မန်ယူနဲ့ အာဆင်နယ် ရှုံးနိမ့်ခဲ့ပြီး ဝုလ်ဗ် နောက်တစ်ဆင့်တက်

မန်ယူနဲ့ အာဆင်နယ် ရှုံးနိမ့်ခဲ့ပြီး ဝုလ်ဗ် နောက်တစ်ဆင့်တက်
Photos: AFP & Reuters
Photos: AFP & Reuters
Published 29 November 2019

 

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်(၅)မှာတော့ နောက်တစ်ဆင့်တက်ရောက်နိုင်တဲ့အသင်းတွေ အတော်များများအဖြေပေါ်ခဲ့ပါတယ်။ အခုတစ်ပတ်မှာ အင်္ဂလန်ကလပ်(၃)သင်းစလုံး နိုင်ပွဲပျောက်ခဲ့ကြပြီး မန်ယူနဲ့ အာဆင်နယ်က ရှုံး၊ ဝုလ်ဗ်အသင်းက သရေကျခဲ့ပါတယ်။ ဒါပေမဲ့  ဝုလ်ဗ်အသင်းက နောက်တစ်ဆင့်တက်ရောက်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်ပွဲစဉ်အပြီးမှာ နောက်တစ်ဆင့်တက်နိုင်တဲ့အသင်း (၁၃)သင်းအထိ ရှိလာခဲ့ပါတယ် . . . 

 

လူငယ်တွေနဲ့ 

အက်စ်တာနာ ၂-၁ မန်ယူ


နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရထားပြီးဖြစ်တဲ့ မန်ယူအသင်းက ကာဇက်စတန်မြေမှာ လူငယ်ကစားသမားတွေကို ပွဲထုတ်ခဲ့တာကြောင့် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ လင်ဂတ်နဲ့ လုခ်ရှောတို့ပဲ အတွေ့အကြုံအရင့်ကျက်ဆုံးဖြစ်ခဲ့ပြီး ဂိုးသမား လီဂရန့်(၃၆ နှစ်)ကတော့ မန်ယူအသင်းအတွက် ယူရိုပါလိဂ်ပြိုင်ပွဲကို အခုမှ ပွဲထွက်ခွင့်ရခဲ့တာပါ။ အစောပိုင်းမှာ မန်ယူအသင်းရဲ့ ကစားပုံကောင်းမွန်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အိမ်ရှင်အသင်းက ပိုကောင်းလာခဲ့ပါတယ်။ ဒါကြောင့်လည်း ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် မန်ယူအသင်းရှုံးပွဲတွေ့သွားခဲ့ရတာပါ။ (၁၀)မိနစ်မှာပဲ လင်ဂတ်က မန်ယူအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အဆုံးသတ်ည့ံတာတွေ၊ အက်စ်တာနာဂိုးသမား ကာကွယ်နိုင် တာတွေကြောင့် ဂိုးထပ်မရခဲ့ပါဘူး။ အက်စ်တာနာအသင်းက ဒုတိယပိုင်းစတာနဲ့ ဖိကစားလာခဲ့ပြီး (၅၅)မိနစ်မှာ ရွှန်ကိုက ချေပဂိုး၊ (၆၂)မိနစ်မှာ ဘားနတ်ဒ်ရဲ့ OG တွေနဲ့ အုပ်စုတွင်းမှာ ပထမဆုံးနိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

နောက်ထပ်အရှုံး

အာဆင်နယ် ၁-၂ ဖရန့်ဖတ်


ဖိအားတွေအောက် ရောက်နေတဲ့ အာဆင်နည်းပြ အူနိုင်းအမ်မရီက အသင်းခေါင်းဆောင် အူဘာမီယန်းအပါအဝင် အမာခံကစားသမားတွေကို ပွဲထုတ်ပြီး နိုင်ပွဲပြန်ရယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဖိအားပိုတိုးသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရှုံးပွဲတွေဆက်ပြီး ယိမ်းယိုင်နေတဲ့ ဖရန့်ဖတ်အသင်းက ပထမပိုင်းမှာ အာဆင်နယ်အသင်းကို မယှဉ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အခွင့်အရေးတွေကို ကောင်းကောင်းအသုံးချနိုင်ခဲ့တာကြောင့် နိုင်ပွဲရရှိခဲ့တာပါ။

ပထမပိုင်းမှာ ဖရန့်ဖတ်အသင်း ဂိုးပေါက်တည့်အခွင့်အရေးတောင် မရခဲ့ပါဘူး။ အာဆင်နယ်အသင်းက အနီးကပ်တွဲလုံးတွေ၊ မြန်ဆန်တဲ့ ထိုးဖောက်မှုတွေနဲ့ အကြိမ်ကြိမ် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့တာကြောင့် ပထမပိုင်းပြီးခါနီးမှာမှ အူဘာမီယန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အာဆင်နယ်အသင်းက တိုုက်စစ်ဆင်ကစားခဲ့ပေမယ့် ဂိုးတွေ ရရှိသွားခဲ့တာကတော့ ဖရန့်ဖတ်အသင်းဖြစ်ပြီး ဂျပန်ကစားသမား ကာမာဒါက (၅၅၊ ၆၄)မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ကန်သွင်းသွားခဲ့တာပါ။

တိုက်စစ်ပြိုင်တဲ့ပွဲ

စပို့တင်းဘရာဂါ ၃-၃ ဝုလ်ဗ်


ဒီပွဲကတော့ အပြန်အလှန်ဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး အုပ်စုပထမနေရာအတွက် အမှတ်လုခဲ့တဲ့ပွဲလို့လည်း ဆိုနိုင်ပါတယ်။ နှစ်သင်းစလုံး အနိုင်ရလဒ်ရရှိဖို့ ပွဲအစအဆုံး တိုက်စစ်ဆင်ကစားခဲ့ကြပြီး ဝုလ်ဗ်အသင်းကတော့  အဝေးကွင်းဖြစ်ပေမယ့် အခွင့်အရေးတွေ ပိုရခဲ့ပါတယ်။ တိုုက်စစ်မှူး ဟီမင်နက်ဇ်က ဝုလ်ဗ်အသင်းရဲ့တိုက်စစ်ကို အကောင်းဆုံးဦးဆောင်ခဲ့ပြီး ကိုယ်တိုင်(၁)ဂိုးသွင်းကာ (၂)ဂိုးဖန်တီး ပေးခဲ့ပါတယ်။ အိမ်ရှင်အသင်းအတွက် ဂိုးတွေကို ဟော်တာ၊ ပေါ်လင်ဟိုနဲ့ ဖရန်ဆာဂျီယိုတို့က (၆၊ ၆၄၊ ၇၉)မိနစ်၊ ဝုလ်ဗ်အတွက် ဂိုးတွေကို ဟီမင်နက်ဇ်၊ ဒိုဟာတီနဲ့ ထရာအိုရေးတို့က (၁၃၊ ၃၄၊ ၃၅)မိနစ်တွေမှာ သွင်းယူခဲ့ပါတယ်။

အခြားပွဲရလဒ်များ

ခရက်စ်နိုဒါ ၁-၀ ဘေဆယ်

ထရတ်ဇွန်စပေါ် ၀-၁    ဂီတာဖေး

ယန်းဘွိုင်းစ် ၁-၂ ပေါ်တို

ဖီယင်နု ၂-၂ ရိန်းဂျားစ်

စိန့်အက်တီယန် ၀-၀    KAA ဂျန့်

အိုလက်ဆန်ဒရီယာ ၀-၁ ဝုလ်ဖ်ဘတ်

CSKA မော်စကို ၁-၁    လူဒိုဂိုရတ်စ်

ဖယ်ရန်ဗာရို့စ် ၂-၂ အက်စ်ပန်ညို

ဘာရှက်ဆီဟီ ၀-၃ ရိုးမား

ဝုလ်ဖ်ဘာဂါ ၀-၁ မိုချန်ဂလာဘတ်

ဘက်ဆစ်တက် ၂-၁ ဆလိုဗန်

အယ်ခမာ ၂-၂ ပါတီဇန်

လာဇီယို ၁-၀ ကလုချ်

ဆဲလ်တစ် ၃-၁ ရန်းစ်

ဂီမာရေ့စ် ၁-၁ စတန်းဒတ်လိဂ်

ဆီဗီလာ ၂-၀ ကာရာဘတ်

ဒူဒယ်လန့်    ၀-၂ အပိုးလ်နီကိုးရှား

မာလ်မို ၄-၃ ဒိုင်နမိုကိဗ်

လူဂါနို ၀-၁ ကိုပင်ဟေဂင်

စပို့တင်းလစ္စဘွန်း ၄-၀ PSV

ရိုစင်ဘော့ ၁-၂ LASK