ကျန်းမာရေး၊ ပညာရေး၊ စီးပွွားရေး၊ ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်နိုင်ရန်နှင့် ကိုကိုးကျွန်းသို့ အလည်အပတ် သွားရောက်နိုင်ရန် ရန်ကုန်နှင့် ကိုကိုးကျွန်း အသွားအပြန် ခြောက်ရက်တာ ခရီးစဉ် ဇန်နဝါရီတွင် စတင်မည်

ကျန်းမာရေး၊ ပညာရေး၊ စီးပွွားရေး၊ ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်နိုင်ရန်နှင့် ကိုကိုးကျွန်းသို့ အလည်အပတ် သွားရောက်နိုင်ရန် ရန်ကုန်နှင့် ကိုကိုးကျွန်း အသွားအပြန် ခြောက်ရက်တာ ခရီးစဉ် ဇန်နဝါရီတွင် စတင်မည်
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်း ကမ်းခြေနေရာ အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်း ကမ်းခြေနေရာ အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
Published 20 December 2019
ဆန်းထူးအောင်

ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်နိုင်ရန်နှင့် ကိုကိုးကျွန်းသို့ အလည်အပတ် သွားရောက်နိုင်ရန် ရန်ကုန်နှင့် ကိုကိုးကျွန်း အသွားအပြန် ခြောက်ရက်တာ ခရီးစဉ်အား ၂၀၂၀ ဇန်နဝါရီလတွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ ဦးဆောင်သော အဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကိုကိုးကျွန်းမြို့နယ်သို့ သွားရောက်ခဲ့သည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့အတူ စီမံဘဏ္ဍာဝန်ကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကိုကိုးကျွန်းမြို့နယ်ကလည်း ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ၄၅ မြို့နယ်ထဲက တစ်ခုဖြစ်တယ်။ အဲဒီမြို့နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရန်ကုန်တိုင်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့အတူ ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ နဂိုကတည်းက ဆောင်ရွက်နေတဲ့ အချက်တွေပေါ် မူတည်ပြီးတော့ ဒီထက်ပိုမို ဖွံ့ဖြိုးဖို့အတွက် ဒီခရီးစဉ်ကို စတင်တာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ထို့ပြင် ကိုကိုးကျွန်းသို့ ပြေးဆွဲမည့်သင်္ဘော ဝယ်ယူခြင်းမဟုတ်ဘဲ ငှားရမ်းပြေးဆွဲခြင်းသာဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

“တိုင်းဒေသကြီး အစိုးရကနေပြီးတော့ ငှားရမ်းသုံးစွဲမှာ ဖြစ်ပါတယ်။ ကိုကိုးကျွန်းနေ ပြည်သူများရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးတွေကို အဓိကထား ဦးတည်ပြီးတော့ ဆောင်ရွက်တာ ဖြစ်သလို၊ ကိုကိုးကျွန်းမှာ ရှိနေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကလည်း လုပ်ငန်းတာဝန် ပြီးဆုံးသော်လည်း သင်္ဘောမရလို့၊ လေယာဉ်မရှိလို့နဲ့ မပြန်ရတာတွေကို ဖြေလျှော့တဲ့အတွက် သင်္ဘောပြေးဆွဲမယ့် လုပ်ငန်းကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ သင်္ဘောငှားရမ်းမှုကို သတင်းထုတ်ပြန် သွားပါ့မယ်။ ပြည်တွင်းသင်္ဘောကိုပဲ ငှားရမ်းမှာ ဖြစ်တယ်။ ဆက်ပြီးတော့ သတင်းထုတ်ပြန် သွားပါ့မယ်” ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ဝန်ကြီးများသည် မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် တွေ့ဆုံပြီး ၂၀၁၉- ၂၀၂၀ ဘဏ္ဍရေးနှစ်၏ စီမံကိန်း လုပ်ငန်းများ၊‌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ပြီး၊ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ ပြည်သူများ၏ တင်ပြတောင်းဆိုမှုများကိုလည်း ဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်သို့ ဝန်ကြီးများနှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်‌နေ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ‌ဒေသဖွံ့ဖြိုးရေး ပိုမို‌ဆောင်ရွက် ပေးနိုင်ရန်နှင့် ကိုကိုးကျွန်းသို့ အလည်အပတ် သွားရောက်နိုင်ရန်အတွက် ရန်ကုန်နှင့် ကိုကိုးကျွန်း အသွားအပြန် ခြောက်ရက်တာ ခရီးစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီမှ စတင်ကာ လတစ်လ၏ ပထမပတ်တွင် သ‌င်္ဘော စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) တွင် ကိုကိုးကျွန်းသို့ ပြေးဆွဲရန် သင်္ဘောဝယ်ယူမည့် အစီအစဉ်၊ ရဲတပ်ဖွဲ့ရုံး တည်ဆောက်မည့် အစီအစဉ်နှင့် စုပေါင်းရာဇဝတ်ရုံး တည်ဆောက်မည့် အစီအစဉ်များကို ပယ်ဖျက်လိုက်ပြီး အခြားလုပ်ငန်းများတွင် ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ၂၀၁၉ ဇွန် ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

Most Read

Most Recent