတယ်။ တခြားနိုင်ငံတွေမှာလည်း အခွန်ထမ်းဆောင်မှုနဲ့ ပတ်သက်ရင် အရေးယူတာထက် အခွန်ထမ်းဆောင်လိုစိတ် ပိုများအောင်ပဲကြိုးစားတာက ပိုအရေးကြီးတာပေါ့။ နိုင်ငံတကာမှာ ကြည့်လိုက်ရင်လည်း အခွန်တိမ်းရှောင်တဲ့အတွက် ထောင်ဒဏ်ချလိုက်တယ်ဆိုတာက ထောင်ထဲမှာ သွားနေရတာမျိုးမဟုတ်ဘဲ ကြေညာခံရတဲ့အချိန်မှာရှက်ပြီးတော့ ပေးဆောင်လာတဲ့ သဘောမျိုးပေါ့။ ဒါလည်းပဲ ကျွန်တော်တို့ နိုင်ငံမှာ ပိုပြီးတော့ ဂရုစိုက်လာကြသလို ပြည်သူတွေ၊ မီဒီယာတွေကလည်း အခွန်ရှောင်တာကို လက်မခံဘူး၊ မကြိုက်ဘူးဆိုတာမျိုး ဖြစ်လာတဲ့အခါ နည်းနည်းတော့ ပြောင်းလဲလာပါတယ်။ ကျွန်တော်တို့ကလည်း ထပ်လုပ်သွားမှာတော့ Service and Enforcement ပေါ့။ Service လည်းကောင်း ကောင်းပေးရမယ်။ မလိုက်နာတဲ့သူကို Enforcement များများပေးလိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ လမ်းကြောင်းပေါ်ရောက်လာမှာပါ” ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ရရှိသော ၂၀၁၅-၂၀၁၆ စည်းကြပ်နှစ် အချက်အလက်များအရ မြန်မာနိုင်ငံတွင် အင်ဂျင်နီယာအလုပ်ဖြင့် အသက်မွေးသူ ၁၀၀၀၀၀ ခန့်ရှိသော်လည်း ဝင်ငွေခွန်ပေးဆောင်သူ ၁၀ ဦး ခန့်၊ ဆရာဝန်အလုပ်ဖြင့် အသက်မွေးသူ ၁၅၀၀၀ ခန့်ရှိသော်လည်း ဝင်ငွေခွန်ပေးဆောင်သူဦးရေ ၂၀၀၀ ခန့်၊ ရှေ့နေအလုပ်ဖြင့် အသက်မွေးသူ ၁၀၀၀၀ ဦးခန့်ရှိသော်လည်း ဝင်ငွေခွန်ပေးဆောင်သူ ၁၀၀၀ ခန့်၊ အနုပညာရှင် ၇၀၀၀ ခန့်ရှိသော်လည်း ဝင်ငွေခွန် ပေးဆောင်သူ ၃၀ ခန့်သာ ရှိနေသည်။

အနုပညာရှင်များ၏ ဝင်ငွေခွန်ထမ်းဆောင်မှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အနုပညာရှင် ၂၅ ဦးက ကျပ် ၂၆၅ သိန်းဝန်းကျင်၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် အနုပညာရှင် ၃၀ က ကျပ် ၃၈၂ သိန်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် အနုပညာရှင် ၃၄ ဦးက ကျပ်သိန်း ၃၆၀ ဝန်းကျင်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အနုပညာရှင် ၃၄ ဦးက ကျပ် ၃၃၅ သိန်း ဝန်းကျင်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အနုပညာရှင် ၂၆ ဦးက ကျပ် ၂၃၃ သိန်း အခွန်ဆောင်ခဲ့ခြင်းဖြစ်သည်။

