ထီရယ်လ်ထန်နိုင်ပွဲယူနိုင်မည်ဟု မျှော်လင့်ထားကြောင်း အောင်လအန်ဆန် သုံးသပ်ခဲ့ပြီး ယုံကြည်မှုအပြည့်ရှိကြောင်း ထီရယ်လ်ထန် ကြုံးဝါး

ထီရယ်လ်ထန်နိုင်ပွဲယူနိုင်မည်ဟု မျှော်လင့်ထားကြောင်း အောင်လအန်ဆန် သုံးသပ်ခဲ့ပြီး ယုံကြည်မှုအပြည့်ရှိကြောင်း ထီရယ်လ်ထန် ကြုံးဝါး
Published 3 December 2019
Myat Htut Kyaw

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဒီဇင်ဘာလ (၆)ရက်နေ့၌ ကျင်းပမည့် ONE CHAMPIONSHIP:MARK OF GREATNESS ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပါ ဝင်ယှဉ်ပြိုင်မည့် ထီရယ်လ်ထန်အနေဖြင့် နိုင်ပွဲယူနိုင်မည်ဟုမျှော်လင့်ထားကြောင်း ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ပြောကြားခဲ့သည်။

အဆိုပါ MARK OF GREATNESS ပြိုင်ပွဲကို ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး ONE ဘင်တန်ဝိတ်တန်း kick Boxing ကမ္ဘာ့ချန်ပီယံလုပွဲနှင့် ONE စတောဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံလုပွဲများ အပါအဝင် တွဲဆိုင်း (၁၂)ဆိုင်း ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အောင်လအန်ဆန်က "ထီရယ်လ်ထန်နဲ့ ပတ်သက်ပြီး အားရကျေနပ်မှုအပြည့်ရှိပါတယ်။ အကောင်းဆုံးလည်း ပြင်ဆင်ထားပါတယ်။ သူ့အနေနဲ့ ပွဲတွေများလာတာနဲ့အမျှ အတွေ့အကြုံပိုရလာမယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ ထိီရယ်လ်ကို ပြိုင်ဘက်ကစားသမားနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ သူ့ရဲ့ နပန်းနဲ့ Stand Fight က ပိုကောင်းတယ်။ မျှော်လင့်တာကတော့ အနိုင်ရဖို့ပါပဲ။ သူ့အနေနဲ့ လေ့ကျင့်ထားတဲ့အတိုင်းကစားနိုင်ဖို့လည်း မျှော်လင့်ပါ တယ်"ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ထိုးသတ်မည့် ချင်းလူမျိုး ထီရယ်လ်ထန် (Dragon leg) အနေဖြင့် တောင်ကိုရီးယားနိုင်ငံသား Kim Woon Kyoum နှင့် ဘင်တန်ဝိတ်တန်းတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ ထီရယ်လ်ထန်သည် ONE ကစားသမားဘဝ ဒုတိယမြောက်ပွဲစဉ်ကို ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး အဖွင့်ပွဲစဉ်တွင် ကမ္ဘောဒီးယား ကစားသမား  Rin Saroth နှင့် ရန်ကုန်မြို့တွင်ရင်ဆိုင်ခဲ့ရာ အမှတ်ဖြင့်အနိုင်ရခဲ့သည်။

"ကျွန်တော် ဒီပွဲအတွက်ပြင်းပြင်းထန်ထန်လေ့ကျင့်ထားပါတယ်။ ကျွန်တော့်မိသားစုနဲ့ခွဲပြီး ဖလော်ရီဒါမှာ ကိုအောင်လနဲ့ အတူတွဲဖက်လေ့ကျင့်ထားတာပါ။ ကျွန်တော့်အတွက်တော့ ကမ္ဘာ့ချန်ပီယံတစ်ဦးနဲ့ အတူလေ့ကျင့်ထားတဲ့အတွက် အများကြီးအကျိုးရှိပါတယ်။ မလေးရှားမရောက်ခင်အထိကို လေ့ကျင့်ထားတာပါ။ ဒီပွဲဟာ ကျွန်တော့်အတွက် အရမ်းအရေးပါပါတယ်။ ပြီးတော့ ကျွန်တော့်မိသားစုအတွက်ရော၊ ကျွန်တော့်နိုင်ငံမြန်မာအတွက်ရော အရေးပါပါတယ်။ ဒီပွဲအတွက် ကျွန်တော်ယုံကြည်မှုအပြည့်လည်းရှိပါတယ်။ အဆင်သင့်လည်းဖြစ်နေပါပြီ။ ဒါပေမဲ့ ပထမထိုးခဲ့တဲ့ပွဲတုန်းကလို ဘယ်နှစ်ချီမှာ အလဲထိုးမလဲဆိုတာတော့ မပြောလိုပါဘူး။ မြန်မာနိုင်ငံက ပရိသတ်တွေရော၊ မလေးရှားရောက် မြန်မာပရိသတ်တွေပါ ကျွန်တော့်ကို အားပေးကြဖို့ပြောချင်ပါတယ်"ဟု ထီရယ်လ်ထန်က ပြောကြားခဲ့သည်။

ယခုယှဉ်ပြိုင်မည့် MARK OF GREATNESS ပြိုင်ပွဲသည် ၂၀၁၉ ခုနှစ်အတွက် ONE CHAMPIONSHIP ၏ (၂၁)ပွဲမြောက်နှင့် ရာသီပိတ်ပွဲစဉ်ဖြစ်ပြီး၊ မလေးရှားနိုင်ငံတွင် ဒုတိယအကြိမ်မြောက်ကျင်းပသည့် ပွဲစဉ်လည်းဖြစ်သည်။

 

Most Read

Most Recent