ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွန်ဖုက မြန်မာနိုင်ငံရှိ ဗီယက်နမ်တို့၏ ရင်းနှီးမြှုပ်နှံမှုများကို သွားရောက်ကြည့်ရှုခဲ့

ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွန်ဖုက မြန်မာနိုင်ငံရှိ ဗီယက်နမ်တို့၏ ရင်းနှီးမြှုပ်နှံမှုများကို သွားရောက်ကြည့်ရှုခဲ့
ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွန်ဖု ဒီဇင်ဘာ ၁၈ ရက်က BIDV ၏ ရန်ကုန်ရုံးခွဲသို့ ရောက်ရှိစဉ် (Photo- TGVN)
ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွန်ဖု ဒီဇင်ဘာ ၁၈ ရက်က BIDV ၏ ရန်ကုန်ရုံးခွဲသို့ ရောက်ရှိစဉ် (Photo- TGVN)
Published 19 December 2019
Ref: VNS

 

ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွန်ဖုသည် ဒီဇင်ဘာ ၁၈ ရက်က သူ၏ မြန်မာနိုင်ငံခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက်နမ်တို့၏ ရန်ကုန်မြို့ရှိ အထင်ကရ ရင်းနှီးမြှုပ်နှံမှုများအနက် အချို့နေရာများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယင်းတို့အနက် နေရာတစ်ခုမှာ တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Mytel ဖြစ်သည်။ Mytel ကို Viettel Military Industry and Telecoms နှင့် အခြားမြန်မာနိုင်ငံမှ မိတ်ဖက်ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းလုပ်ကိုင်ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် Mytel သည် လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ရာ ၁၈ လကြာပြီးနောက် ယခုအခါ ဖောက်သည်ရှစ်သန်းကျော်ရှိနေပြီဖြစ်ပြီး တယ်လီဖုန်းဆက်သွယ်ရေး စျေးကွက်ဝေစု ၂၂ ရာခိုင်နှုန်းရရှိထားကြောင်း သိရသည်။ Mytel သည် မိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက် အော်ပရေတာများအနက် တတိယအကြီးဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင် အမြန်ဆုံးကြီးထွားလာသည့် တယ်လီဖုန်းဆက်သွယ်ရေး အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်လာသည်။

Mytel သည် ဒေသခံပြည်သူများ (အထူးသဖြင့် ကျောင်းသားများ)၏ လူနေမှုအဆင့်အတန်း တိုးတက်ရေးကို အထောက်အကူပြုသည့် လူမှုစီမံကိန်းများ၌လည်း ပါဝင်လျက်ရှိသည်။ ယခုအခါ Mytel သည် ကျောင်းပေါင်း ၂၀၀ ခန့်အတွက် အင်တာနက်ဝန်ဆောင်မှုကို အခမဲ့ထောက်ပံ့ပေးနေပြီး မြန်မာနိုင်ငံအတွက် အရည်အသွေး အဆင့်မြင့် တယ်လီဖုန်းဆက်သွယ်ရေးဝန်ထမ်း ရာနှင့်ချီလျက်ကို လေ့ကျင့်သင်တန်းပေးခဲ့သည်။

ငုယင်ဆွန်ဖုက မြန်မာနိုင်ငံရှိ Mytel ၏ လုပ်ဆောင်ချက်များကို အကြီးအကျယ်ချီးကျူးခဲ့ပြီး Mytel သည် အခြားဗီယက်နမ်လုပ်ငန်းများကိုလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ယုံကြည်မှုမြင့်မားစေခဲ့ကြောင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုအားကောင်းစေခဲ့ကြောင်း ပြောကြားခဲ့သည်။

ငုယင်ဆွန်ဖုက Mytel ၏ အောင်မြင်မှုသည် Viettel ကုမ္ပဏီ၏ နည်းပညာဆိုင်ရာ အောင်မြင်မှုများ (အထူးသဖြင့် 5G နည်းပညာ)ထဲသို့ ထည့်ဝင်မှုပြုလုပ်နိုင်ခဲ့ကြောင်းနှင့် ဗီယက်နမ်သည် သူ၏ ခေတ်အမီဆုံး နည်းပညာများကို မြန်မာနိုင်ငံသို့ ဆောင်ကြဉ်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းအနေအထားနှင့်ပတ်သက်၍ ဗီယက်နမ်ဝန်ကြီးချုပ်က Mytel နှင့် သူ၏မိတ်ဖက်များ ဖွံ့ဖြိုးရေးကို ကူညီခဲ့ခြင်းအတွက် မြန်မာအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာအေဂျင်စီများကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။

