စီးပွားရေး၏ ဆိုးကျိုး ငါးရပ်

စီးပွားရေး၏ ဆိုးကျိုး ငါးရပ်
Published 21 December 2019

 

ယဉ်ကျေးသော လူ့အဖွဲ့အစည်း၌ မည်သည့်အရာမဆို  စနစ်တစ်ခုအတွင်း ရှိနေသည့်နည်းတူ စီးပွားရေးတို့သည်လည်း စနစ်အသီးသီးအတွင်း တည်ရှိ၍နေလေသည်။ စီးပွားရေးစနစ်သည် ကမ္ဘာကြီးနှင့် လူသားများအား အကျိုးကျေးဇူးများစွာရှိစေသော်လည်း ထိခိုက်စေမှုများလည်း များစွာရှိသည်။ စီးပွားရေးစနစ်၏ ကမ္ဘာကြီးနှင့် လူသားများအပေါ် ထိခိုက်စေသည့် အဓိကနည်းလမ်းငါးခုကို ယခုကဲ့သို့ တွေ့ရှိရမည်ဖြစ်သည်။

ဆင်းရဲမွဲတေမှု - နည်းပညာနှင့် အရင်းအမြစ်များက ကမ္ဘာပေါ်ရှိ လူသားတိုင်းအတွက် စားနပ်ရိက္ခာ၊ သန့်ရှင်းသောရေနှင့် နားခိုစရာတို့ကို ထောက်ပံ့ပေးသော်လည်း စီးပွားရေးက လူသားများကို ယင်းအရာများမှနေ၍ စနစ်တကျ ကာကွယ်တားဆီးထားသည်။ အမှန်တကယ်၌ စာရင်းဇယားများအရ ကမ္ဘာကြီး၏ ကြွယ်ဝချမ်းသာမှု ရာခိုင်နှုန်း ၄၀ ကို တစ်ရာခိုင်နှုန်းသော လူများကသာ ပိုင်ဆိုင်ပြီး လူပေါင်း တစ်ဘီလျံကျော်သည် အစာရေစာ ငတ်မွတ်လျက်ရှိကြကြောင်း သိရသည်။ လူတိုင်းအတွက် စားနပ်ရိက္ခာ ဖူလုံသည်ဟု စဉ်းစားကြည့်ပါက ယင်းကဲ့သို့သော ငတ်မွတ်မှုများသည် အရင်းအမြစ် နည်းပါးသောကြောင့် မဖြစ်တန်ရာပေ။

အကြမ်းဖက်မှု - ကမ္ဘာပေါ်တွင် အထက်တန်းလွှာနှင့် အောက်ဆုံးလွှာတို့၏ အကြား၌ အလွန်ကြီးမားသော ဆင်းရဲချမ်းသာ ကွာဟချက်ကြီး ရှိနေသည်။ ထို့ကြောင့် ရှောင်လွှဲ၍ မရစွာပင် အကြမ်းဖက်မှုများနှင့် ပဋိပက္ခများစွာတို့ ဖြစ်ပေါ်နေရသည်။ အမှန်တကယ်၌ ဆင်းရဲမွဲတေမှုသည် အကြမ်းဖက်မှုများကို မွေးဖွားပေးလျက်ရှိပြီး အထူးသဖြင့် ချမ်းသာသူများနှင့် ဆင်းရဲသူများ နီးကပ်စွာ နေထိုင်နေသော အရပ်ဒေသများ၌ ဖြစ်ပွားသည်။ စာရင်းဇယားများအရ အလုပ်လက်မဲ့မြင့်တက်မှု (ထို့ကြောင့် ဆင်းရဲမွဲတေမှု) တို့၏နောက်မှ အကြမ်းဖက်မှု မြင့်တက်ခြင်းက ကပ်လျက်လိုက်လာကြောင်း တွေ့ရှိရသည်။ လူတစ်ဦးသည် ဘဝ၌ ကောင်းမွန်စွာနေထိုင်ရန် မလုံလောက်သည့်အခါ ၎င်းထက် ပို၍ကောင်းမွန်စွာ နေထိုင်ရသူများကို အကြမ်းဖက်လိုစိတ် ဖြစ်ပေါ်လာတတ်သည်။

လောဘကြီးမှု - စီးပွားရေးစနစ်တွင် အသက်ရှင်နိုင်ရန်အတွက် လူတို့၌ ငွေကြေး လိုအပ်သည်။ ငွေကြေးက လူတိုင်းအတွက် လုံလောက်မှုမရှိသောကြောင့် လူအများစုသည် ငွေရရှိရန် အဆုံးမရှိ ယှဉ်ပြိုင်နေရမှုအတွင်း၌ ပိတ်မိနေလေတော့သည်။ အနာဂတ်တွင် ငွေကြေးလုံလောက်ပါမည်ဟု မည်သည့်အရာကမျှ အာမမခံနိုင်သည့်အခါ လူတို့သည် ငွေမည်မျှပင် ရှိထားပြီးစေကာမူ ငွေနောက် တကောက်ကောက်လိုက်ခြင်း အမှုကို မည်သည့်အခါမျှ ရပ်နားခြင်းမရှိတော့ပေ။

