အီရန်နှင့် ကုန်သွယ်ရေးအတွက် ကုန်ပစ္စည်းချင်းဖလှယ်သည့်စနစ်၌ ဥရောပခြောက်နိုင်ငံ ပါဝင်လာ

အီရန်နှင့် ကုန်သွယ်ရေးအတွက် ကုန်ပစ္စည်းချင်းဖလှယ်သည့်စနစ်၌ ဥရောပခြောက်နိုင်ငံ ပါဝင်လာ
နိုဝင်ဘာ ၁၃ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့ အနောက်ပိုင်း၌ လေထုညစ်ညမ်းမှုကြောင့် မြင်ကွင်းများ ဝေ၀ါးနေသည်ကို တွေ့ရစဉ် (Photo: AFP)
နိုဝင်ဘာ ၁၃ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့ အနောက်ပိုင်း၌ လေထုညစ်ညမ်းမှုကြောင့် မြင်ကွင်းများ ဝေ၀ါးနေသည်ကို တွေ့ရစဉ် (Photo: AFP)
Published 1 December 2019
Ref: AFP

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့ သည် INSTEX ဟုခေါ်သော ကုန်ပစ္စည်းချင်း ဖလှယ်သည့်စနစ်၌ ပါဝင်လာသည့် ဥရောပခြောက်နိုင်ငံအား နိုဝင်ဘာ ၃၀ ရက် တွင် ကြိုဆိုလိုက်ကြောင်း သိရသည်။ ယင်း စနစ်သည် အမေရိကန်ဒေါ်လာအသုံးပြုမှု ကို ရှောင်ရှားခြင်းဖြင့် အီရန်နှင့် ကုန်သွယ်ရေးကို အမေရိကန်က ပိတ်ပင်ထားမှုအား ရှောင်လွှဲနိုင်ရေးအတွက် ရေးဆွဲထားခြင်း ဖြစ်သည်။

“INSTEX မှာ ပူးပေါင်းပါဝင်ဖို့ ဘယ်ဂျီယမ်၊ ဒိန်းမတ်၊ ဖင်လန်၊ နယ်သာလန်၊ နော်ဝေနဲ့ ဆွီဒင်နိုင်ငံ အစိုးရတွေရဲ့ ဆုံးဖြတ်ချက်တွေကို INSTEX စနစ်ကို ထူထောင် ရာမှာ ပါဝင်သူတွေအဖြစ် ပြင်သစ်၊ ဗြိတိန် နဲ့ ဂျာမနီ နိုင်ငံတွေက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလိုက်ပါတယ်” ဟု ယင်းသုံးနိုင်ငံ၏ ပူး တွဲထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ပါရီကို အခြေပြုသည့် INSTEX ၏ လုပ်ငန်းဆောင်တာများက တရားဝင်အဖြစ် အီရန်နိုင်ငံကို ရေနံဆက်လက်ရောင်းချနိုင် စေပြီး အလဲအလှယ်အနေဖြင့် အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပြန်လည်တင်သွင်းနိုင်စေမည်ဖြစ်သည်။

သို့သော် ယင်းစနစ်ကို ယခုအထိ ကျင့်သုံးနိုင်ခြင်း မရှိသေးပေ။

အမေရိကန်သည် ၂၀၁၈ ခုနှစ်တွင် အီရန်နိုင်ငံ၏ နျူကလီးယားစီမံကိန်းအပေါ် ထိန်းချုပ်သည့် နိုင်ငံတကာ သဘောတူညီချက်များမှနေ၍ တစ်ဘက်သတ် နုတ်ထွက် သွားခဲ့ပြီး အီရန်နိုင်ငံအပေါ် ပြင်းထန်သည့် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည်။

ယင်းကဲ့သို့ ခြောက်နိုင်ငံ ထပ်မံဝင်ရောက်လာခြင်းသည် INSTEX စနစ်ကို ပို ၍အားကောင်းစေပြီး ဥရောပနှင့် အီရန်နိုင်ငံတို့အကြား တရားဝင်ကုန်သွယ်ရေးကို လွယ်ကူချောမွေ့စေရေး အားထုတ်မှုများကို သရုပ်ဖော်ပြနေသည်ဟု ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့က ပြောကြားခဲ့သည်။

“ဒါဟာ ၂၀၁၅ အီရန်နျူကလီးယားသဘောတူညီမှုဖြစ်တဲ့ “ပြီးပြည့်စုံတဲ့ ပူးတွဲအ ကောင်အထည်ဖော်ရေးအစီအစဉ်” (JCPoA) ကို ကျွန်တော်တို့ ဆက်လက်လိုက်နာနေကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာပါပဲ”ဟုလည်း အဆိုပါသုံးနိုင်ငံက ပြောကြားခဲ့သည်။

၎င်းတို့က အီရန်နိုင်ငံအနေဖြင့်လည်း ယင်းသဘောတူညီချက်အောက်၌ ကတိပြုထားသည်များကို ကြန့်ကြာမှုမရှိစေဘဲ အပြည့်အဝ ပြန်လည်လိုက်နာရမည်ဖြစ် ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

“JCPoA ရဲ့ မူဘောင်အတွင်းက သံတမန်ရေးရာဆုံးဖြတ်ချက်တွေနဲ့ ပတ်သက် ပြီး ကျွန်တော်တို့အားထုတ်မှုတွေအတိုင်း ဆက်သွားဖို့ ကျွန်တော်တို့က အပြည့်အဝ ဆက်ပြီး ကတိပြုထားဆဲပါပဲ”ဟု ၎င်းတို့က ဆိုသည်။

၂၀၁၅ သဘောတူညီချက်အောက်၌ အီရန်၏ နျူကလီးယားစီမံကိန်းကို အရပ် ဘက်ဆိုင်ရာ အသုံးပြုမှုသာ ဖြစ်ရမည်ဟု ကန့်သတ်ထားပြီး အလဲအလှယ်အနေဖြင့် အနောက်တိုင်း၏ ပိတ်ဆို့ထားမှုများကို ရုပ် သိမ်းပေးခဲ့သည်။

အမေရိကန် နုတ်ထွက်သွားပြီးနောက်ပိုင်း အီရန်သည် သဘောတူညီချက်မှနေ၍ အဆင့်လေးဆင့်ကို နောက်သို့ ပြန်ဆုတ်ခဲ့သည်။ နောက်ဆုံးခြေလှမ်းမှာ နိုဝင်ဘာ ၄ ရက်တွင် အီရန်အင်ဂျင်နီယာများက တီဟီ ရန်တောင်ပိုင်း မြေအောက်ရှိ ဖော်ဒိုးစက်ရုံရှိ ဗဟိုခွာအားစက်များ၏ စက်လုံးများအတွင်းသို့ ယူရေနီယမ် ဟက်ဆာဖလိုရိုက်ဓာတ်ငွေ့များ စတင်သွတ်သွင်းခဲ့ခြင်းဖြစ်သည်။

 

 

 

Most Read

Most Recent