Mytel သည် ပြည်တွင်းတယ်လီဖုန်း စျေးကွက်၌ ပိုမိုမြင့်မားသည့်အဆင့်ကို ရောက်ရှိသည်အထိ ဆက်လက်ကြီးထွားလာလိမ့်ဦးမည် ယူဆကြောင်းလည်း ဗီယက်နမ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ငုယင်ဆွန်ဖုက Mytel သည် မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းဆက်သွယ်ရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် e- Government ဝန်ဆောင်မှုများကို ဖွံ့ဖြိုးလာစေလိမ့်မည်ဖြစ်ကြောင်းနှင့် အခြားဗီယက်နမ်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများလည်း မြန်မာနိုင်ငံ၌ လာရောက်လုပ်ကိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်မှာပင် ဗီယက်နမ်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံရှိ HDBank ၏ ပထမဆုံးကိုယ်စားလှယ်ရုံး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရန်ကုန်မြို့၌ အခြေစိုက်သည့် အဆိုပါရုံးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ငွေလွှဲပြောင်းမှုလုပ်ဆောင်ချက်များကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ HDBank ၏ ဖောက်သည်များကို ထောက်ပံ့မှုပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းဆိုင်ရာ ဆက်သွယ်ချက်များနှင့်ပတ်သက်၍ ဘဏ်၏မိတ်ဖက်များကို ထောက်ကူပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

HDBank သည် ဗီယက်နမ်-မြန်မာ စီးပွားရေးဆက်သွယ်ချက်၊ မြန်မာနှင့် ဗီယက်နမ် လုပ်ငန်းအသိုင်းအဝိုင်း နှစ်ရပ်စလုံး ဖွံ့ဖြိုးမှုနှင့် နိုင်ငံရပ်ခြားစျေးကွက်များ၌ HDBank ၏ ပုံရိပ် အစရှိသည်တို့ကို အားကောင်းစေလိမ့်မည်ဟု မျှော်လင့်ထားသည်။

ငုယင်ဆွန်ဖုသည် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ် BIDV ၏ ရန်ကုန်မြို့ဘဏ်ခွဲသို့လည်း သွားရောက်ခဲ့သည်။ BIDV သည် ယခုအထိ မြန်မာနိုင်ငံ၌ လိုင်စင်ရရှိသည့် ပထမဆုံးနှင့် တစ်ခုတည်းသော ဗီယက်နမ်ဘဏ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စတင်လုပ်ကိုင်ခဲ့သည်။

၂၀၁၉ ခုနှစ်အကုန်တွင် ရန်ကုန်မြို့ရှိ ၎င်းတို့ဘဏ်ခွဲသည် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်နှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့် ဗီယက်နမ်ကုမ္ပဏီအများစုပါဝင်သော အဖွဲ့အစည်းများနှင့် လုပ်ငန်းများဖြစ်သည့် ဖောက်သည်ပေါင်း ၂၀၀ နီးပါးခန့်ကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း BIDV က အစီရင်ခံခဲ့သည်။

ဗီယက်နမ်ဝန်ကြီးချုပ်သည် BIDV ၏ ရန်ကုန်၌ လုပ်ဆောင်ချက်များကို ချီးကျူးခဲ့ပြီး BIDV သည် မြန်မာနိုင်ငံရှိ ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများအတွက် ငွေထုတ်ချေးပေးခြင်းဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်များနှင့်ပတ်သက်၍ ထောက်ပံ့ကူညီခြင်းဖြင့်လည်းကောင်း အလွန်အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်နေကြောင်းလည်း ပြောကြားခဲ့သည်။

ဖောက်သည်တို့၏ တောင်းဆိုမှုများ ပြည့်မီစေရန်နှင့် ၎င်းတို့၏လုပ်ငန်းဆိုင်ရာ ပစ်မှတ်များကို သိမြင်စေရန် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၌ နည်းပညာအသစ်များနှင့် ခေတ်မီသော အုပ်ချုပ်မှုပုံစံကို ကျင့်သုံးနေသကဲ့သို့ လုပ်ငန်းစုများအတွက်လည်း ငွေထုတ်ချေးပေးခြင်းနှင့် ထောက်ပံ့ကူညီခြင်းတို့အား မြှင့်တင်ဆောင်ရွက်ပေးရန် ဗီယက်နမ်ဝန်ကြီးချုပ်က BIDV ကို တောင်းဆိုခဲ့သည်။

ဗီယက်နမ်ဝန်ကြီးချုပ်သည် ဗီယက်နမ်သံရုံးသို့လည်း သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဗီယက်နမ်အသိုင်းအဝိုင်းများမှ ကိုယ်စားလှယ်များ၊ ဗီယက်နမ်- မြန်မာ ချစ်ကြည်ရေး အဖွဲ့၏ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။

ဗီယက်နမ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟနွိုင်းမြို့သို့ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်း၌  ပြန်လည်ရောက်ရှိခဲ့သည်။

 

 

Most Read

Most Recent