စိတ်ပျက်စရာကောင်းသော ဆီးဂိမ်းစ်ရလဒ်နှင့် မြန်မာ့အားကစားအနာဂတ်

စိတ်ပျက်စရာကောင်းသော ဆီးဂိမ်းစ်ရလဒ်နှင့် မြန်မာ့အားကစားအနာဂတ်
နိုဝင်ဘာ ၃၀ ရက်က ကျင်းပသည့် ဆီးဂိမ်းစ်ဖွင့်ပွဲအခမ်းအနားတွင် မြန်မာအားကစားအဖွဲ့ ဝင်ရောက်လာစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
နိုဝင်ဘာ ၃၀ ရက်က ကျင်းပသည့် ဆီးဂိမ်းစ်ဖွင့်ပွဲအခမ်းအနားတွင် မြန်မာအားကစားအဖွဲ့ ဝင်ရောက်လာစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
Published 22 December 2019
အောင်မင်းသန့်

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲ (အရှေ့တောင်အာရှအားကစားပြိုင်ပွဲ) က ပြီးဆုံးသွားပါပြီ။ အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၅၁ ခု စုစုပေါင်း ဆုတံဆိပ် ၇၃ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၇ နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုစာရင်းမှာ သုံးကြိမ်ဆက်တိုက်နဲ့ နောက်ဆုံး ၁၄ ကြိမ်မှာ ၁၁ ကြိမ် မြောက်အဖြစ် အဆင့် ၇ နေရာ ရပ်တည်နိုင်ခဲ့တာပါ။ အဆင့် ၇ နေရာဆိုတာ မြန်မာအားကစားအဖွဲ့နဲ့ ရင်းနှီးပြီးသားဖြစ်လို့ ထူးပြီးမဆန်းပေမဲ့ ရွှေတံဆိပ်လေးခုပဲ ရယူနိုင်ခဲ့တဲ့အခြေအနေကတော့ စိုးရိမ်စရာ ကောင်းတာအမှန်ပါပဲ။ ပိတ်ပွဲအခမ်းအနားမတိုင်ခင် နှစ်ရက်အလို ဒီဇင်ဘာ ၉ ရက်မှာ ကမ္ဘောဒီးယားက လေးခုမြောက် ရွှေတံဆိပ်ရသွားလို့ အဆင့် ၈ ကို ကျဆင်းသွားပေမဲ့ တစ်ရက်အကြာမှာပဲ 9-Ball Pool ပြိုင်ပွဲမှာ အားတီ (ခ) မောင်မောင် (ခ) ဘုန်းမြင့်ကျော်က သိက္ခာဆယ် ရွှေတံဆိပ်ပြန်ယူပေးနိုင်ခဲ့လို့ အဆင့် ၇ နေရာ ပြန်ရောက်ခဲ့ရတာပါ။

မြန်မာအားကစားအဖွဲ့ရဲ့ ရွှေတံဆိပ် ရရှိမှုအရေအတွက်က ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယအနည်းဆုံးဖြစ်တဲ့ ၁၉၉၅ ပြိုင်ပွဲနဲ့ တူညီခဲ့ပြီး ရွှေတံဆိပ်သုံးခုပဲရခဲ့တဲ့ ၁၉၉၉ ပြိုင်ပွဲပြီးရင် အဆိုးဆုံးမှတ်တမ်းပါပဲ။ မြန်မာအားကစားအဖွဲ့အနေနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲသက်တမ်းတစ်လျှောက် ရွှေတံဆိပ် ၁၀ ခုအောက် ရယူနိုင်ခဲ့တဲ့ပြိုင်ပွဲ ခြောက်ကြိမ်ပဲရှိပြီး ၁၉၉၃ ပြိုင်ပွဲမှာ ရှစ်ခု၊ ၁၉၉၅ ပြိုင်ပွဲမှာ လေးခု၊ ၁၉၉၇ ပြိုင်ပွဲမှာ ရှစ်ခု၊ ၁၉၉၉ ပြိုင်ပွဲမှာ သုံးခု၊ ၂၀၁၇ ပြိုင်ပွဲမှာ ခုနစ်ခုနဲ့ ၂၀၁၉ ပြိုင်ပွဲမှာ လေးခုရရှိခဲ့တာကြောင့် ၁၉၉၅ နဲ့ အခုနှစ်ပြိုင်ပွဲက ဒုတိယအနည်းဆုံးပြိုင်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အားကစားလောကမှာ မြန်မာတွေ ကျရိပ်ပြလာတာ အခုမှ ရုတ်ခြည်းဖြစ်သွားတာမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ကျဆင်းလာတာ ဖြစ်လို့ ဒီနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲက အချက်ပေးခေါင်းလောင်းသံပဲလို့ ဆိုနိုင်ပါတယ်။ မြန်မာ့အားကစားလောက ကျဆင်းလာရခြင်းအကြောင်းရင်းတွေကို ရှာဖွေကြည့်တဲ့အခါ အောက်ပါအချက်အလက်တွေကို အရေးပါတဲ့ အခန်းကဏ္ဍအဖြစ် တွေ့ရမှာပါ။

 

အားကစားယဉ်ကျေးမှုပျောက်ဆုံးခြင်း

အားကစားယဉ်ကျေးမှု (Sport Culture) ပျောက်ဆုံးခြင်းဆိုတဲ့နေရာမှာ အခြေခံပညာကျောင်းတွေကနေ နိုင်ငံ့လက်ရွေးစင်ဆိုတဲ့ အမြင့်ဆုံးအဆင့်အထိ ပါဝင်နေပါတယ်။ ဟိုးအရင်က မြန်မာနိုင်ငံမှာ ကျောင်းသားအားကစားပွဲတော်တွေကို နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြပြီး အကျိုးဆက်အနေနဲ့ လက်ရွေးစင်အဆင့် အားကစားသမားပေါင်းများစွာ ထွက်ပေါ်ခဲ့ပါတယ်။ ဘောလုံးပွဲဆိုရင်လည်း ပြည်နယ်နှင့် တိုင်းပြိုင်ပွဲတွေက တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သလို ကွင်းထဲမှာလည်း ပွဲကြည့် ပရိသတ်က ကွင်းပြည့်ကွင်းလျှံ ဖြစ်ခဲ့ပါတယ်။ အခုခေတ်အချိန်မှာတော့ အဲဒီလို အားကစားပွဲတော်ကြီးတွေ ကျင်းပခဲ့တယ်။ ဆိုတာ ပါးစပ်ရာဇဝင်လောက်ပဲ ကျန်ပါတော့တယ်။ အားကစားလောကမှာလည်း ပရော်ဖက်ရှင်နယ်ဆိုလို့ ဘောလုံး၊ ဂေါ့ဖ် ပြိုင်ပွဲတို့လောက်ပဲရှိပြီး ပရိသတ် စိတ်ဝင်စားမှုများတဲ့ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ အလေးမ၊ ဝူရှူး၊ ရိုးရာလှေ အားကစားနည်းတွေဆိုတာ ပြိုင်ပွဲ များများကျင်းပဖို့ထက် ရွေးချယ်စရာ ကစားသမား အရေအတွက်တောင် များများစားစား မရှိပါဘူး။ ပြည်တွင်းမှာ ဒီလိုအခြေအနေရင်ဆိုင်နေရချိန်မှာ အိမ်နီးချင်းထိုင်းနိုင်ငံက အမျိုးသား၊ အမျိုးသမီး ဘော်လီဘောလိဂ်တွေ အပြိုင်အဆိုင်ကျင်းပလာတာ ၁၅ နှစ်တောင် ရှိနေပါပြီ။ ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲဆိုတာလည်း ကမ္ဘာ့အဆင့်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ထိပ်တန်းပိုက်ကျော်ခြင်းအသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ပြိုင်ပွဲ ဖြစ်ပါတယ်။

မြန်မာအားကစားသမားတွေကတော့ ပြည်တွင်းပြိုင်ပွဲတွေ မရှိသလောက်နည်းပါးတဲ့အပြင် ပြည်ပပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်နိုင်တဲ့ ငွေကြေးအင်အားလည်း မလုံလောက်တာကြောင့် လေ့ကျင့်မှုတွေနဲ့ပဲ ခရီးဆက်နေရပါတယ်။ ပြိုင်ပွဲ မယှဉ်ပြိုင်ဘဲ နိုင်ငံတကာပြိုင်ပွဲတွေ နီးမှ နီးစပ်ရာ ပြည်ပနိုင်ငံတွေမှာ ပူးတွဲလေ့ကျင့်မှု သွားလုပ်တာက အကျိုးဖြစ်ထွန်းမှု အများကြီးမရှိနိုင်ပါဘူး။ ဒါဟာ အားကစားယဉ်ကျေးမှု ပျောက်ဆုံးခြင်းဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေရဲ့နောက်ကို တဖြည်းဖြည်း ရောက်လာရခြင်း အဓိကအချက် တစ်ခုပါပဲ။

ဒီအချက်နဲ့ပတ်သက်ပြီး လက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမား အောင်ပြည့်ထွန်းက “ တခြားနိုင်ငံတွေက အရမ်းတိုးတက်သွားတာတော့ မရှိပါဘူး။ ကိုယ့်ဘက်က အားနည်းလို့ ရွှေမရခဲ့တာလို့ ထင်ပါတယ်။ ကျွန်တော်တို့က ဘယ်အပိုင်းတွေမှာ အားနည်းသလဲဆိုတော့ အကြိတ်အနယ်ဖြစ်ပြီ၊ သူတင်ကိုယ်တင် ကစားရပြီဆိုရင် ရလဒ်တွေ မကောင်းတော့ဘူး။ ပွဲအတွေ့အကြုံ နည်းတဲ့အတွက် အဆုံးအဖြတ်ကာလဆိုရင် အမှားတွေများလာတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ပြိုင်ပွဲတွေမရှိဘူး။ နိုင်ငံတကာပြိုင်ပွဲကလည်း အခုနောက်ပိုင်းဆိုရင် ယှဉ်ပြိုင်ရတာ တော်တော်နည်းလာပါပြီ။ ဒီနှစ်ထဲဆိုရင် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်ခင် ထိုင်းဘုရင့်ဖလားပြိုင်ပွဲတစ်ပွဲပဲ  ယှဉ်ပြိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ မြန်မာအားကစားမှာ အဓိက အားနည်းတာက ပြည်တွင်းပြိုင်ပွဲ နည်းပါးတာပါ။ တချို့အားကစားနည်းဆိုရင် လက်ရွေးစင်ဖြစ်သွားရင် ပြည်တွင်းပြိုင်ပွဲတောင် ယှဉ်ပြိုင်လို့ မရပါဘူး။ လက်ရွေးစင်ဖြစ်သွားရင် Gold Camp မှာ စားလိုက်၊ အိပ်လိုက်၊ လေ့ကျင့်လိုက်နဲ့ အချိန်ကုန်သွားပြီး ပြိုင်ပွဲဆိုတာ မထိတွေ့ရတာ ကြာလာတဲ့အတွက် ပြိုင်ပွဲလည်းရောက်ရော အမှားတွေဖြစ်၊ ရသင့်တဲ့ဆုတွေမရနဲ့ ဖြစ်ကုန်တာပါ။ ကစားသမားတွေက ပြိုင်ပွဲတွေ ဆက်တိုက်ကစားနေမှ ပွဲတစ်ပွဲမှာ ဖြစ်လာတဲ့ အနေအထားအပေါ်မူတည်ပြီး လုပ်နိုင်တာပါ။ ပြည်တွင်းမှာ နိုင်ငံအဆင့် ပြိုင်ပွဲတွေ များများလုပ်သင့်ပါတယ်။ ပိုက်ကျော်ခြင်းက ပရိသတ်စိတ်ဝင်စားတဲ့ အားကစားနည်းပါ။ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ ပြိုင်ပွဲတွေ သေချာလုပ်ပေးရင် ကစားသမားကောင်းတွေလည်း ထွက်လာမှာပါ။ နောက်တစ်ခုက ပံ့ပိုးမှုအပိုင်းပါ။ အဖွဲ့ချုပ်ရဲ့ စီမံခန့် ခွဲမှုပိုင်းကလည်း အများကြီးလိုပါတယ်။ ကစားသမားနဲ့မသက်ဆိုင်တဲ့ ပြဿနာတွေလည်း ဖြေရှင်းနေရပါတယ်။ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်ပြီးတဲ့အချိန်မှာ စီနီယာကစားသမားအများစု နားသွားပါတယ်။ အရင်က မြန်မာဆိုရင် ပြိုင်ဘက်တွေက ရှိန်ပါတယ်။ အခုကတော့ စီနီယာကစားသမားတွေ မရှိတော့တဲ့အပြင် အောင်မြင်မှုရဖို့ခက်လာတဲ့အတွက် ပြိုင်ဘက်တွေက မရှိန်ကြတော့ပါဘူး” လို့ သုံးသပ်ပြောကြားပါတယ်။

 

ပံ့ပိုးထောက်ပံ့မှု၊ စိတ်အားထက်သန်မှု လျော့နည်းခြင်း

ပံ့ပိုးထောက်ပံ့မှုဆိုတဲ့အပိုင်းမှာ ငွေကြေးအပြင် စိတ်အားထက်သန်မှုကလည်း အရေးကြီးပါတယ်။ အဓိကအကျဆုံးက အစိုးရဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားအဖွဲ့ချုပ်၊ နည်းပြ၊ ကစားသမားနဲ့ ပရိသတ်တွေမှာလည်း အဆင့်ဆင့် တာဝန်ရှိပါတယ်။ အစိုးရအနေနဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ ငြိမ်းချမ်းရေးကို အာရုံစိုက်နေရတာကြောင့် အားကစားလောကအပေါ် လျစ်လျူရှုထားသလိုဖြစ်နေပြီး လူအားရော ငွေအားပါ စိုက်ထုတ်မှု အားနည်းနေပါတယ်။ ဒါဟာ အကူးအပြောင်းကာလမို့ ယာယီအခြေအနေဖြစ်ပြီး စီးပွားရေးတိုးတက်ကောင်းမွန်လာတဲ့ တစ်နေ့ကျရင်တော့ အားကစားကဏ္ဍအတွက် အာရုံပြန်စိုက်နိုင်စေဖို့ မျှော်လင့်ရပါတယ်။ ဝန်ကြီးဌာနကို ကြည့်မယ်ဆိုရင် ကျန်းမာရေးနဲ့ အားကစားကိုတွဲထားလို့ ဘတ်ဂျက်ခွဲဝေသုံးစွဲရတဲ့ အနေအထားဖြစ်ပြီး ကျန်းမာရေးက အရေးကြီးစီမံကိန်း တစ်ရပ်ဖြစ်လို့ ဦးစားပေးရမှာ သေချာပါတယ်။ ဒါကြောင့် ငွေကြေးအရ ပံ့ပိုးထောက်ပံ့မှုပိုင်းမှာ အားနည်းသလို နိုင်ငံခေါင်းဆောင်တွေရဲ့ ကိုယ်တိုင်ကိုယ်ကျ အားတက်သရော အားပေးမှုရဖို့လည်း လိုအပ်နေပါတယ်။

အားကစားအဖွဲ့ချုပ်တွေအနေနဲ့လည်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ စွန့်ခွာမှုကြောင့် ကစားသမားဟောင်းတွေက အစားထိုးတာဝန်ယူ လုပ်ကိုင်လာရလို့ ကျွမ်းကျင်မှုရှိပေမဲ့ ငွေကြေးစိုက်ထုတ် အကုန်အကျခံနိုင်မှုပိုင်းမှာ သိသိသာသာ လျော့နည်းသွားပါတယ်။ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလမှာ ဆုကြေးချီးမြှင့်မှုက မက်မောစရာ ကောင်းသလို ပြည်တွင်းပြည်ပပြိုင်ပွဲတွေလည်း ဆက်တိုက်ယှဉ်ပြိုင်နိုင်လို့ ကစားသမားတွေအတွက်လည်း ငွေကြေးခံစားမှုအပြင် အရည်အချင်း တိုးတက်မှုကလည်း ဒွန်တွဲနေပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ပြည်တွင်းပြိုင်ပွဲကျင်းပနိုင်မှု၊ ပြည်ပပြိုင်ပွဲယှဉ်ပြိုင်နိုင်မှု လျော့ကျလာပြီး ဘော်လီဘောအသင်းဆိုရင် ၂၀၁၈ အာရှအားကစားပြိုင်ပွဲ ပြီးဆုံးချိန်ကနေ ဆီးဂိမ်းစ်ပြိုင်ပွဲကာလအထိ တစ်နှစ်ကျော်အတွင်း လက်ရွေးစင်အဆင့်ပြိုင်ပွဲ တစ်ပွဲမှ မရှိခဲ့ပါဘူး။ နည်းပြနဲ့ ကစားသမားပိုင်းမှာလည်း ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒေသတွင်းနိုင်ငံတွေလို ခေတ်မီနည်းစနစ်တွေ၊ သင်ကြားမှု အထောက်အကူပြုပစ္စည်းတွေ အသုံးမပြုနိုင်လို့ တိုးတက်မှုနှုန်း နှေးကွေးနေပါတယ်။ ကစားသမားကောင်းတွေ ရှားပါးမှုကြောင့် နိုင်ငံလက်ရွေးစင်ဖြစ်ခွင့်ရဖို့  အကြိတ်အနယ် အပြိုင်အဆိုင် ယှဉ်ပြိုင်နေရတာမျိုးမရှိဘဲ အချိန်တန်ရင် ရွေးချယ်ခံရပြီး ပါဝင်ယှဉ် ပြိုင်ခွင့်ရတာကလည်း ကစားသမားတွေရဲ့ ပြင်းပြတဲ့ စိတ်အားထက်သန်မှုကို လျော့ကျစေပါတယ်။

ဒီအခြေအနေကို ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်အဖြစ် လိုက်ပါသွားပါတဲ့ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးက “ အားကစားလောက ကျဆင်းလာတာကို ကျွန်တော်တို့လည်း သိပါတယ်။ အဓိက,ကတော့ ကစားသမားတွေ ရှားပါးလာတာကြောင့် ရှိတဲ့ကစားသမားတွေနဲ့ပဲ ပြိုင်ပွဲဝင်နေရတဲ့ အနေအထား ဖြစ်နေပါတယ်။ တခြားနိုင်ငံတွေက သိပ္ပံနည်းကျ လေ့ကျင့်မှုတွေ လုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့က ပုံမှန်လေ့ကျင့်မှုတွေကိုပဲ လုပ်နေရတာကြောင့် တဖြည်းဖြည်းနဲ့ ကွာခြားမှုတွေ ရှိလာတာပါ။ ဒီနှစ်မှာ ကမ္ဘောဒီးယားရဲ့ ဖိအားပေးမှုခံခဲ့ရပြီး မောင်မောင် နောက်ဆုံးရခဲ့တဲ့ ရွှေတံဆိပ်ကြောင့်သာ အဆင့် ၇ နေရာမှာရှိနေခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့် ကျဆင်းလာသလဲဆိုတာ သုံးသပ်ရမယ်ဆိုရင် ကစားသမားရှားပါးမှုနဲ့ ခေတ်မီနည်းစနစ်၊ သိပ္ပံပညာရပ်တွေနဲ့ လေ့ကျင့်မှုမပြုလုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ ပညာရေး စကားနဲ့ပြောမယ်ဆိုရင် ကျောင်းသားဆိုတဲ့ ကစားသမားတွေ ရှားပါးလာပြီး ဆရာဆိုတဲ့ နည်းပြနဲ့ နည်းစနစ်ပိုင်းတွေ လိုအပ်ချက်တွေ ရှိလာပါတယ်။ ဒါ့အပြင် မိဘဆိုတဲ့ အုပ်ချုပ်ထောက်ပံ့ပေးမှုအပိုင်းကလည်း အားကောင်းနေဖို့ လိုပါတယ်။ ဒီ ဒေါက်တိုင်သုံးခု အားကောင်းမှ မြန်မာအားကစားလောကလည်း ပြန်လည်တိုးတက်လာမှာပါ။ ကစားသမားတွေထွက်ပေါ်လာဖို့ အခြေခံကျတဲ့ပြိုင်ပွဲတွေ လိုအပ်သလို၊ နည်းပြတွေ ထွက်ပေါ်လာအောင်လည်း သင်တန်းတွေ ဖွင့်ရမှာပါ။ ခေတ်မီနည်းစနစ်တွေနဲ့ လေ့ကျင့်နိုင်အောင်လည်း ဒုတိယဝန်ကြီးကိုယ်တိုင်ဦးစီးပြီး Sport & Science ဆိုင်ရာ သင်တန်းတွေဖွင့်လှစ်ဖို့ လုပ်ဆောင်နေပါပြီ။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးတွေကို အောင်မြင်တဲ့သူ ဖြစ်စေချင်တယ်ဆိုရင် အားကစားအပေါ် ပိုပြီးစိတ်ဝင်စားလာအောင်၊ ကစားချင်လာအောင် စည်းရုံးဖို့၊ အချိန်ပေးဖို့ ပြောချင်ပါတယ်။ ဖိလစ်ပိုင်ဆီးဂိမ်းစ်မှာ ကျွန်တော်တို့ နိုင်ငံက အားကစားနည်း ၃၁ မျိုးမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ နိုင်ငံတော်စရိတ်နဲ့ ယှဉ်ပြိုင်တဲ့ အားကစားနည်းတွေ ရှိသလို အဖွဲ့ချုပ်တွေက သူတို့စရိတ်နဲ့ ယှဉ်ပြိုင်တဲ့ အားကစားနည်းတွေလည်း ရှိပါတယ်။ အားကစားလောက ကျဆင်းလာရတဲ့ အကြောင်းရင်းမှာ အဖွဲ့ချုပ်တွေလည်း အဓိကသက်ဆိုင်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ သက်ဆိုင်တယ်ဆိုပေမဲ့ အဓိကအနီးကပ် လုပ်ဆောင်ပြီး အလုံးစုံသိနေတာက အဖွဲ့ချုပ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ပံ့ပိုးမှုအပိုင်းက အားနည်းတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ အဖွဲ့ချုပ်တွေအနေနဲ့လည်း တခြားအပိုင်းတွေမှာ ဖိဖိစီးစီးလုပ်ဖို့လိုအပ်ပါတယ်။ နည်းစနစ်ပိုင်း၊ ကစားသမားရှာဖွေမှုအပိုင်း၊ နိုင်ငံတကာနဲ့ ဆက်သွယ်မှုအပိုင်းတွေမှာ ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါ့အပြင် အဖွဲ့ချုပ်အခြေအနေ၊ ဆုရရှိနိုင်တဲ့အနေအထားတွေကို တင်ပြရင်လည်း ဖြစ်ရပ်မှန်အတိုင်း တင်ပြပေးဖို့လိုပါတယ်။ ဒါမှလည်း ကျွန်တော်တို့အနေနဲ့ ပံ့ပိုးပေးတဲ့နေရာမှာ လိုအပ်ချက်၊ အားနည်းတွေကို ပိုပြီးဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်” လို့ Eleven Sports ကို သုံးသပ် ပြောကြားထားပါတယ်။

ပြေးခုန်ပစ်နည်းပြတစ်ဦးဖြစ်တဲ့ ဦးကျော်ကျော်ဝင်းကလည်း “ ဆုတံဆိပ်အနေနဲ့ ပြောရရင် ဒီနှစ်က ဆုတံဆိပ် ပိုရခဲ့ပါတယ်။ ဒါပေမဲ့ ရွှေ မရခဲ့တဲ့အတွက် အောင်မြင်တယ်လို့ သတ်မှတ်လို့မရပါဘူး။ ဘာကြောင့် မအောင်မြင်သလဲပြောရရင် နည်းစနစ်ပိုင်းက တခြားနိုင်ငံတွေနဲ့ယှဉ်ရင် နောက်ကျနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နည်းပြဖြစ်တဲ့အတွက် နည်းပြပိုင်းမှာ အားနည်းချက်ရှိပါတယ်။ တခြားနိုင်ငံတွေရဲ့ တိုးတက်လာတဲ့ နည်းစနစ်တွေအပေါ်မှာ ကျွန်တော်တို့က မလိုက်နိုင်တဲ့ အနေအထားဖြစ်လာပါတယ်။ ကျွန်တော်တို့ မြန်မာကစားသမားတွေရဲ့ အနေအထားက အဆိုးရွားကြီးမဟုတ်သေးပါဘူး။ နည်းပြပိုင်းကသာ လက်ရှိကျင့်သုံးနေတဲ့ နည်းစနစ်တွေကို လိုက်လုပ်နိုင်ရင် ကစားသမားတွေလည်း တိုးတက်လာနိုင်ပါတယ်။ အောင်မြင်ရေးလမ်းကြောင်း ဒေါက်တိုင်သုံးခုမှာ ကျွန်တော်တို့က နှစ်ခုမှာ အားနည်းနေတာပါ။ နည်းပြပိုင်းအပြင် ပံ့ပိုးအားပေးမှုလည်း အားနည်းနေပါတယ်။ ပ့ံပိုး အားပေးမှုအပိုင်းဆိုတာ နိုင်ငံတော်အဆင့် လုပ်ရမှာတွေအပြင် ဝန်ကြီးဌာနတွေက ပံ့ပိုးပေးရမယ့်အပိုင်းတွေလည်း ရှိပါတယ်။ ဝန်ကြီးဌာနဆိုတာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ဘဲ တခြားဝန်ကြီးဌာနတွေလည်း ပါပါတယ်။ တခြားဝန်ကြီးဌာနတွေက အားကစားသမားတွေကို ရာထူးခန့်ဖို့ ခက်ခဲလာတယ်။ ပြေးခုန်ပစ်အနေနဲ့ ပြောမယ်ဆိုရင် အရင်တုန်းက ဝန်ကြီးဌာန ၁၀ ခုနီးပါးလောက်က ကစားသမားတွေကို သေချာပံ့ပိုးပြီး ရာထူးပေးခန့်ထားပါတယ်။ အခုဆိုရင် သုံး၊ လေးခုလောက်ပဲ သေချာလုပ်တော့ပြီး တော်တော်များများက ကစားသမားတွေ မရှိတော့ပါဘူး။ ဒါကြောင့် တခြားဝန်ကြီးဌာနတွေအနေနဲ့လည်း အားကစားသမားတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပြီး ပြန်လည်အားပေးဖို့ စီမံချက်တစ်ခုအနေနဲ့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဌာနတိုင်းမှာ ကစားသမား ၁၀၀ လောက်ကို အလုပ်ပေးပြီး အားကစားနည်းတစ်ခုမှာ ၁၀ ဦး လောက်ရှိရင်တောင် အားကစားလောက ကျဆင်းသွားစရာမရှိပါဘူး။

အခုဆိုရင် အခြေခံကျတဲ့ ကျောင်းသားအားကစားပွဲတွေလည်း ပြန်လုပ်တော့မှာပါ။ ဒါကြောင့် အားကစားလောကတစ်ခုလုံး တိုးတက်ဖို့ဆိုရင် အားလုံးပူးပေါင်းပြီးတော့ လုပ်ဆောင်ရမှာပါ။ အခုဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးသွားပြီဖြစ်တဲ့အတွက် ဘယ်အပိုင်းမှာ အားနည်းလဲဆိုတာ Review ပြန်လုပ်ဖို့လိုပါတယ်။ အားနည်းတဲ့အပိုင်းကို ထိထိရောက်ရောက် တိုးတက်လာအောင်လုပ်ပြီး အားသာတဲ့အပိုင်းကိုလည်း ပိုကောင်းအောင် လုပ်ဆောင်ရမှာပါ” လို့ ဆိုပါတယ်။

ရွှေတံဆိပ်ဆု လွဲချော်ခဲ့သဖြင့် စိတ်ပျက်နေသည့် မြန်မာလှေလှော် ကစားသမားများကို တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

နိုင်ငံဖွံ့ဖြိုးတိုးတက်မှု

အားကစားလောက ဖွံ့ဖြိုးတိုးတက်ရာမှာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကလည်း အရေးကြီးပါတယ်။ မြန်မာလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်တော့ ဒီအပိုင်းမှာ ပိုပြီးရုန်းကန်ရလေ့ရှိပါတယ်။ အဓိကအချက်က ငွေကြေးဖြစ်ပြီး ကစားသမားတွေအနေနဲ့ ခိုင်မာတဲ့ ဘဝအာမခံချက်မရှိရင် အားကစားကိုပဲ တစိုက်မတ်မတ် ကြိုးစားနေဖို့မလွယ်ပါဘူး။ အားကစားသမားတွေဟာ နည်းပါးတဲ့ ဝင်ငွေကြောင့် မိသားစုဘဝရပ်တည်မှုအတွက် စီးပွားရေးလုပ်ငန်းတွေမှာ ပြောင်းလဲလုပ်ကိုင်ကြရတဲ့အခါ အကျိုးဆက်အနေနဲ့ ကစားသမား ရှားပါးမှုဒဏ် ခံစားလာရပါတယ်။ အထည်ချုပ်နဲ့ စက်ရုံလို အခြေခံ အလုပ်သမားတွေတောင် တစ်ရက် လုပ်ခ ကျပ် ၄၈၀၀ နဲ့ တစ်လဝင်ငွေ ကျပ်သိန်းဂဏန်းအထက်ရနေချိန်မှာ ဆီးဂိမ်းစ်လို နိုင်ငံတကာပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ရဖူးတဲ့ ကစားသမားတွေက အား/ကာဆီကနေ ထောက်ပံ့ကြေး တစ်လကျပ်တစ်သိန်းပဲ ရနေတယ်ဆိုရင် အံ့အားသင့်စရာ ကောင်းပါလိမ့်မယ်။ လတ်တလောမှာ တစ်ဦးချင်းအောင်မြင်မှုရနေတဲ့ MMA ကစားသမား အောင်လအန်ဆန်၊ ကြက်တောင်အားကစားမယ် သက်ထားသူဇာတို့ကို စီးပွားရေးလုပ်ငန်းများစွာက သိန်းရာနဲ့ချီပြီး စပွန်ဆာပေးနေကြပေမဲ့ လက်ရွေးစင် အားကစားသမားအများစုအတွက်တော့ ဘဝရပ်တည်မှုအတွက်တောင် အနိုင်နိုင်ဖြစ်နေရပါတယ်။

လက်ရွေးစင်အဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး ကစားလာတဲ့ ပိုက်ကျော်ခြင်းကစားသမား အောင်ပြည့်ထွန်းက ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်ခင်မှာ “ မြန်မာနိုင်ငံမှာရှိတဲ့ အားကစားသမား တော်တော်များများက အားကစားအပေါ် ချစ်မြတ်နိုးလို့ ကစားနေတဲ့သူများပါတယ်။ ၂၀၁၀ ဝန်းကျင်မှာ လက်ရွေးစင်စဖြစ်ပြီး အား/ကာဆီကနေ ထောက်ပံ့ကြေးရတာ ၂၀၁၃၊ ၂၀၁၄ ဝန်းကျင်လောက်မှပါ။ လက်ရှိမှာရတဲ့ ထောက်ပံ့ကြေးက ကျပ်တစ်သိန်းပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲလို အဓိကပြိုင်ပွဲမှာ ရွှေရဖူးတဲ့သူ အမြင့်ဆုံးရတဲ့ ထောက်ပံ့ကြေးက ကျပ်တစ်သိန်းဖြစ်ပါတယ်။ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်ကတော့ ဒီနှစ် သြဂုတ်လက စပြီး ထောက်ပံ့ကြေးပေးပါတယ်။ မြန်မာနိုင်ငံက အားကစားသမား တော်တော်များများက ကစားသမား ဘဝက နားသွားရင် အာမခံချက်မရှိပါဘူး။ ဒါတောင် အခုနောက်ပိုင်း အား/ကာက ကစားသမားတွေနားသွားရင် ဝန်ထမ်းပြန်ခန့်ပေးလို့ အဆင်ပြေတာပါ။ ကျွန်တော်တို့ဆိုရင် အား/ကာကပေးတဲ့ ထောက်ပံ့ကြေးရယ်၊ မိခင်ဝန်ကြီးဌာနကရတဲ့ လစာရယ်၊ အဖွဲ့ချုပ်ကနေပေးတဲ့ ထောက်ပံ့ကြေးနဲ့ တစ်လကို လေးသိန်းကျော်လောက် ရပါတယ်။ မိခင်ဝန်ကြီးဌာန မရှိတဲ့သူ၊ အဖွဲ့ချုပ် ထောက်ပံ့ကြေးမပေးတဲ့ ကစားသမားဆိုရင် အား/ကာကပေးတဲ့ ထောက်ပံ့ကြေးတစ်ခုပဲ ရှိပါတယ်။ ဒီလိုအနေအထားမျိုးက ကစားသမားတစ်ဦး ရေရည်ရပ်တည်နိုင်ဖို့ ဘယ်လိုမှ မလွယ်ပါဘူး။ မိဘဆွေမျိုးကို ထောက်ပံ့ပေးရတဲ့သူ၊ ကိုယ့် မိသားစုရှိတဲ့သူဆိုရင် အဆင်မပြေနိုင်ပါဘူး။ ကျွန်တော်တို့ ပိုက်ကျော်ခြင်းအသိုင်းအဝိုင်းမှာလည်း ဒါမျိုးတွေ တွေ့ဖူးပါတယ်။ မိသားစုကို ထောက်ပံ့ပေးဖို့ အဆင်မပြေတော့လို့ ကစားသမားဘဝက အနားယူသွားတဲ့သူတွေ ရှိပါတယ်။ တချို့ဆိုရင် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရမှာတောင် ကြောက်နေတဲ့သူတွေ ရှိပါတယ်။ အပြင်ပွဲတွေ လိုက်ကစားရင် တစ်ပွဲကို ၁၀ သိန်း၊ ၁၅ သိန်း လောက်ရပါတယ်။ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရရင် တစ်လလုံးနေမှ တစ်သိန်းကျော်လောက်ပဲ ရတယ်ဆိုတော့ လက်ရွေးစင်အရွေးခံရမှာ ကြောက်လာကြတာပါ။ ဆုကြေးဆိုတာကလည်း ဆီးဂိမ်းစ်ပြိုင်ပွဲလိုမျိုးမှာ ရွှေဆုရမှ ဆုကြေးများ များရတာပါ။ ကျွန်တော် လက်ရွေးစင်ကစားသမားဘဝ ကိုးနှစ်ကျော်မှာ ဆုကြေး ကျပ်သိန်း ၂၀၀ ကျော်လောက်ပဲ ရဖူးပါတယ်။ ပြည်တွင်း ပြိုင်ပွဲတွေ ရှားပါးလာတာ၊ ထိုက်သင့်တဲ့ ထောက်ပံ့မှုမရှိတာကြောင့် ဘဝရပ်တည်မှုအတွက် အားကစားလောကကို စွန့်ခွာသွားကြတဲ့သူတွေ အများကြီးပါ။ အားကစားလောကအတွက် ဆုံးရှုံးမှုတွေပါပဲ” လို့ Weekly Eleven ဂျာနယ်ကို ပြောခဲ့ဖူးပါတယ်။

အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးကတော့ ထောက်ပံ့ကြေး တိုးမြှင့်ပေးနိုင်ဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး “ ပံ့ပိုးအားပေးမှုအပိုင်းနဲ့ပတ်သက်ပြီး နည်းပါးတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း ရရှိတဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး စားစရိတ်၊ ထောက်ပံ့ကြေး၊ အဖွဲ့ချုပ်တွေက တောင်းဆိုတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဘတ်ဂျက်တွေခွဲပြီး ပံ့ပိုးပေးရတာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အားနည်းမှုတွေရှိတယ်ဆိုတာ မှန်ပါတယ်။ ကစားသမားတွေအနေနဲ့လည်း နောက်မှာကျန်ခဲ့တဲ့ မိသားစုကို ထောက်ပံ့နိုင်မှ အားကစားအပေါ် အပြည့်အဝ အာရုံစိုက်နိုင်မယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ထောက်ပံ့ကြေးကို သုံးသိန်းအထိ တိုးမြှင့်ပေးဖို့၊ စားစရိတ်ကို တစ်နေ့ ကျပ် ၅၀၀၀ အထိ တိုးမြှင့်ကျွေးမွေးနိုင်ဖို့ တင်ပြထားပါတယ်။ ကျွန်တော်တို့ တင်ပြထားတဲ့အတိုင်း ကစားသမားတွေ ခံစားခွင့်ရမယ်ဆိုရင် အားကစားမှာ နှစ်မြှုပ်ချင်တဲ့သူတွေ များလာမှာပါ” လို့ ဆိုပါတယ်။

 

အခြေခံမှစတင်ခြင်း

ပညာရေး၊ ကျန်းမာရေး၊ အားကစား စတဲ့ ကဏ္ဍတွေမှာ ရှေ့တန်း ရောက်လာဖို့ဆိုရင် အခြေခံအဆင့်ကနေ ပြင်ဆင်မှုပိုင်းက အရေးကြီးပါတယ်။ အားကစားဆိုတာ ငယ်စဉ်ကတည်းက အခြေခံပိုင်နိုင်မှ အရွယ်ရောက်လာတဲ့အခါ လေ့ကျင့်မှုစွမ်းရည်နဲ့ ပေါင်းစပ်ပြီး အကောင်းဆုံးဆိုတဲ့ အခြေအနေတစ်ခု ရောက်လာမှာပါ။ ဒါကြောင့် အခြေခံပညာအဆင့် စာသင်ကျောင်းတွေမှာပါ အားကစားကို အချိန်ပေးသင်ကြားဖို့လိုအပ်ပြီး လူငယ်ပြိုင်ပွဲတွေ များများကျင်းပနိုင်ဖို့လည်း လိုအပ်ပါတယ်။ ကျောင်းပေါင်းစုံပြိုင်ပွဲတွေကတစ်ဆင့် မြို့နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ၊ တိုင်းဒေသနှင့် ပြည်နယ် ပြိုင်ပွဲတွေအထိ အဆင့်ဆင့်ကျင်းပပေးနိုင်ရင် အရည်အသွေးရှိတဲ့ လူငယ်ကစားသမားတွေ ထွက်ပေါ်လာမှာ အသေအချာပါပဲ။ ဘောလုံးအားကစားနည်းအတွက် အကယ်ဒမီသင်တန်းတွေရှိနေသလို အခြားအားကစားနည်း  အမျိုးမျိုးအတွက်လည်း အား/ကာသိပ္ပံလို ကစားသမားကောင်းတွေ မွေးထုတ်ပေးနိုင်တဲ့ သင်တန်းကျောင်းတွေ အခုထက်ပိုပြီးထွက်ပေါ်လာဖို့ လိုပါတယ်။

မြန်မာအားကစားလောကရဲ့ အခြေအနေက ထင်မထားတဲ့အချိန်မှာ ရုတ်တရက်ကျဆင်းသွားတာမျိုး မဟုတ်ဘဲ တိုးတက်မှုနှုန်းနှေးကွေးပြီး တဖြည်းဖြည်းချင်း ကျန်နေရစ်ခဲ့တာဖြစ်လို့ ဒေသတွင်းနိုင်ငံတွေကို အမီပြန်လိုက်နိုင်ဖို့ဆိုရင်တော့ စနစ်ကျတဲ့ ပြင်ဆင်မှုတွေနဲ့ အသေအချာ ပြုပြင်တည်ဆောက်နိုင်ဖို့ လိုပါတယ်။ အားကစားဆိုတာ နိုင်ငံရဲ့စီးပွားရေး၊ နိုင်ငံရဲ့အရှိန်အဝါ၊ ဂုဏ်သိက္ခာကိုလည်း ထင်ဟပ်စေလို့ ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ ကျရှုံးမှုကို အချက်ပေးခေါင်းလောင်းသံအဖြစ် မှတ်ယူပြီးတော့ အချိန်မီပြင်ဆင်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။

 

Most Read

Most Recent