လိုအပ်ချက်များကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည်ဆိုပါက ထိခိုက်နာကျင်မှု အနည်းဆုံးမဖြစ်၍ လားဆိုသည်ကို စဉ်းစားဆုံးဖြတ်ရန်လိုပြီး လက်နက်ကိုင်နေခြင်းသည် သတ္တိရှိခြင်းမဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

လိုအပ်ချက်များကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည်ဆိုပါက ထိခိုက်နာကျင်မှု အနည်းဆုံးမဖြစ်၍ လားဆိုသည်ကို စဉ်းစားဆုံးဖြတ်ရန်လိုပြီး လက်နက်ကိုင်နေခြင်းသည် သတ္တိရှိခြင်းမဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မာန်အောင်မြို့တွင် ဒေသခံများနှင့် တွေ့ဆုံစဉ်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မာန်အောင်မြို့တွင် ဒေသခံများနှင့် တွေ့ဆုံစဉ်
Published 19 December 2019

လိုအပ်ချက်များကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည်ဆိုပါက ထိခိုက်နာကျင်မှု အနည်းဆုံး မဖြစ်၍လားဆိုသည်ကို စဉ်းစားဆုံးဖြတ်ရန်လိုပြီး လက်နက်ကိုင်နေခြင်းသည် သတ္တိရှိခြင်းမဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မာန်အောင်မြို့တွင် ဒီဇင်ဘာ ၁၉ ရက်က ဖွင့်လှစ်သည့် ဆိုလာဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မာန်အောင်မြို့သို့ရောက်ရှိစဉ် ဒေသခံများနှင့်လည်း တွေ့ဆုံစကားပြောကြားခဲ့ပြီး ဒေသခံများ၏ မေးမြန်းမှုအချို့ကို ပြန်လည်ဖြေ ကြားခဲ့သည်။

ရှေးအဆက်ဆက် မူဝါဒအမှားများ၊ စီမံခန့်ခွဲမှု အားနည်းချက်များကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေချိန်တွင် လက်နက်ကိုင်ပဋိပက္ခများလည်း ရှိနေမည်။ တည်ငြိမ်အေးချမ်းမှုလည်း မရှိပါက ဒေသခံလူထုမှာ ဖွံ့ဖြိုးတိုးတက်ရေးကို အသာထားပြီး အသက်ရှင်ရပ်တည်ရေးအတွက် အနိုင်နိုင်ရုန်း ကန်နေကြရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ဒါကြောင့် ဘာပဲလုပ်လုပ် ဒေသခံအတွက် စဉ်းစားပေးပါလို့ ကျွန်မတို့ အမြဲတမ်းပြောနေတာပါ။ ကိုယ့်ရဲ့လုပ်ရပ်ဟာ ဒေသခံတွေအတွက် ပိုပြီးကောင်းသွားစရာလား၊ ဆိုးသွားစရာလား အလွယ်တကူသိနိုင်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့လိုလားချက်တွေကို လက်နက်ကိုင်ပြီး အကြမ်းနည်းနဲ့ တောင်းဆိုဖို့ လိုပါရဲ့လား။ အကြမ်းနည်းကြောင့် မိမိတို့ဆွေမျိုးသားချင်းတွေ ထိခိုက်ခံစားနေရတာ တကယ်ပဲ လိုအပ်လို့လား။ မိမိတို့လိုအပ်ချက်တွေကို နိုင်ငံရေးနည်းနဲ့ အဖြေရှာမယ်ဆိုရင် ထိခိုက်နာကျင်မှု အနည်းဆုံးမဖြစ်ဘူးလားဆိုတာကို သေသေချာချာ စဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်။ လက်နက်ကိုင်နေတယ်ဆိုတာ သတ္တိရှိလို့ မဟုတ်ပါဘူး။ လက်နက်မကိုင်ဘဲနဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင် ဇွဲ၊ ဝီရိယနဲ့သွားနိုင်မှ ဒါမှ တကယ့်သတ္တိပါ။ လက်နက်ကိုင်မှ သတ္တိရှိတယ်ဆိုရင် လက်နက်မကိုင်သူက ဘာမှမဟုတ်တော့ဘူးဆိုတော့လည်း စဉ်းစားဖို့လိုတယ်။ ကျွန်မတို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက တစ်ရာရာခိုင်နှုန်း ငြိမ်းချမ်းတယ်ဆိုတာမရှိခဲ့ပါဘူး။ တစ်နေရာမဟုတ်တစ်နေရာ ပြည်တွင်းစစ်မီး တောက်လောင်နေတာကို တွေ့ရပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မာန်အောင်မြို့တွင် ဖွင့်လှစ်သည့် ဆိုလာစက်ရုံဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့လည်း တက်ရောက်ခဲ့ကြသည်။

မိမိတို့အစိုးရ တာဝန်ယူပြီးနောက် သုံးနှစ်ခွဲအကြာ ယခုနှစ်ဒီဇင်ဘာတွင် တစ်နိုင်ငံလုံး၏ ဓာတ်အားသုံးစွဲမှု ရာခိုင်နှုန်း ၅၀ အထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ လာမည့် ၂၀၂၅ -၂၀၂၆ တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရာခိုင်နှုန်း ၁၀၀ အထိ မျှော်မှန်းပြီး စီမံကိန်းဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။

“ဒီလိုဆောင်ရွက်ရာမှာ မဟာဓာတ်အားလိုင်းနဲ့ နီးစပ်တဲ့ဒေသတွေမှာ မဟာဓာတ်အားလိုင်းနဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိပါတယ်။ ဓာတ်အားစနစ်နဲ့ အရမ်းဝေးကွာတဲ့ နေရာတွေမှာဆိုရင်တော့ အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်များ၊ လေစွမ်းအင်သုံးလျှပ်စစ်ဓာတ် အားပေးစက်များ၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ် စစ်ဓာတ်အားပေးစက်များနဲ့ ဓာတ်အားပေးလျက်ရှိရာမှာ အခုမာန်အောင်မှာတော့နေ ရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ မြေနေရာအကျယ်အဝန်း များစွာလိုအပ်တယ်။ ရာသီဥတုအပေါ်မှာလည်း မှီခိုရပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်သည် ပတ်ဝန်းကျင်ညစ်ညမ်းမှု အလွန်နည်းပါးစေကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုလျှော့ချနိုင်ခြင်းများ အပါအဝင် အားသာချက်များစွာရှိကြောင်း၊ ရခိုင်ပြည်နယ်အတွက် လုံလောက်သည့် ဓာတ်အားရရှိစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်မှ သဘာဝအရင်းအမြစ်များကို သုံးစွဲ၍ ကျောက်ဖြူဒေသ၌ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ စီမံကိန်းကို ထပ်မံထည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုးတက်မှုများကို ထိထိရောက်ရောက်သုံးစွဲနိုင်ရန် ငြိမ်းချမ်းရေးမှာ လွန်စွာအရေးကြီးကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှ အခြေခံ အဆောက်အအုံများကို အောင်မြင်စွာ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများသည်လည်း ၎င်းတို့အတွက် အကျိုးအမြတ်ရှိမှသာ လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရအဖွဲ့သည် မာန်အောင်သို့ နံနက် ၉ နာရီတွင် ရောက်ရှိလာပြီး နံနက် ၁၁ နာရီခွဲတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent