ကိုရီးယားအဆိုတော် ဂျောင်းဂျွန်ယောင်းနှင့် ချွိုင်ဂျွန်ဟွန်း မုဒိမ်းမှုဖြင့် ထောင်ဒဏ် ချမှတ်ခံရ

ကိုရီးယားအဆိုတော် ဂျောင်းဂျွန်ယောင်းနှင့် ချွိုင်ဂျွန်ဟွန်း မုဒိမ်းမှုဖြင့် ထောင်ဒဏ် ချမှတ်ခံရ
Photo: AFP
Photo: AFP
Published 30 November 2019

တောင်ကိုရီးယား အဆိုတော်၊ တေးရေး ဂျောင်းဂျွန်ယောင်းသည် အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ ၎င်းနှင့် ဆက်ဆံခဲ့သည့် အမျိုးသမီးကို လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးခဲ့ပြီး ဗီဒီယိုများကို ဝေမျှခဲ့မှုတို့ဖြင့် နိုဝင်ဘာ ၂၉ ရက်တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံခဲ့ရသည်။ 

ဂျောင်း၏ ပြစ်ဒဏ်တွင် အမျိုးသမီးများနှင့် လိင်ဆက်ဆံစဉ် ၎င်းတို့မသိအောင် လျှို့ ဝှက်ကင်မရာဖြင့် ဗီဒီယိုရိုက်ကူးခဲ့ပြီး ယင်းဗီဒီယိုကို ၎င်းတို့၏ ခွင့်ပြုချက်မရဘဲ ၁၁ ကြိမ် ဝေမျှခဲ့မှုတို့အတွက်လည်း ပါဝင်ခဲ့သည်။

အသက် ၃၀ အရွယ်ရှိ ဂျောင်းသည် ယင်းဗီဒီယိုဖိုင်များကို Big Bang အဖွဲ့ဝင်ဟောင်း ဆန်းရီနှင့် FT Island အဖွဲ့ဝင်ဟောင်းဖြစ်သည့် အဆိုတော် ချွိုင်ဂျွန်ဟွန်းတို့အပါအဝင် ကေပေါ့ပ်အဆိုတော်များဖြင့် ဖွဲ့ထားသည့် Chatroom တွင် ဝေမျှခဲ့သည်။

ဂျောင်းသည် အရက်မူးပြီး ခုခံနိုင်စွမ်းမရှိ ဖြစ်နေသည့် အမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ကြောင်း၊ အဝတ်မပါဖြစ်နေသည့် ယင်းအမျိုးသမီးများကို ဗီဒီယိုရိုက်ကူးခဲ့ပြီး Group Chat တွင် ဝေမျှခဲ့ကြောင်း တရားသူကြီး ကန်ဆောင်းဆိုက ပြောကြားခဲ့သည်။

ဂျောင်းသည် ယင်းအမျိုးသမီးများကို ပျော်ရွှင်မှုအတွက် ကိရိယာတစ်ခုမျှသာ သဘောထားသည်ဟု ထင်မှတ်ရကြောင်းလည်း ကန်က ပြောကြားခဲ့သည်။

Super Star K အစီအစဉ်ဖြင့် ထင်ရှားခဲ့သည့် ဂျောင်းက တရားရုံးတွင် နောက်ဆုံး ထွက်ဆိုမှုတွင် ၎င်း၏မိုက်မဲမှုအတွက် နောင်တရကြောင်း ပြောကြားခဲ့သည်။ ယင်းအရှုပ်တော်ပုံများကို မတ်လတွင် ဝန်ခံခဲ့ပြီးနောက် ဂျောင်းက ဂီတလောကမှ နုတ်ထွက်ကြောင်း ပြောကြားခဲ့သည်။

FT Island အဖွဲ့ဝင်ဟောင်းဖြစ်သည့် အဆိုတော် ချွိုင်ဂျွန်ဟွန်းသည်လည်း ဂျောင်းနှင့်အတူ အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်မှုဖြင့် ထောင်ဒဏ် ငါးနှစ် ချမှတ် ခံခဲ့ရသည်။ ဂျောင်းနှင့် ချွိုင်တို့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဆက်ဆံမှု တားဆီးရေး ပညာပေးကို နာရီ ၈၀ ကြာ လုပ်ဆောင်ရန်လည်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု ယွန်ဟပ်သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်သည် တောင်ကိုရီးယား၏ အကျိုးအမြတ်ဖြစ်ထွန်းသည့် အနုပညာလုပ်ငန်း၏ အမှောင်ဘက်ခြမ်းကို ထုတ်ဖော်ခဲ့မှု ဖြစ်သည်။ ယင်းအပြင် တောင်ကိုရီးယားတွင် စပိုင်ကင်မရာ ရာဇဝတ်မှုပျံ့နှံ့နေမှုအတွက် အထင်ရှားဆုံး နမူနာတစ်ခု ဖြစ်ခဲ့သည်။

စီးပွားရေး ရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာများ စီစဉ်ပေးမှု၊ လာဘ်ပေးမှု စသည့် စွပ်စွဲချက်များဖြင့် Big Bang အဖွဲ့ဝင် အဆိုတော်၊ စီးပွားရေးလုပ်ငန်းရှင် ဆန်းရီကို  ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ်  ၎င်း၏ မိတ်ဆွေ ဖြစ်သည့် ဂျောင်း၏ လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားသည့်ဗီဒီယို အရှုပ်တော်ပုံကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။

 

Most Read

Most Recent