အင်ဂျင်နီယာများ၏ ဝင်ငွေခွန်ထမ်းဆောင်မှုများမှာ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ် တွင် အင်ဂျင်နီယာ လေးဦးက ကျပ် ၁၄ သိန်း ကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အင်ဂျင်နီယာ ၁၈ ဦးက ကျပ် ၁၇ သိန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အင်ဂျင်နီယာ ၁၆ ဦးက ကျပ် ၇၀၀၀၀၀ ကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အင်ဂျင်နီယာကိုးဦးက ကျပ် ၇၅၀၀၀၀ ခန့်၊ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် အင်ဂျင်နီယာ ခုနစ်ဦးက ကျပ် ၅၅၀၀၀၀ ခန့်သာ အခွန်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆရာဝန်များ၏ ဝင်ငွေခွန်ထမ်းဆောင်မှုများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဆရာဝန် ၁၈၄၈ ဦးက ကျပ်သိန်း ၂၅၆၀ ကျော်၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆရာဝန် ၁၉၉၁ ဦးက ကျပ် ၃၃၁၅ သိန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဆရာဝန် ၂၂၃၀ ဦးက ကျပ် ၃၅၄၁ သိန်းကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဆရာဝန် ၂၂၆၁ ဦးက ကျပ် ၃၃၉၂ သိန်းကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဆရာဝန် ၂၂၅၇ ဦးက ကျပ် ၃၆၆၂ သိန်းကျော် အခွန်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရှေ့နေများ၏ ဝင်ငွေခွန်ထမ်းဆောင်မှုများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ရှေ့နေ ၂၂၈ ဦးက ကျပ်သိန်း ၁၃၀ ကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ရှေ့နေ ၂၁၃၂ ဦးက ကျပ် ၉၅၇ သိန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ရှေ့နေ ၂၈၇၇ ဦးက ကျပ်သိန်း ၁၀၀၀ ဝန်းကျင်၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ရှေ့နေ ၁၀၃၇ ဦးက ကျပ် ၃၅၁ သိန်းကျော်၊ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် ရှေ့နေ ၈၆၂ ဦးက ကျပ် ၃၅၁ သိန်းကျော် အခွန်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်၊ ဂီတ၊ သဘင်စသည့် အနုပညာရှင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်၊ သူနာပြု၊ ဆရာမ၊ ရှေ့နေ၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ပန်းပုဆရာ၊ စာရင်းကိုင်၊ စာရင်းစစ် စသည့်အတတ်ပညာရှင်များ၏ အခွန်ရှောင်မှု များပြားနေသည့်အတွက် ပြည်တွင်း အခွန်ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ မြို့နယ်များ အလိုက် အခွန်ဆိုင်ရာအသိပညာပေးခြင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးကဲ့သို့ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ အခွန်ရရှိမှုတိုးတက်အောင် နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။ အခွန်ရရှိမှုများပြားလာမှသာ နိုင်ငံ့ဘဏ္ဍာတိုးပွားစေမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး ကဲ့သို့ကများတွင် ငွေလုံးငွေရင်း သုံးစွဲနိုင်မည်ဖြစ်သည်။

“ အခွန်ရဲ့အကျိုးက သိပ်ကိုအရေးကြီးပါတယ်။ ပညာရေးစနစ် ပြောင်းချင်ရင် ငွေလိုက်။ ပြီးရင် ကျန်းမာရေးက လူ့ဘဝအတွက် အရေးကြီးဆုံးပဲ၊ ငွေမရှိရင် မကုနိုင်ဘူးဆိုတာမျိုး မဖြစ်ရအောင် ခရစ္စတို့ပြည်သူတွေကသာ အခွန်မှန်မှန်ကန်ကန် ဆောင်မယ်ဆိုရင် အစိုးရမှာ ငွေရှိလာမယ်။ ပညာရေး၊ ကျန်းမာရေးမှာ ငွေသုံးလာနိုင်မယ်။ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်စီမံလာနိုင်မယ်။ ဒါကြောင့် အခွန်က အရေးကြီးတယ်လို့သတ်မှတ်တဲ့အတွက် အခွန်ကိစ္စကို ပရိသတ်ကို ပြောပြရတာပါ။ သူတို့ပေးလိုက်တဲ့ ပိုက်ဆံက ဒီလိုမျိုး တစ်ထောင့်တစ်နေရာကို ရောက်သွားတယ်ဆိုတာ သိစေချင်တယ်၊ ဝမ်းသာစေချင်တယ်။ Now & Ever ဇာတ်ကားအတွက် အခွန်ပေးဆောင်ဖို့ သိန်း ၁၁၀၀ ကျော် ဖယ်ထားပြီးပြီ။ သိစေချင်တာကတော့ ရုပ်ရှင်အနုပညာကနေ ရလာတဲ့ငွေတွေက ဒီလိုတွေဖြစ်လာတဲ့အခါ ဘယ်လိုအကျိုးရှိလဲ ဆိုတာကိုပါ။ အနုပညာရှင်တွေအားလုံးကိုလည်း ဒီလိုကျယ်ပြန့်အောင် လုပ်နိုင်မယ်ဆိုရင် တိုင်းပြည်အတွက် ဘယ်လောက် အကျိုးရှိနိုင်တယ်ဆိုတာ သိစေချင်ပါတယ်” ဟု ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုသည်။

7th Sense Creation မှ ဦးဝေမင်းမောင်ကလည်း “ အခွန်ဆိုတာက အနုပညာမှ မဟုတ်ဘူး လုပ်ငန်းတိုင်း၊ ကဏ္ဍတိုင်းက လူတွေ၊ နိုင်ငံသားတိုင်းဆောင်ရမယ့်အရာ ဖြစ်တဲ့အတွက် နိုင်ငံတိုးတက်ဖို့အတွက် အခွန်ထမ်းဆောင်တာကလည်း အဓိက အရေးပါတာဖြစ်လို့ အခွန်ထမ်းဆောင်တာကို ပွင့်ပွင့်လင်းလင်း အသိပေးလာတာ၊ အခွန်ဆောင်ဖို့အတွက် အသိပညာရှိလာတာတွေကို လိုလိုလားလား ကြိုဆိုပါတယ်။ အနုပညာလုပ်ငန်းက လူသိများတော့ အနုပညာရှင်တွေနဲ့ အနုပညာကရလာတဲ့ဝင်ငွေတွေကို အခွန် တိတိကျကျဆောင်တာက တခြားကဏ္ဍတွေအတွက်လည်း တွန်းအားဖြစ်စေမယ်လို့ လက်ခံထားပါတယ်။ သက်ဆိုင်ရာနယ်ပယ် ပရော်ဖက်ရှင်နယ်တွေက အခွန်ထမ်းဆောင်မှုနဲ့ပတ်သက်ပြီး အကျယ်တဝင့်ထုတ်ဖော် ပြောဆိုမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အခွန်ထမ်းဆောင်မှုလုပ်ငန်းက အရမ်းလှပလာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကိုက အခုဆိုရင် အခွန်ဆောင်တဲ့ငွေပမာဏကို တိတိကျကျ ပြောပြချင်လာတယ်။ ဒီလိုပြောမယ်ဆိုရင် အများလည်းသိသွားမယ်။ တိုင်းပြည်အတွက်လည်း အလားအလာ အများကြီး ပိုကောင်းလာမယ်။ လူငယ်တွေအတွက် ရှေ့ဆောင်လမ်းပြ မှတ်သားစရာ ဖြစ်လာမယ်လို့ ထင်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံသည် အခွန်ကောက်ခံမှု၊ အခွန်ပေးဆောင်မှုနှင့်ပတ်သက်ပြီး အားနည်းခဲ့သောနိုင်ငံဖြစ်ခြင်းကြောင့် ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်းက အခွန်မူဝါဒနှင့် ပတ်သက်၍ စတင်ပြုပြင်ပြောင်းလဲခဲ့သည်။ ယခင်က အခွန်အရပ်ရပ်ရရှိမှုနှင့် ဂျီဒီပီ (စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး) နှိုင်းယှဉ်လျှင် သုံးရာခိုင်နှုန်းဝန်းကျင်သာ ရှိရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ စပြီး ခြောက်ရာခိုင်နှုန်းကျော်အထိ တိုးတက်ခဲ့သည်။ ထို့နောက် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၆၉ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၈၄ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၉၃ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၂၁ ရာခိုင်နှုန်း၊ ၂၀၁၈ ဧပြီ - စက်တင်ဘာကြားကာလတွင် ၈ ဒသမ ၄၉ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၆၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အခွန် အရပ်ရပ်ကောက်ခံမှုမှ ကျပ် ၇၉၆၉ ဘီလျံ ရရှိရန် ခန့်မှန်းထားပြီး လက်ရှိအစိုးရလက် ထက်၌ချမှတ်ထားသော အခွန်မူဝါဒများမှာ (၁) တည်ဆဲဥပဒေများနှင့်အညီ ရသင့်ရထိုက်သည့်အခွန်အကောက်များ အပြည့်အဝ ကောက်ခံရရှိရေးကြိုးပမ်းဆောင်ရွက်ရန်၊ (၂) စျေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေပြီး အထောက်အကူဖြစ်စေသော မျှတသည့်အခွန်စနစ် ဖြစ်ထွန်းပေါ်ပေါက်ရန်၊ (၃) အမျိုးသားစီးပွားရေးရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတည်ငြိမ်မှုရရှိစေရေး အတွက် စားသုံးမှု၊ ရင်နှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အခွန်ကောက်စနစ်ဖြင့် ထိန်းညှိပေးရန်၊ (၄) သဘာဝပတ်ဝန်းကျင်နှင့် တွင်းထွက်သယံဇာတများ ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အခွန်ကောက်စနစ်ဖြင့် ထိန်းညှိပေးရန်တို့ဖြစ်သည်။

“ လွန်ခဲ့တဲ့နှစ်တွေမှာ အခွန်တိမ်းရှောင်သူတွေ အများကြီးရှိခဲ့တဲ့အတွက် သတင်းစာမှာ ကြေညာခဲ့တဲ့အခါ မီဒီယာတွေကလည်း ဝိုင်းပြီး ထောက်ပြကြတဲ့အတွက် အခွန်ထမ်း တော်တော်များများက လမ်းကြောင်းပေါ် တက်လာကြတယ်။ ပရော်ဖက်ရှင်နယ်ဝင်ငွေ နဲ့ပတ်သက်လို့ လမ်းကြောင်းပေါ်တက်လာအောင် လုပ်နေပါတယ်။ ရုပ်ရှင်အနုပညာရှင်တွေဖြစ်ဖြစ်၊ ဆရာဝန်တွေဖြစ်ဖြစ် ဘယ်လောက်ရကြတယ်ဆိုတဲ့ Detail လုပ်ဖို့ထက် လာဆောင်တာကိုပဲ ကျေးဇူးတင်ရတဲ့ပုံစံရှိပါတယ်။ ဒါကြောင့်လည်း အခွန်ပညာပေးတွေ လုပ်ရတာပါ။ အခုတော့ ရုပ်ရှင်အစည်းအရုံး ကိုယ်တိုင်ကအစ နိုင်ငံတော်အတွက် အခွန် ပေးသင့်တယ်ဆိုတာမျိုး ရပ်တည်လာတဲ့အတွက် အင်မတန်ကြိုဆိုပါတယ်။ ဝမ်းလည်း သာပါတယ်။ အခွန်နဲ့ပတ်သက်လို့ကတော့ ဝင်ငွေအားဖြင့် များတဲ့သူတွေ၊ လူသိများ ထင်ရှားသူတွေက ပိုပြီးလုပ်သင့်တယ်။ ဆောင်သင့်တယ်။ ဒါမှလည်း အများက Awareness ပိုဖြစ်လာမယ်။ ကျွန်တော်တို့လည်း မကြာခင်မှာ အခွန်မဆောင်ထားသူတွေ အိမ်တွေ၊ ကားတွေ ဝယ်လို့မရတာမျိုးတွေ ဖြစ်လာဦးမှာပါ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိမှတ်ပုံတင်ထားသော ပြည်တွင်းပြည်ပကုမ္ပဏီပေါင်း ၆၀၀၀၀ ဝန်းကျင်ရှိပြီး အခွန်ထမ်းနိုင်သော ဝန်ထမ်းပေါင်း သိန်းချီရှိသည်။ မြန်မာနိုင်ငံ၏လက်ရှိ အခွန်စနစ်သည် အခွန်ထမ်းဆောင်သူကို ပိုမိုဝန်လေးစေသော ကောက်ခံမှုတိုးမြှင့်သည့် ခေတ်မဟုတ်တော့ဘဲ အခွန်ထမ်း အသစ်အသစ်များပေါ်ထွက်ပြီး အခွန်အခကောက်ခံထိုက်သူအားလုံးကို အခွန်ကောက်ခံမည့်စနစ် ဖြစ်သည်။ ယခုကဲ့ သို့အချိန် ခေတ်ကာလတွင် ရုပ်ရှင်၊ ဂီတ၊ သဘင်စသည့် အနုပညာရှင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်၊ သူနာပြု၊ ဆရာမ၊ ရှေ့နေ၊ စာရေးဆရာ၊ ပန်းချီ ဆရာ၊ ပန်းပုဆရာ၊ စာရင်းကိုင်၊ စာရင်းစစ် စသည့် အတတ်ပညာရှင်များ မှန်မှန်ကန်ကန် အခွန်ပေးဆောင်မှသာ နိုင်ငံအတွက်လိုအပ်နေသော အခွန်များရရှိမည်ဖြစ်ပြီး သိန်းနှင့်ချီရှိသော သာမန်ဝန်ထမ်းများ၊ စျေးရောင်းသူများ၊ အသေးစား လုပ်ငန်းများကလည်း အခွန်ထမ်းဆောင်လိုစိတ် ရှိလာမည်ဖြစ်သည်။

 

 

Most Read

Most Recent