ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးခုနစ်ခု၌ ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားထား

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးခုနစ်ခု၌ ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားထား
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရုံးချုပ်ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရုံးချုပ်ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 15 December 2019
ဆန်းထူးအောင်

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး ခုနစ်ခု၌ ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားထားကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြင့်မောင်ထွန်းက ပြောကြားသည်။

“ တိုင်းဒေသကြီး ခုနစ်ခုမှာတော့ ခုနစ်ခုစလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားနေပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲရရှိမှုအနေအထားတွေ၊ ပြည်သူလူထုကနေပြီးတော့ ဘယ်ပါတီတွေကို ဘယ်လိုထောက်ခံသလဲ။ ဘယ်ပါတီရဲ့ အနေအထားတွေက ဘယ်လိုရှိသလဲ ဆိုတာကို လေ့လာသုံးသပ်နေပါတယ်။ ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့က တိုင်းခုနစ် တိုင်းစလုံးမှာ မြို့နယ်တိုင်း မဟုတ်သော်လည်း အဆင်ပြေတယ်လို့နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားထားပါတယ်။ အဲဒါက ပြည်သူလူထုရဲ့ဆန္ဒတွေလည်း အများကြီးပါပါတယ်။ ပြည်သူလူထုက ကျွန်တော်တို့ပါတီအပေါ်မှာ ယုံကြည်တယ်။ စိတ်ချတယ်။ အားကိုးတယ်ဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ပြည်သူလူထုက ရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြန်ပြီးတော့ တာဝန်ပေးပြီး ရွေးချယ်ခံဖို့အတွက် စီစဉ်မှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဘယ်နေရာ ဘယ်မြို့နယ်တွေမှာ ရွေးကောက်ခံမယ် ဆိုတာတော့ တိတိကျကျပြောဖို့ စောပါသေးတယ်” ဟု ဦးမြင့်မောင်ထွန်းက ဆိုသည်။

ထို့ပြင် တိုင်းရင်းသားများနှင့် ပတ်သက်ပြီး မူဝါဒရှိကြောင်း၊ တိုင်းရင်းသား နယ်မြေများအား ဒေသခံတိုင်းရင်းသားများ တာဝန်ယူအုပ်ချုပ်မှုကို လိုလားကြောင်း၊ ထို့ကြောင့် ပြည်နယ်များတွင် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်များရှိ ပါတီများက လိုလိုလားလားဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်ရန် ပြောကြားလာပါက ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ဖိတ်ခေါ်မှုမရှိပါက ပြည်နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားထားမှုမရှိကြောင်း ဦးမြင့်မောင်ထွန်းက ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရမည့် ပါတီတစ်ခုအဖြစ် မမျှော်မှန်းထားသော်လည်း ပါတီအနေဖြင့် အထိုက်အလျောက် ကိုယ်စားလှယ်ရရှိရန် မျှော်မှန်းထားကြောင်း၊ ပါတီအခြေခံအုတ်မြစ်များ ချမှတ်ပြီး လာမည့်ကာလများတွင် ပိုမိုအောင်မြင်ကာ လူထုကြိုက်နှစ်သက်ရန် ကြိုးစားဆောင်ရွက်နေကြောင်း ဦးမြင့်မောင်ထွန်းက ပြောကြားသည်။

“ ပါတီကို မြို့နယ်ကော်မတီတွေ ဖွဲ့မယ်။ ပြီးလို့ရှိရင် အဲဒီဒေသမှာရှိတဲ့ စိတ်ဝင်စားတဲ့ ပါတီဝင်တွေကို စည်းရုံးမယ်။ အဲဒီကနေပြီးတော့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မယ်။ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူလူထုက ဘယ်လောက်ယုံကြည် စိတ်ချသလဲ။ အဲဒီပေါ်မှာ မူတည်ပြီး မြို့နယ်တွေကို ရွေးချယ်မှာ ဖြစ်ပါတယ်” ဟု ဦးမြင့်မောင်ထွန်းက ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရုံးချုပ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်တွင် စမ်းချောင်းမြို့နယ် ပြည်လမ်းရှိ ကမ္ဘောဇ တာဝါတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်ပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်သည့် ပါတီမိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ရှိ Melia Hotel တွင် ပြုလုပ်ခဲ့ပြီး ပြည်သူ့ရှေ့ဆောင်ပါတီသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အဓိကထားဆောင်ရွက်မည်ဖြစ်ပြီး ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်မည့် ပါတီမဟုတ်ကြောင်း ပါတီခေါင်းဆောင်များက ပြောကြားထားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီသည် အောက်တိုဘာ ၂၃ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံက တရားဝင် နိုင်ငံရေးပါတီ မှတ်ပုံတင်ရရှိခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent