ရဲတပ်ဖွဲ့၏ ရဲဇာနည် Page တွင် ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်သော ကလေးငယ်နှင့် ၎င်း၏မိဘများ အမည်၊ နေရပ်နှင့် အလုပ်အကိုင် အသေးစိတ် ပါဝင်သည့် မှတ်တမ်းစာရွက်များ တင်ခဲ့မှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်

ရဲတပ်ဖွဲ့၏ ရဲဇာနည် Page တွင် ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်သော ကလေးငယ်နှင့် ၎င်း၏မိဘများ အမည်၊ နေရပ်နှင့် အလုပ်အကိုင် အသေးစိတ် ပါဝင်သည့် မှတ်တမ်းစာရွက်များ တင်ခဲ့မှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်
Published 20 December 2019
ဇေယျာထွန်း

နေပြည်တော်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် ဗစ်တိုးရီးယား၏ အမှုတွင် ကလေးငယ်ဖြစ်သူသည် မည်သူမည်ဝါ ဖြစ်သည်ကို သတင်းမီဒီယာများက နာမ်စားဖြင့်သာ အသုံးပြုခဲ့သော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လူမှုကွန်ရက် အကောင့်ဖြစ်သော ရဲဇာနည် Page တွင် ရဲတပ်ဖွဲ့က ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်သည့် ကလေးနှင့် ၎င်း၏မိဘများအမည်၊ နေရပ်နှင့် အလုပ်အကိုင် အသေးစိတ်ကို မှတ်တမ်းတင်ထားသည့်ဖိုင်များ တင်ခဲ့မှုအပေါ် လူမှုကွန်ရက် အသုံးပြုသူများက အပြင်းအထန် ဝေဖန်ခဲ့ကြသည်။

လိင်အကြမ်းဖက်ခံခဲ့ရသည့် မိန်းကလေးငယ်၊ ဗစ်တိုးရီးယား၏ အမည်ကို ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ညဦးပိုင်းခန့်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာဖြစ်သော ရဲဇာနည် Facebook Page တွင် ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်သည့် စစ်ဆေးချက်များကို တင်ခဲ့ခြင်းဖြစ်သည်။

အထက်ပါကဲ့သို့ ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရမှုနှင့် ပတ်သက်သည့် စာရွက်၊ စာတမ်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူမှုကွန်ရက်စာမျက်နှာ၌ တင်ခဲ့မှုကို လူမှုကွန်ရက် အသုံးပြုသူများက ပြင်းထန်သည့် မှတ်ချက်များဖြင့် ဝေဖန်ခဲ့ကြပြီး ရဲဇာနည် လူမှုကွန်ရက်တွင် တင်ထားသည့် Post မှာလည်း နာရီပိုင်းအတွင်း ပြန်လည်ဖြုတ်ချခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

“အဲဒါကတော့ နှစ်ခုပေါ့ဗျာ။ တစ်ခုကတော့ သူတို့က မသိလို့လား။ မသိလို့ ဆိုရင်တော့ နလပိန်းတုံး နိုင်လွန်းတယ်လို့ ထင်တယ်။ ဥပဒေကို အတည်ပြုပေးရမယ့် အဖွဲ့အစည်းက ဥပဒေကိုမသိလို့ ချိုးဖောက်တာဆိုရင် ဖရိုဖရဲ ဖြစ်နေတယ်။ သူတို့ကို အထင်ကြီးစရာ တော်တော်မရှိသွားပြီ။ နောက်တစ်ခါ သိလျက်နဲ့ တမင်လုပ်တာလား။ သူတို့ရဲ့ ထွက်ပေါက်ကို တစ်ခုခုရှာချင်တာလား။ တစ်ခုခု တိုက်ချင်တာလား။ အဲဒါဆိုရင်တော့ အထင်သေးစရာပေါ့ဗျာ။ ဒါက ကောက်ကျစ်သလို ဖြစ်သွားတာပေါ့။ အောက်စည်းက ထိုးတာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ်ပြောကြားသည်။

ထိုသို့ အခင်းဖြစ်ပွားလျက်ရှိသော ကလေးသူငယ်အမှုနှင့် ပတ်သက်သည့် အချက်အလက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် တရားဝင် လူမှုကွန်ရက်မှတစ်ဆင့် ဖြန့်ဝေခြင်းသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ငြိစွန်းလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

ဦးခင်မောင်ဇော်က “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ၉၆ (ဃ) တွင် မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးငယ် သို့မဟုတ် မှုခင်းတွင် သက်သေအဖြစ် ပါဝင်နေသော ကလေးငယ်သည် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မှုခင်းသတင်း အချက်အလက်များ ရယူခြင်း၊ ထည့်သွင်းခြင်းနှင့် ကြေညာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ယူခြင်း၊ သတင်းစာ၊ ဂျာနယ်နှင့် စာအုပ်စာတမ်းများတွင် ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်းမပြုရ။ သို့မဟုတ် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုဆက်သွယ်ရေး နည်းလမ်းများတွင် ထုတ်ဝေခြင်း မပြုရလို့ ပြောတယ်။ ဒါက တားမြစ်ချက်ပါ” ဟု ပြောကြားသည်။

အဆိုပါ သတ်မှတ် ပြဋ္ဌာန်းချက်အား ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် မည်သူမဆို (လူပုဂ္ဂိုလ် တစ်ယောက်ချင်း၊ မည်သည့်အဖွဲ့အစည်းမဆို) သတ်မှတ်ထားသော ပြစ်ဒဏ်များကို ကျခံရမည် ဖြစ်သည်ဟု ဖော်ပြပါရှိကြောင်း သိရသည်။

Most Read

Most Recent