နူးကမ့်မှာ အမှတ်ခွဲယူခဲ့ကြတဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်

နူးကမ့်မှာ အမှတ်ခွဲယူခဲ့ကြတဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်
Photos: Getty Images, EPA & Reuters
Photos: Getty Images, EPA & Reuters
Published 19 December 2019

■ ဘာစီလိုနာ ၀-၀ ရီးယဲလ်မက်ဒရစ်

အခုရာသီ လာလီဂါပြိုင်ပွဲမှာ ရမှတ်တူနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေတဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ နူးကမ့်က El Clásico ပွဲကတော့ ဂိုးမရှိသရေကျခဲ့ပြီး တစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။ 

အိမ်ရှင် ဘာစီလိုနာအသင်းမှာ မက်ဆီ၊ ဆွာရက်ဇ်၊ ဂရီးဇ်မန်း၊ ရာကီတစ်၊ ပီကေး၊ စတီဂန်တို့နဲ့ လူစုံခဲ့ပြီး ရီးယဲလ်အသင်းမှာလည်း ဒဏ်ရာရနေတဲ့ ဟာဇက်ကလွဲရင် ဘန်ဇီမာ၊ ဘေးလ်၊ အစ္စကို၊ တိုနီကရို့စ်၊ ကက်စမဲရိုးတို့နဲ့ လူစုံပါဝင်ခဲ့တာပါ။ 

ဒီနေ့ပွဲမှာ ပါဝင်ခဲ့တဲ့ ရီးယဲလ်နောက်ခံလူ ရာမို့စ်ကတော့ El Clásico (၄၃)ပွဲမြောက် ပါဝင်ဆင်နွှဲခဲ့တာဖြစ်ပြီး ဇာဗီ၊ ဂျန်တို၊ မက်ဆီ (၄၂ ပွဲစီ)တို့ကို ကျော်ကာ El Clásico ပွဲအများဆုံးကစားသူအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းအနေနဲ့ အိမ်ကွင်းမှာ ရီးယဲလ်အသင်းကို ဘောလုံးပိုင်ဆိုင်မှု မဆိုစလောက် အသာရခဲ့ပေမယ့် ပထမပိုင်းမှာ ရီးယဲလ်အသင်းက အခွင့်အရေးတွေ ပိုမိုဖန်တီးနိုင်ခဲ့သလို၊ ဂိုးသွင်းခွင့်တွေလည်း ပိုရခဲ့တယ်။ 

ရီးယဲလ်ဘက်က ဘန်ဇီမာ၊ ကက်စမဲရိုး၊ ဗယ်လ်ဗာဒီတို့ရဲ့ ကန်ချက်တွေကို စတီဂန်ကာကွယ်နိုင်ခဲ့သလို၊ ကက်စမဲရိုးရဲ့ ခေါင်းတိုက်ချက် တစ်ကြိမ်ကိုလည်း ပီကေး ဂိုးစည်းပေါ်က ရှင်းထုတ်ခဲ့ရပါတယ်။ 

ဘူးစကွက်စ်ကို အသုံးမပြုခဲ့တာကြောင့် ဘာစီလိုနာကွင်းလယ်ဟာ ရီးယဲလ်ကွင်းလယ်ကို မယှဉ်နိုင်ဖြစ်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ရီးယဲလ်အသင်း ဂိုးပေါက် (၁၂) ကြိမ်အထိ ရှိခဲ့ပေမယ့် ဘာစီလိုနာကတော့ (၄) ကြိမ်လောက်ပဲ ရခဲ့ပါတယ်။ အဲဒီထဲမှာ ဖြတ်တင်ဘောကနေ ကော်တိုအာ ပုတ်ထုတ်လိုက်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို မက်ဆီ ကန်သွင်းခဲ့တဲ့ တစ်ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ပြီး အဲဒီဘောလုံးကို ရာမို့စ်က ရှင်းထုတ်နိုင်ခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်း ပွဲကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပြီး ဆယ်မီဒိုနေရာမှာ ဗီဒယ်လ်ကို လူစားဝင်ကစားစေခဲ့တယ်။ ဒါပေမဲ့ ဘာစီလိုနာအနေနဲ့ ရီးယဲလ်ကို ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ 

ရီးယဲလ်ကွင်းလယ်က ကက်စမဲရိုး၊ ဗယ်လ်ဗာဒီတို့ဟာ လုပ်အားနှုန်းကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းက အစ္စကို၊ ဘေးလ်၊ ဘန်ဇီမာတို့ကလည်း ဘာစီလိုနာခံစစ်ကို အလုပ်ရှုပ်စေခဲ့ပါတယ်။ 

ဘာစီလိုနာတိုက်စစ်မှာတော့ မက်ဆီ တစ်ယောက်တည်း ရုန်းကန်ခဲ့ရပြီး ဆွာရက်ဇ်နဲ့ ဂရီးဇ်မန်းတို့ကတော့ ခြေမပေါ်ခဲ့ပါဘူး။

ဒီနေ့ပွဲမှာ ဂါရတ်ဘေးလ် တစ်ဂိုးသွင်းခဲ့ပေမယ့် သူ့ကို ဘောလုံးပေးခဲ့တဲ့ မန်ဒီ လူကျွံနေလို့ ဘာစီလိုနာတို့ သက်သာရခဲ့တယ်လို့ ဆိုရမှာပါ။ 

ဘာစီလိုနာအနေနဲ့ လာလီဂါအမှတ်ပေးဇယားကို ရီးယဲလ်နဲ့ အမှတ်တူအနေအထားမှာ ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်နေနိုင်ဆိုပေမယ့် အိမ်ကွင်းမှာ ကစားတဲ့ ပွဲစဉ်မှာ အနိုင်မရခဲ့တာကတော့ နစ်နာတယ်လို့ပဲ ဆိုရမှာပါ။ 

 

Most Read

Most Recent