'' ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက် နိုင်မယ်လို့ ယုံကြည်ပါတယ်။ '' အသင်းခေါင်းဆောင် လှိုင်းဘိုဘိုနှင့် တွေ့ဆုံခြင်း

'' ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက် နိုင်မယ်လို့ ယုံကြည်ပါတယ်။ '' အသင်းခေါင်းဆောင် လှိုင်းဘိုဘိုနှင့် တွေ့ဆုံခြင်း
Photo - Nyi Nyi Soe Nyunt
Photo - Nyi Nyi Soe Nyunt
Published 2 December 2019

 

မြန်မာ ယူ-၂၂ အသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အဆုံးအဖြတ်ပွဲအဖြစ် ကမ္ဘောဒီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ကမ္ဘောဒီးယားအသင်းနဲ့ပွဲမတိုင်ခင် မြန်မာ ယူ-၂၂ အသင်းခေါင်းဆောင် လှိုင်းဘိုဘိုနဲ့ဖိလစ်ပိုင်နိုင်ငံမှာ သွားရောက်သတင်းရယူနေတဲ့ First Eleven Sports အကြီးတန်းအယ်ဒီတာ ကိုညီညီစိုးညွန့် တွေ့ဆုံမေးမြန်းထားတာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မေး - ယူ-၂၂ အသင်းနဲ့ ရက်ပိုင်းပဲ ပူးတွဲလေ့ကျင့်ပြီး ကစားရတာ အဆင်ပြေရဲ့လား

ဖြေ - အဆင်ပြေပါတယ်။ အခက်အခဲမရှိပါဘူး။ 

မေး- နည်းပြပိုပေါ့ဗ်ရဲ့ ကစားကွက်နဲ့ ကစားရတာ အဆင်ပြေရဲ့လား။

ဖြေ - နည်းပြမှာ လိုအပ်ချက်မရှိပါဘူး။ အကုန်ကောင်းပါတယ်။ လိုအပ်နေတာ ကျွန်တော်တို့ ကစားသမားတွေပါ။ ကစားသမားတွေ အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရင် ပိုကောင်းမှာပါ။ တိုက်စစ်ရောက်ရင် ကိုယ်တိုင်ဂိုးသွင်းဖို့ထက် ပေးရမယ့်အနေအထား မျိုးဆိုရင်လည်း ပေးဖို့လိုပါတယ်။ 

မေး - အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ရော လက်ရှိအသင်းအနေအထား ကို အားရကျေနပ်မှုရှိရဲ့လား။

ဖြေ - ကျေနပ်မှုရှိပါတယ်။ ဒါပေမဲ့ ခုဏပြောသလိုပါပဲ။ အသင်းလိုက် စုစည်းမှုရှိမှုနဲ့ အသင်းအနိုင်ရအောင် အားလုံးပူးပေါင်းလုပ်ဆောင် နိုင်ဖို့ပဲ လိုပါတယ်။ 

မေး - အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲကစားရမယ့် ကမ္ဘောဒီးယားနဲ့ပွဲမှာရော ဘယ်လိုပုံစံမျိုးနဲ့ ရင်ဆိုင်သွားမလဲ။

ဖြေ - ကမ္ဘောဒီးယားအသင်းက ခြေစွမ်းကောင်းမွန်လာတယ်ဆိုပေ မယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ အသင်းလိုက်စုစုစည်းစည်းနဲ့ ကစား ရင် ဘာမှကြောက်စရာမရှိပါဘူး။ ခက်ခဲတဲ့ပွဲဖြစ်လာနိုင်ပေမယ့် ကျွန်တော်တို့ ကျော်ဖြတ်နိုင်မှာပါ။ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက် နိုင်မယ်လို့ ယုံကြည်ပါတယ်။