ရခိုင်ပြည်နယ် မာန်အောင်မြို့သို့ ဒီဇင်ဘာ ၁၉ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မရောက်ရှိမီ နာရီပိုင်းအလို မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာတွင် တည်ဆောက်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံမှ မာန်အောင်မြို့နယ်အတွင်း ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ၂၄ နာရီ ထုတ်လွှတ်ပေးနိုင်မှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သွားရောက်ခဲ့ခြင်းဖြစ်သည်။
“ငအမ်းရွာအနီးမှာ ဗုံးသုံးလုံးပေါက်တယ်ဆိုပြီး မာန်အောင်က ကျွန်တော့်ကို သတင်းပို့ပါတယ်။ သူတို့ပြောတဲ့ စကားအရ ဆိုရင်တော့ သေချာသလောက် ရှိပါတယ်” ဟု မာန်အောင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမောင်က ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့သည့် အခမ်းအနားသည် နံနက် ၁၀ ကျော်နာရီတွင် ပြုလုပ်ခြင်းဖြစ်ပြီး မိုင်းပေါက်ကွဲမှုသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မာန်အောင်မြို့သို့မရောက်မီ နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၉ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ်ရှိနေသဖြင့် မာန်အောင်မြို့ပေါ်တွင် ယခင်ရက်ကတည်းက လုံခြုံရေးကို အထူးတင်းကျပ် ထားခဲ့ခြင်းလည်းဖြစ်သည်။
“မာန်အောင်မှာ ဗုံးသုံးလုံးကွဲတယ်လို့ပဲ ကျွန်တော်တို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့မရှိပါဘူး။ အသေးစိတ် အခြေအနေတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုပဲ မေးလိုက်ပါ။ မနက် ၆ နာရီခွဲလောက်က ဖြစ်သွားတာပါ။ တစ်ချိန်တည်း ကွဲတာပါ။ မာန်အောင် ဟိုတယ်နဲ့ နီးတယ်လို့ သိရပါတယ်။ လူထုတွေ့ဆုံပွဲလုပ်တဲ့ နေရာနဲ့တော့ ဝေးပါတယ်။ တခြားသိလိုတာရှိရင် ရဲတပ်ဖွဲ့ကို မေးလိုက်ပါ” ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားသည်။
မိုင်းပေါက်ကွဲမှုသည် မာန်အောင်မြို့ ငအင်းကျေးရွာအုပ်စု ငအင်းကျေးရွာ သုသာန်ရှေ့ရှိ ကားလမ်းနံဘေးတွင် မိုင်းတစ်လုံး၊ ခြောက်ပေခန့် အကွာတွင် ၎င်းနေရာ ကားလမ်း၏ တစ်ဖက်၌ မိုင်းနှစ်လုံး စုစုပေါင်းသုံးလုံး တစ်ချိန်တည်းခန့်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန MOI Webportal တွင် ထုတ်ပြန်ချက်အရ သိရသည်။
“ကျွန်တော်တို့ ခေါင်းဆောင်က အစားထိုးလို့ မလွယ်တဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် စိုးရိမ်ပူပန်မှုတော့ ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုယူဆချက်ရှိလဲ။ မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာအားလုံးဟာ နိုင်ငံရေးအပေါ်မှာပဲ မူတည်နေတယ်လို့ ထင်ပါတယ်။ ဒီလက်နက်ကိုင် ပဋိပက္ခတွေရော နိုင်ငံ့စီးပွားရေးကော အကုန်လုံးက နိုင်ငံရေးအပေါ်မှာပဲ မူတည်နေပါတယ်။ အဲဒီတော့ နိုင်ငံရေးကို ရှေ့တိုးပြီးတော့ အဆင်ပြေအောင် တိုင်းရင်းသား အချင်းအချင်း၊ အဖွဲ့အစည်းအချင်းချင်း အမြန်ဆုံးညှိနှိုင်းဖို့ လိုလာပြီဆိုတဲ့ လက္ခဏာမျိုးပဲ ဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်ကို ခြိမ်းခြောက်တဲ့ သဘောလား။ လက်နက်ကိုင် ပဋိပက္ခရှိတဲ့ နယ်မြေကို သွားတဲ့အခါမှာ အနည်းဆုံး ဒီလောက်တော့ မျှော်လင့်ထားရမှာပါပဲ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့သည် မာန်အောင်သို့ နံနက် ၉ နာရီတွင် ရောက်ရှိလာပြီး နံနက် ၁၁ နာရီခွဲတွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ယင်းမိုင်းပေါက်ကွဲမှု ဖြစ်စဉ်အပေါ် မာန်အောင်မြို့မရဲစခန်းမှ (ပ)၂၀၉/၂၀၁၉၊ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (စျ) ဖြင့် အမှုဖွင့်လှစ်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။
မာန်အောင်မြို့သည် ရေပတ်လည်ဝိုင်းရံထားသော ကျွန်းပေါ်တွင် တည်ရှိသည့် မြို့တစ်ခုဖြစ်ကာ ယခင်က ထိုကဲ့သို့ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။















