သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မည်ကို စိုးရိမ်မှုများကြောင့် Coldplay အဖွဲ့က ဖျော်ဖြေပွဲများပြုလုပ်မည့် အစီအစဉ်ကို ဆိုင်းငံ့

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မည်ကို စိုးရိမ်မှုများကြောင့် Coldplay အဖွဲ့က ဖျော်ဖြေပွဲများပြုလုပ်မည့် အစီအစဉ်ကို ဆိုင်းငံ့
Published 24 November 2019

သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့်အရေးကို စိုးရိမ်ခြင်းကြောင့် ဗြိတိန်တေးဂီတအဖွဲ့ Coldplay က အဖွဲ့၏ တေးအယ်လ်ဘမ်သစ်အတွက် ဖျော်ဖြေပွဲများကျင်းပမည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း သိရသည်။ ယင်းလုပ်ဆောင်မှုသည် ဂီတနယ်ပယ်တွင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို အသိပေးလှုံ့ဆော်သော သင်္ကေတသစ်တစ်ရပ် ဖြစ်လာခဲ့ပြီး ထိုသို့ဖျော်ဖြေပွဲများ ဆိုင်းငံ့ခဲ့မှုအတွက် Coldplay အဖွဲ့သည် လူအများ၏ ချီးကျူးမှုကို ခံရသည်။

ဖျော်ဖြေပွဲများက သဘာဝပတ်ဝန်းကျင်အတွက် မည်သို့အကျိုးပြုလာနိုင်စေသည့်အချက်ကို ရှာမတွေ့မချင်း ကမ္ဘာလှည့်ဖျော်ဖြေပွဲများကို လုပ်ဆောင်သွားမည်မဟုတ်ကြောင်း၊ ဖျော်ဖြေပွဲအတွက်လိုအပ်သော အသွားအပြန် လေယာဉ်ခရီးစဉ်များ၊ ဖျော်ဖြေပွဲ လုပ်ဆောင်စဉ်အတွင်း အဖွဲ့ဝင်များအတွက် လိုအပ်သော ပလတ်စတစ်ရေဘူးကဲ့သို့ အခြားအသုံးလိုသည့်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အတွက် ယင်းတို့ကို စာရင်းပြုစုခဲ့ကြောင်း Coldplay အဖွဲ့၏ ပင်တိုင်အဆိုတော် ခရစ်မာတင်က BBC သို့ ပြောကြားခဲ့သည်။

Coldplay အဖွဲ့အနေဖြင့် အသစ်ထွက်လာသည့် တေးအယ်လ်ဘမ်အတွက် ဖျော်ဖြေပွဲကျင်းပရန် လိုအပ်လာပါကလည်း အဖွဲ့၏ ဖျော်ဖြေပွဲများကို ကာဗွန်လုံးဝမထွက်သည့် ဖျော်ဖြေပွဲဖြစ်စေရန် မျှော်လင့်ထားကြောင်း မာတင်က ဆိုသည်။

ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲများတွင် ဖျော်ဖြေပွဲကျင်းပမည့် နေရာများကို ထောက်ပံ့ရသည့် လျှပ်စစ်ဓာတ်အားပမာဏနှင့် ပတ်သက်၍ စိုးရိမ်မှုတိုးလာခြင်းနှင့်အတူ ထိုဂီတဖျော်ဖြေပွဲများသည် သဘာဝပတ်ဝန်းကျင်ကို ကြီးကြီးမားမားထိခိုက်စေသည်ဟု သဘာဝပတ်ဝန်းအရေး တက်ကြွလှုပ်ရှားသူများက ပြောကြားထားကြသည်။

Coldplay အဖွဲ့၏ လုပ်ဆောင်မှုကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) က ချီးမွမ်းခဲ့ပြီး ကမ္ဘာကျော် အနုပညာရှင်များက ကမ္ဘာကြီးကိုကာကွယ်ရန် အရှိန်မြှင့်လုပ်ဆောင်နေကြသည်ကို တွေ့ရသည်မှာ စိတ်ကြည်နူးဖွယ်ကောင်းကြောင်း WWF ၏ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဂါရက်ရတ်မွန်ကင်းက ပြောကြားခဲ့သည်။

Coldplay သည် အဖွဲ့၏ အသစ်ထွက်ရှိထားသော Everyday Life အယ်လ်ဘမ်ကို အရောင်းမြှင့်တင်ရန်အတွက် ဂျော်ဒန်မြို့တော် အမ္မန်တွင် ဖျော်ဖြေပွဲနှစ်ပွဲသာ ကျင်းပခဲ့ပြီး ထိုဖျော်ဖြေတင်ဆက်မှုများကို နေထွက်ချိန်နှင့် နေဝင်ချိန်တွင်သာ ပရိသတ်တစ်ဦးမျှ မပါဘဲပြုလုပ်ခဲ့ကာ YouTube ပေါ် တွင် အခမဲ့ ထုတ်လွှင့်ပေးခဲ့ခြင်း ဖြစ်သည်။

Coldplay အဖွဲ့သည် ၂၀၁၅ ခုနှစ်တွင် ထွက်ရှိခဲ့သော A Head Full of Dreams အယ်လ်ဘမ်အတွက် ဖျော်ဖြေတင်ဆက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာတစ်ဝန်းတွင် ဖျော်ဖြေပွဲ ၁၂၂ ပွဲကျင်းပခဲ့ပြီးဖြစ်သည်။ ဖျော်ဖြေပွဲမှ ရရှိလာသော အမြတ်အစွန်းများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းအဖွဲ့များထံ လှူဒါန်းခြင်းနှင့်အတူ Coldplay အဖွဲ့သည် လာမည့် နိုဝင်ဘာ ၂၅ ရက်တွင် လန်ဒန်ရှိ Natural History Museum ၌ ဖျော်ဖြေပွဲတစ်ခု ကျင်းပရန် စီစဉ်ထားသည်။

ဗြိတိန်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုများ၏ တန်ချိန် ၄၀၅၀၀၀ သည် ဂီတဖျော်ဖြေပွဲများမှ ထွက်ရှိခြင်းဖြစ်ပြီး ဖျော်ဖြေပွဲများမှထွက်ရှိသော အမှိုက်သရိုက်ပမာဏသည် နှစ်စဉ် တန်ချိန် ၂၃၅၀၀ ခန့်ရှိကြောင်း Global Citizen အဖွဲ့က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent