မြန်မာစကားကို သတ်ပစ်ပါ

မြန်မာစကားကို သတ်ပစ်ပါ
ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် ကျောင်းအပ်နှံနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)
ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် ကျောင်းအပ်နှံနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)
Published 26 November 2019
ဒေါက်တာခင်မောင်ညို

ဘာသာစကားဟာ ဒီအတိုင်းတော့ ပျောက်ကွယ်သေဆုံးသွားတာ မဟုတ်ဘူး။ လူတွေဟာ မိခင်ဘာသာစကားကို ဒီအတိုင်း စွန့်လွှတ်လိုက်ကြတာ မဟုတ်ဘူး။ သူတို့ဟာ ဖိအားပေးခံရလို့ပါပဲ။ များသောအားဖြင့် ဒီလိုဖိအားဟာ နိုင်ငံရေးကြောင့်သာ ဖြစ်လေ့ရှိတယ်။   (ဒင်နီယယ်ဘော့ချ်အန်ဒဲလ်)

 (၁)

“ တိုင်းရင်းသားလူမျိုးစုတွေကို သတ်ပစ်စရာ မလိုပါဘူး။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖျက်ဆီးပစ်လိုက်တဲ့နည်းကို သုံးနိုင်ပါတယ်” တဲ့။ ဒီအကြောင်းကို ၁၈၉၂ ခုနှစ်မှာ အမေရိကန်စစ်တပ်က ဗိုလ်ချုပ်ကြီး ရစ်ချက်ဟင်နရီပရက်က ပြောခဲ့ပါတယ်။

“ အင်ဒီယန်းတွေကို သတ်ပါ။ လူကို မဟုတ်ဘူး။ သူတို့ ဘာသာစကားကိုပါပဲ” တဲ့။ လူကိုသတ်တာဟာ ပြစ်မှုမြောက်တယ်။ ဘာသာစကားကို သတ်တာကတော့ ဥပဒေအရ ပြစ်မှုလို့ မသတ်မှတ်ထားပါဘူး။ အဲဒီအချိန်ကစပြီး အမေရိကန်အစိုးရဟာ သူပြောတဲ့ အတိုင်းလုပ်ခဲ့တာ ၁၉၇၈ ခုနှစ်ထိပါပဲ။

အစိုးရဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ သားသမီးတွေကို မိခင်ရင်ခွင်ထဲကနေ ဆွဲထုတ်ပြီး ဘော်ဒါကျောင်းတွေကို ပို့တယ်။ မိခင်ဘာသာစကားပြောရင် ဒဏ်တပ်တယ်။ ယုံကြည်လက်ခံခြင်းဟာ မျိုးတုံးသတ်ဖြတ်ခြင်းရဲ့ အထောက်အပံ့ ဖြစ်တယ်တဲ့။ ဒါဟာ အင်မတန်အရေးကြီးတဲ့ ယူဆချက်ပါ။ ဒါကို နိုင်ငံကြီးတွေက လက်နက်အဖြစ် သိသိသာသာ ဒါမှမဟုတ် မသိမသာ သုံးသွားတာ ဘာသာစကားပဲ ဆိုတာကို သတိပြုသင့်တယ်။

 (၂)

ဒီနေ့ ကမ္ဘာပေါ်မှာ ဘာသာစကား ၇၀,၀၀၀ ကျော်ကို အသုံးပြုနေပါတယ်။ ဒါပေမဲ့ တချို့ကိုပဲ အစိုးရက အသိအမှတ်ပြုပါတယ်။ ဒီတော့ အများစုဟာ မိမိတို့ဘာသာစကားကို မပြောကြတော့ဘူး။ တခြားဘာသာစကားကို ပြောပြီး မိမိဘာသာစကားကို စွန့်လွှတ်တာတွေကြောင့် နှစ်ပေါင်း ၈၀ အတွင်းမှာ ဘာသာစကား ၃,၀၀၀ ပျောက်ကွယ်သွားတော့မှာ ဖြစ်တယ်။

ဒါပေမဲ့ ဒီကနေ့မှာတော့ အ‌ပြောင်းအလဲတွေဖြစ်နေတာ အများကြီးပဲ။ လူတွေဟာ မိဘဘိုးဘွားစဉ်ဆက် ဘာသာစကားတွေကို စိတ်ဝင်စားလာကြတယ်။ ဘာကြောင့် ဒီလို စိတ်ဝင်စားလာရတာလဲ။ ဒီဘက်ခေတ်မှာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတွေဆိုတာ လူတွေအတွက် အလေးထားစရာ ဖြစ်လာလို့ပါပဲ။ ဒီအတွက် လူတွေဟာ သူတို့ရဲ့ယဉ်ကျေးမှုတွေကို တည်ဆောက်ဖို့ ကြိုးစားလာကြတော့တာပါပဲ။

မိမိတို့ရဲ့ ဘာသာစကားတွေကို လူတွေ စိတ်ဝင်စားလာတာက ကောင်းတဲ့အချက်ပါပဲ။ ကျွန်တော် သိသလောက် ၁၈ ရာစုနှစ် ဂျူးတွေကို ဆန့်ကျင်တဲ့ကာလတွေမှာ ဂျူးတွေဟာ သူတို့ရဲ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ရှာဖွေခဲ့တယ်။ ဒီလိုရှာဖွေတာဟာ ဘာသာစကားကို ရှာဖွေခြင်းက စတာပါပဲ။

တကယ်က နှစ်ပေါင်း ၁၀၀၀ လောက်က လွှမ်းမိုးခဲ့တဲ့ အဲဒီဘာသာစကားဟာ ပြောဆိုသူနည်းပြီး ပျောက်ဆုံးသွားတယ်။ ဒါပေမဲ့ ဒီဘာသာစကားကို စာအုပ်တွေနဲ့ သေသေချာချာ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ဂျူးတွေရဲ့ ဘာသာတရားနဲ့ ဒဿနတွေကို အဲဒီမှာ အခိုင်အမာ ရှိနေတာ တွေ့ရတော့တယ်။ ဒီတော့ တက်ကြွလှုပ်ရှားသူတွေက သူတို့ကလေးတွေကို ပျောက်ဆုံးနေတဲ့ ဘာသာစကားတွေ သင်ပေးဖို့ ကြိုးစားတော့တာပဲ။ မျိုးဆက်ပေါင်း ၁၀၀ ကျော်မှာ မ‌ပြောဖြစ်ခဲ့တဲ့ ဘာသာစကားကို ကလေးတွေက မိခင်ဘာသာစကားအဖြစ် ပြောနိုင်လာတယ်။ ဒီနေ့မှာ ဂျူးပေါင်း ငါးသန်းကျော်ဟာ ဟီဘရူးဘာသာကို သူတို့ရဲ့မိခင်ဘာသာစကားအဖြစ် ပြောဆိုသုံးစွဲနေကြပြီဖြစ်တယ်။

(၃)

တကယ်တော့ အချုပ်အခြာအာဏာဆိုတာ မိခင်ဘာသာစကားနဲ့ စာပေတွေအပေါ် မူတည်တယ်။ ယဉ်ကျေးမှု အမွေအနှစ်ဆိုတာဟာ လူမျိုးတစ်မျိုးအတွက် အရေးပါတယ်။ စောစောက တင်ပြသွားတဲ့ ဥပမာထဲမှာ ဂျူးတွေဟာ သူတို့ရဲ့ယဉ်ကျေးမှု အမွေအနှစ်ကို ဘာသာစကားကနေ ပြန်လည်ဖော်ထုတ်နိုင်ခဲ့တယ်။ ဒီအတွက် စာပေဟာလည်း အရေးပါတာ တွေ့ရမယ်။ စာတွေက ဂျူးတွေကို ကယ်တင်လိုက်တာပါပဲ။

နောက်နှစ်ထောင်ချီပြီး ဂျူးတွေရဲ့ တည်ရှိမှုကိုဘယ်သူကမှ အသိအမှတ်မပြုဘဲ မနေနိုင်တော့ပါဘူး။ တကယ်တော့ ဂျူးအများစုဟာ စီးပွားရေးသမားတွေပါ။ သူတို့အတွက် ကမ္ဘာသုံးဘာသာစကားဟာ အရေးပါပါတယ်။ အင်္ဂလိပ်စကားကို တတ်ဖို့ လိုတယ်။ ချမ်းသာချင်ရင် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို တတ်ရပါမယ်။ ဒါပေမဲ့ လူမျိုးကို ထိန်းသိမ်းဖို့ရာ မိခင်ဘာသာစကားက အရေးပါတယ်။ အင်္ဂလိပ်နဲ့ မိခင်ဘာသာစကား နှစ်မျိုးလုံး တတ်ထားရင်တော့ ကောင်းတယ်။ တစ်မျိုးတည်းဆို ဘာကို ရွေးချယ်ရမှာလဲ။ ဒါကိုဆုံးဖြတ်ဖို့က ပြည်သူတွေ ကိုယ်တိုင်ပါပဲ။ တစ်ဖက်ကလည်း အစိုးရက အဓိက ပါဝင်ဖို့လိုတယ်။

(၄)

ကျွန်တော်တို့မြန်မာပြည်မှာ ဘာသာစကား ပြဿနာရှိတယ်။ ပထမယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ အင်္ဂလိပ်တွေဟာ မြန်မာနိုင်ငံကို စစ်သုံးကြိမ်ပြုကာ အပြီးအပိုင်သိမ်းခဲ့တယ်။ ဒုတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲအပြီးမှာတော့ မင်းတုန်းမင်းဟာ အပြည်ပြည်ဆိုင်ရာ တိုးတက်မှုကို ရိပ်စားမိတယ်။ ဒါကြောင့် ဆရာမှတ်ကို ရတနာပုံနေပြည်တော်ကို လာရောက်ပြီး အင်္ဂလိပ်စာသင်ကျောင်း ဖွင့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါပေမဲ့ အတန်ငယ် နောက်ကျသွားပြီ ဖြစ်တယ်။ မင်းတုန်းမင်း ကံကုန်သွားပြီး သီပေါဘုရင်လက်ထက်မှာ အင်္ဂလိပ်တွေဟာ တစ်ပြည်လုံးကို သိမ်းပိုက်ခဲ့တယ်။

ဒီတော့  ဘာသာစာပေအနေနဲ့ အင်္ဂလိပ်စာသာ ဦးစားပေးခံရတာကို တွေ့ရတယ်။အင်္ဂလိပ်စကားတတ်သူ အင်္ဂလိပ်စာတတ်သူတွေကသာ အလုပ်ကောင်းတွေကို ရကြပါတယ်။ ဒီတော့ တဖြည်းဖြည်းနဲ့ မြန်မာစာပေ ညှိုးငယ်ခဲ့ရပါတယ်။

အဲဒီအချိန်က  လူငယ်တွေအတွက် မြန်မာဘုန်းတော်ကြီးကျောင်းတွေနဲ့ အင်္ဂလိပ်စာသင် သာသနာပြုကျောင်းတွေသာ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာမှ အစိုးရအထောက်အပံ့ခံ မြန်မာကျောင်းတွေ ပေါ်လာတယ်။ ဒီနောက်တော့  ဂျပ်ဆင်ကောလိပ်နဲ့ ရန်ကုန် ကောလိပ်တို့ ပေါ်လာတယ်။ ၁၉၂၀ ပြည့်နှစ်မှာတော့ ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာတယ်။ ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာတဲ့အချိန်မှာ ဘာသာစကားနဲ့ပတ်သက်ပြီး ဆရာဦးဖေမောင်တင်က အတော်လေးကို ကြိုးစားခဲ့ပါတယ်။

(၅)

မြန်မာစာပေနှင့်ပတ်သက်ပြီး ဆရာဦးဖေမောင်တင်ရဲ့ ကြိုးစားမှုကို ဖော်ပြရရင် တက္ကသိုလ်ဆီးနိတ်မှာ မြန်မာစာနဲ့ သင်ကြားရေးကို တင်ပြခြင်းက စပြောရမယ် ထင်ပါတယ်။ဒုတိယက မြန်မာစာဌာနတစ်ခု ဖြစ်အောင် တည်ထောင်ပြီး  မြန်မာစာဂုဏ်ထူးတန်းနဲ့ မဟာဝိဇ္ဇာမြန်မာစာဂုဏ်ထူးတန်းတွေ ဖွင့်လှစ်ပေးနိုင်အောင် ကြိုးစားတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။

တကယ်တော့ မြန်မာစာနဲ့ ဘာသာစုံ သင်ကြားရေးကို အောင်မြင်အောင် ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာစာ ဂုဏ်ထူးတန်းနဲ့ မဟာဝိဇ္ဇာမြန်မာစာ ဂုဏ်ထူးတန်းတွေ ဖွင့်လှစ်နိုင်ခဲ့ပြီး မြန်မာစာကို ထူးချွန်ပြောင်မြောက်စွာ အဆင့်မြင့်မားစေတဲ့ ပညာရှင်တွေဖြစ်တဲ့ သိပ္ပံမောင်ဝ၊ ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊  ကုသ ၊တက္ကသိုလ်မောင်သန့်စင်၊ မြကေတုတို့ကို မွေးထုတ်ပေးနိုင်ခဲ့တယ်။

ဆရာဦးဖေမောင်တင်ရဲ့ ကြိုးပမ်းချက်ကြောင့် ခေတ်စမ်းစာပေဟာလည်း ထွန်းတောက်ခဲ့ပါတယ်။ ခေတ်စမ်းစာပေကို ရေးသားသူတွေဟာ မြန်မာစကားပြေနဲ့ ခေတ်သစ်မြန်မာကဗျာကဏ္ဍကိုလည်း တိုးတက်စေခဲ့ပါတယ်။ ဦးဖေမောင်တင် ပြောတဲ့စကားကို ဖတ်ဖူးမှတ်ဖူးပါတယ်။ “ ကျွန်တော် မြန်မာစာအုပ်တွေ စာကြည့်တိုက်အတွက် ကျပ် ၁၀၀၀ ဖိုး ဝယ်ခိုင်းလိုက်ပါတယ်၊ ဝယ်လို့ မရပါဘူး။ ကျပ် ၁၀၀ ဖိုးပဲ ဝယ်လို့ရတယ်” တဲ့။ အဲဒီခေတ်က လူရာဝင်တဲ့ စာပေတွေကတော့ ပါဠိနဲ့ အင်္ဂလိပ်စာတို့ပါပဲ။ ဒီနေ့ခေတ်မှာ မြန်မာစာပေတိုးတက်မှု ရေစီးနဲ့ ပတ်သက်ပြီး ဆရာရဲ့ကြိုးပမ်းမှုကို ဒီနေ့ အသီးအပွင့်တွေ မြင်နေရပါတယ်။

(၆)

အဲဒီခေတ်အခါက မြန်မာစာပေကို တိုးတက်စေဖို့ ဆရာဦးဖေမောင်တင်နဲ့အတူ ဟာနီဗဲတို့ကလည်း ဘာသာပြန်စာပေဆုကို တီထွင်ခဲ့တယ်။ ဦးသန့်တို့၊ သခင်ဗသောင်းတို့ဟာ ဘာသာပြန်စာပေဆုတွေ ရရှိပြီး ထိုးထွက်လာတယ်။ ဒါပေမဲ့ ကမ္ဘာကို မြန်မာသိစေဖို့ ရည်ရွယ်ချက်တွေနဲ့ သခင်ဗသောင်းတို့ သိန်းဖေမြင့်တို့လည်း ကြိုးပမ်းခဲ့ပါတယ်။ သူတို့ရဲ့ နဂါးနီအသင်းကနေ ဦးနု၊ သခင်သန်းထွန်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကို စာပေနယ်ထဲ ဆွဲခေါ်ခဲ့ပါတယ်။

ဒါတွေဟာ မြန်မာပြည်လွတ်လပ်ရေးရအောင် များစွာအထောက်အကူပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးရတဲ့ကာလမှာ မြန်မာစာပေဟာ အထွတ်အထိပ်ကို‌ ရောက်ခဲ့ပါတယ်။ ဦးနုက စာပေဗိမာန်အသင်းကို တည်ထောင်ခဲ့တယ်။ ဘာသာပြန် စာပေအသင်းကိုလည်း တည်ထောင်ခဲ့တယ်၊ စာပေဆုတွေကိုလည်း ပေးခဲ့တယ်။ စာပေနဲ့ပတ်သက်ပြီး ပြည်သူတွေများစွာ စိတ်ဝင်စားလာတယ်။ မဂ္ဂဇင်းတွေ ထွန်းကားခဲ့တယ်။ လူတွေဟာ စာအုပ်တွေ အငမ်းမရ ဖတ်လာတဲ့အတွက် လုံးချင်းစာအုပ်များစွာ ထွက်လာတယ်။ ကာတွန်းနဲ့ ရုပ်ပြစာအုပ်တွေ ခေတ်စားလာတယ်။

ပြည်သူတွေအတွက် စာကြည့်တိုက်တွေ မလုံလောက်ပါဘူး။ ဒါကြောင့် စာအုပ် အငှားဆိုင်များစွာ ပေါ်ပေါက်ခဲ့တယ်။ စာဖတ်ဝါသနာပါသူတွေဟာ စာအုပ်ဆိုင်တွေမှာ လစဉ်ထွက်မယ့်မဂ္ဂဇင်းတွေနဲ့ ဝတ္ထုတွေကို စောင့်မျှော်ဖတ်ရှုတဲ့ အလေ့အထတွေ ထွန်းကားလာတယ်။

စာအုပ်တွေကို ရွေးယူစနစ် (VPP) နဲ့ ပို့ပြီး လူအများ စာအုပ်ကို လွယ်ကူစွာ ဝယ်ယူလာနိုင်ကြတယ်။ အဲဒီတစ်ခေတ်မှာ အပျော်ဖတ်ဝတ္ထုအများကို အငှားဆိုင်တွေ တင်ကြသလို ဂန္ထဝင်စာအုပ်တွေလည်း ငှားယူ ဖတ်ရှုနိုင်ကြတယ်။

ဒါပေမဲ့ စစ်အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်း တဖြည်းဖြည်း စာဖတ်သူတွေ နည်းလာတယ်။ အပျော်ဖတ်စာပေတွေ၊ မဂ္ဂဇင်းတွေ ပြုတ်တယ်။ စာအုပ်အငှားဆိုင်တွေ ပျက်သုဉ်းသွားတယ်။ ရုပ်ပြကာတွန်းတွေလည်း မရှိရှာတော့ဘူး။ အကြောင်း အမျိုးမျိုးရှိပေမဲ့ အဓိကကတော့ စာကောင်းပေမွန်တွေ ရှားပါးအောင် လုပ်ပစ်လိုက်လို့ပဲလို့ စွပ်စွဲလိုတယ်။ တစ်ခေတ်က စာပေဟာ အတော်လေးကို လွတ်လပ်တယ်။

လွတ်လပ်တယ်ဆိုတာက တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိလို့ပဲပေါ့။ ဒါပေမဲ့ အာဏာသိမ်းပြီး (မဆလခရီး) မှာ စာပေတွေဟာ ဆိုရှယ်လစ်မူဝါဒကို မထိခိုက်စေအောင် ရေးရပါတယ်။ တကယ်တော့ စာရေးဆရာတွေဟာ ဘယ်နိုင်ငံရေးဝါဒကိုမှ လိုက်နာတာ မဟုတ်ဘူး။ ဘယ်ဝါဒအတွက်မှ ရေးတာမဟုတ်ဘူး။ ပြည်သူတွေအတွက် သဘာဝတွေကို ချပြတာပဲ။ ဒါကို အနုပညာလို့ ခေါ်တာပါပဲ။ လူတွေရဲ့ နှလုံးကို သိမ်းယူဆွဲငင်တာဟာ သဘာဝကို တင်ပြလို့ပါပဲ။ အဲဒီတစ်ခေတ်မှာ စာပေစိစစ်ရေးတွေ ပြုလုပ်လာတာကြောင့် အနုပညာ ကွယ်ပျောက်ရတယ်။

(၇)

နိဂုံးချုပ်ပါတော့မယ်။ အနုပညာတွေ ကွယ်ပျောက်တဲ့ကာလမှာ ပညာရေးဟာ စာကို အလွတ်ကျက် ယှဉ်ပြိုင်စေတဲ့စနစ် ပေါ်လာတယ်။ တမင်ဖန်တီးယူတာ မဟုတ်ပေမဲ့ ဘာသာစကား အခက်အခဲကြောင့် ကလေးတွေဟာ ကျောင်းသင်ခန်းစာတွေကို နားမလည်ဘူး။ ဒါပေမဲ့ ပညာရေးရဲ့စိန်ခေါ်မှုက အမှတ်များမှ လိုင်းကောင်းကောင်းရမယ်ဆိုတာ ဖြစ်လာတယ်။ ဒီတော့ စာကျက်ရင်းနဲ့ ကျောင်းပြင်ပဗဟုသုတတွေ မရှာနိုင်ဘူး။ စာအုပ်တွေကို မဖတ်ကြတော့ဘူး။ မြန်မာစာလည်း မြောင်းထဲ ရောက်သွားတယ်။ နောင်ဆို (၂၀၁၂ ကစပြီး) တက္ကသိုလ်တွေမှာ မြန်မာစာအဓိက ယူသူတွေကလွဲရင် ဘယ်သူမှ မြန်မာစာ မသင်ရတော့ဘူး။ သတ်ပစ် လိုက်ပါ။ မြန်မာစာကို သတ်ပစ်လိုက်။ မြန်မာတွေကို သတ်စရာ မလိုဘူး။ မြန်မာစာကိုသာ သတ်လိုက်ပါတော့။ အလိုအလျောက် မျိုးကန်းသွားမှာပဲ။