ရောဂါဘယများ - စီးပွားရေးစနစ်သည် လူသားတို့၏ ကျန်းမာရေးအပေါ် ကြီးမားသော သက်ရောက်မှုရှိသော်လည်း အများက သတိမမူမိကြပေ။ ကမ္ဘာ့စီးပွားရေးစနစ်ကြောင့် ဖြစ်ပွားသော မညီမျှမှုများကြောင့် ဆင်းရဲမွဲတေမှုပမာဏက ကမ္ဘာပေါ်၌ လွှမ်းမိုးလျက်ရှိသည်။ နှစ်စဉ် လူပေါင်း တစ်ဘီလျံကျော် သေဆုံးနေရပြီး ကလေးငယ် ၁ ဒသမ ၅ သန်းသည် အလွယ်တကူ ကာကွယ်ကုသ၍ရနိုင်သော ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးနေကြရသည်။ လေ့လာချက်များအရ ဆင်းရဲမွဲတေမှု၌ နေထိုင်နေရသူများသည် ပိုမိုကောင်းမွန်သော အာဟာရ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအတွက် ရန်ပုံငွေချို့တဲ့သောကြောင့် ကျန်းမာစေသော အမူအကျင့်များ နိမ့်ပါးပြီး နှလုံးရောဂါကဲ့သို့ ရုပ်ပိုင်းဆိုင်ရာရောဂါများ ပို၍ဖြစ်ပွားလွယ်ကြောင်း သိရသည်။ ၎င်းအပြင် စိတ်ဖိစီးမှု မြင့်မားသောကြောင့်လည်း စိတ်ပိုင်းဆိုင်ရာရောဂါများ အဖြစ်များသည်။

သဘာဝကို ပျက်စီးစေမှု - အမြဲမပြတ် လည်ပတ်သုံးစွဲနေရန် လိုအပ်ချက်ကြောင့် စီးပွားရေးစနစ်သည် ကမ္ဘာကြီးကို ပြန်လည်ပြင်ဆင်၍မရအောင် ထိခိုက်စေလျက်ရှိသည်။ လူတို့၏ လက်ရှိဝယ်ယူမှုများကို ရပ်တန့်လိုက်ပါက အရောင်းအဝယ် အနည်းငယ်မျှသာရှိပါက အလုပ်အကိုင်အနည်းငယ်မျှသာ လိုအပ်တော့ပြီး အလုပ်လက်မဲ့ ပို၍များပြားလာမည်ဖြစ်သည်။ ယင်းကဲ့သို့ သုံးစွဲမှုကို အကြီးအကျယ် လျှော့ချလိုက်ပါက စီးပွားရေးသည် ကျုံ့သည်ထက် ကျုံ့ဝင်လာပြီး ပြိုလဲပျက်စီးသွားမည်ဖြစ်သည်။ စီးပွားရေးစနစ်အတွင်း ငွေကြေးလည်ပတ် စီးဆင်းနေစေရန်အတွက် အဆက်မပြတ်သုံးစွဲမှု လိုအပ်မည်ဖြစ်သည်။ သို့သော် ပြဿနာမှာ လူသားတို့၏သုံးစွဲမှု ပို၍များလေလေ၊ စွန့်ပစ်ပစ္စည်း ပို၍များလေလေဖြစ်သည်။ ယင်းစွန့်ပစ်ပစ္စည်းများသည် ပင်လယ်ရေသတ္တဝါများကို သေဆုံးစေခြင်း၊ မြေဆီလွှာကို ပျက်စီးစေခြင်း၊ လေထုညစ်ညမ်းစေခြင်း၊ အစားအစာများကို အဆိပ်သင့်စေခြင်းတို့ ဖြစ်ပွားစေကာ ဇီဝမျိုးကွဲများတည်ရှိမှုကို ဆုံးရှုံးစေလျက် အခြားပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများစွာကိုလည်း ဖြစ်ပေါ်စေသည်။

ထို့ကြောင့် လူသားတို့အနေဖြင့် စီးပွားရေး၏ ဆိုးကျိုးများကို ဖြေရှင်းခြင်းမပြုဘဲ စီးပွားချည်းသက်သက်သာ ရှာနေမည်ဆိုပါက ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်စုတစ်ရပ်လုံးသည် ပျက်သုဉ်းခြင်းဆီသို့သာ ဦးတည်နေသည်ဟု ဆိုရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

ဒီဇင်ဘာ ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent