Frozen 2 အန်နီမေးရှင်းဇာတ်ကားက မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်လာ

Frozen 2 အန်နီမေးရှင်းဇာတ်ကားက မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်လာ
Published 26 November 2019

Disney မှဖြန့်ချိပေးထားသော Frozen 2 အန်နီမေးရှင်းဇာတ်ကားသည် ပွဲဦးထွက်ဝင်ငွေဒေါ်လာ ၁၂၇ သန်းဖြင့် ယခုသီတင်းပတ်တွင် မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာကြောင်း လက်မှတ်ဝင်ငွေ လေ့လာရေးအဖွဲ့ Exhibitor Relations က ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၁ ရက်မှစတင်ကာ နိုင်ငံတကာတွင် ရုံတင်ပြသခဲ့သည့် Frozen 2 ဇာတ်ကားသည် ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့သော Frozen ဇာတ်ကားထဲမှ လူကြိုက်များသော ဇာတ်ကောင်များနှင့်ပင် ဇာတ်ကြောင်းပြန်ဆက်ကာ ရိုက်ကူးထားခြင်းဖြစ်သည်။

ရေခဲခြင်း၊ နှင်းကျခြင်းတို့ကို ပြုလုပ်နိုင်သည့် မွေးရာပါမှော်အစွမ်းကို ပိုင်ဆိုင်ထားသော နှင်းဘုရင်မလေး အယ်ဆာသည် ၎င်း၏ညီမဖြစ်သူ မင်းသမီးလေး အန်နာ၏ ကြိုးပမ်းပေးမှုဖြင့် နန်းတော်သို့ ပြန်လည်ရောက်ရှိလာပြီး နန်းတက်ပွဲအခမ်းအနားကျင်းပခဲ့သည်။ နန်းတက်ပွဲကျင်းပပြီးနောက် သုံးနှစ်အကြာတွင် ဘုရင်မအယ်ဆာသည် ၎င်းအား မြောက်အရပ်သို့ ဆွဲငင်ခေါ်ဆောင်နေသည့် အသံတစ်သံကို စတင်ကြားခဲ့ရာမှ အယ်ဆာသည် ညီမဖြစ်သူအန်နာနှင့် သူငယ်ချင်းများဖြစ်သော နှင်းအရုပ်လေး Olaf၊  နှင်းရှင်းသမား Kristoffi တို့နှင့်အတူ အသံလာရာနေရာသို့ စွန့်စားခန်းထွက်ခဲ့ကြသည်။ ထိုသို့ထွက်ခွာသွားရောက်ရင်း အယ်ဆာပိုင်ဆိုင်ထားသော မှော်အစွမ်း၏ မူလရင်းမြစ်ကို ရှာဖွေရာမှ ဖြစ်ပေါ်လာသည်များကို Frozen 2 ဇာတ်ကားထဲတွင် စိတ်ဝင်စားဖွယ်ရိုက်ကူးပေးထားသည်။

ဆောင်းရာသီအားလပ်ရက်များ မကုန်လွန်မီ အချိန်ကိုက်ထွက်ရှိလာခဲ့သော Frozen 2 အန်နီမေးရှင်းဇာတ်ကားသည် ၂၀၁၆ ခုနှစ်တွင်ထွက်ရှိခဲ့သော Finding Dory နှင့် ၂၀၁၈ခုနှစ်တွင် ထွက်ရှိခဲ့သော Incredibles 2 အန်နီမေးရှင်းဇာတ်ကားများပြီးလျှင် Disney ၏ ပွဲဦးထွက်ဝင်ငွေ အကောင်းဆုံး တတိယမြောက် အန်နီမေးရှင်းဇာတ်ကားဖြစ်လာကြောင်း သိရသည်။

Frozen 2 ဇာတ်ကားကို ဒါရိုက်တာ Chris Buck နှင့် Jennifer Lee တို့ ရိုက်ကူးထားပြီး Idina Menzel၊ Kristen Bell၊ Jonathan Froff၊ Josh Gad တို့က အသံနောက်ခံဖြင့် ပြောကြားပေးထားသည်။

မြောက်အမေရိကဝင်ငွေအကောင်း ဆုံးရုပ်ရှင်စာရင်း၏ နံပါတ်နှစ်နေရာတွင် ဖြစ်ရပ်မှန်ပြိုင်ကားဇာတ်လမ်း Ford v Ferrari က ဝင်ငွေဒေါ်လာ ၁၆ သန်းဖြင့် ရပ်တည်နေပြီး Sony ၏ဇာတ်ကားသစ်ဖြစ်သော A Beautiful Day in the Neighborhood ဒရာမာဇာတ်ကားက ပွဲဦးထွက်ဝင်ငွေဒေါ်လာ ၁၃.၅ သန်းဖြင့် စာရင်း၏ နံပါတ်သုံးနေရာတွင် ရပ်တည်နေသည်။

သည်းထိတ်ရင်ဖိုဇာတ်ကား 21 Bridges သည် ဝင်ငွေဒေါ်လာ ၉.၂ သန်းဖြင့် နံပါတ်လေးနေရာတွင် ရပ်တည်နေပြီး အမေရိကန်စစ်ကား Midway သည် ဝင်ငွေဒေါ်လာ ၄.၇ သန်းဖြင့် စာရင်း၏ နံပါတ်ငါးနေရာတွင် ရပ်တည်လျက်ရှိသည်။

 

Most Read

Most Recent