မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ

မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
Published 23 November 2019

Spider-Man၊ X-Man နှင့် The Avengers ရုပ်ပြစာစောင်များ အပါအဝင် အခြားသောရုပ်ပြစာစောင်များကို ပုံနှိပ်ထုတ်ဝေသည့် အမေရိကန်ကုမ္ပဏီ Marvel က ပထမဆုံးပုံနှိပ်ထုတ်ဝေခဲ့သော ရုပ်ပြစာစောင်ကို နိုဝင်ဘာ ၂၁ ရက်တွင် လေလံတင် ရောင်းချခဲ့ရာ စံချိန်တင်စျေး ဒေါ်လာ ၁.၂၆ သန်းဖြင့် ရောင်းထွက်သွားခဲ့ကြောင်း Heritage Auctions က ထုတ်ပြန်ခဲ့သည်။

“ ဒါက သမိုင်းဝင်ရုပ်ပြစာအုပ်လောကရဲ့ သမိုင်းဝင်ပုံတူစာစောင်လေးတစ်ခုပါ။ ဒီစာစောင်က မာဗယ်ရုပ်ပြစာစောင်တွေ အားလုံးထက် ရှေးကျတဲ့ရုပ်ပြစာစောင် ဖြစ်တယ်ဆိုတာ မေးဖို့မလိုသလို ဒီရုပ်ပြစာစောင်မရှိဘဲနဲ့ ယနေ့ခေတ် ကာတွန်းစာအုပ်တွေ၊ ရုပ်ရှင်ဇာတ်ကားတွေထဲမှာပါတဲ့ ကျွန်တော်တို့ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ၊ ဇာတ်ကောင်တွေဆိုတာ ရှိလာမှာ မဟုတ်ပါဘူး” ဟု heritage Auctions လေလံကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ အက်ဂျက်စတာက ပြောကြားခဲ့သည်။

အဆိုပါရုပ်ပြစာစောင်ကို ၁၉၃၉ ခုနှစ် တွင် Timely Comics ပုံနှိပ်တိုက်က ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ Timely Comics ပုံနှိပ်တိုက်သည် ၁၉၆၀ ပြည့်လွန်နှစ်များတွင် Marvel Comics ပုံနှိပ်တိုက်ဟူသော အမည်သို့ ပြောင်းလဲခဲ့သည်။

ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ စတန်းလီ၏ လမ်းညွှန်မှုအရ မာဗယ်သည် ၁၉၆၀ ပြည့်လွန်နှစ်များတွင် စူပါဟီရိုးဇာတ်ကောင်များကို ဖန်တီးပုံဖော်ခဲ့ပြီး ယင်းဇာတ်ကောင်များသည် ယနေ့ခေတ်တွင် လူကြိုက်များသော ဇာတ်ကောင်များဖြစ်လာကြကာ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခြင်းဖြင့်လည်း ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်းများတွင် သိမ်းပိုက်စိုးမိုး၍ အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ခဲ့ကြသည်။

Marvel Comics ၏ ပထမဆုံး ရုပ်ပြစာစောင်ကို ၁၉၃၉ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့စဉ်က ယင်းစာစောင် တစ်စောင်၏တန်ဖိုးကို ၁၀ ဆင့်ထက်ပိုသော စျေးနှုန်းဖြင့် စျေးကွက်တွင် ရောင်းချခဲ့ခြင်းဖြစ်ပြီး အရောင်းလည်း သွက်ခဲ့ကြောင်း သိရသည်။

ပင့်ကူလူသား Spider-Man ဇာတ်ကောင် ပထမဆုံးထွက်ပေါ်လာခဲ့သည့် စာစောင်မှာ Amazing Fantasy #15 ဖြစ်ပြီး ထိုရုပ်ပြစာစောင်ကို ၂၀၁၁ ခုနှစ်တွင် လေလံတင်ရောင်းချခဲ့ရာ ဒေါ်လာ ၁.၁ သန်း ရရှိခဲ့သည်။ သို့သော် ထိုပမာဏကို မာဗယ်၏ ပထမဆုံးရုပ်ပြစာစောင် ရောင်းထွက်ခဲ့သော လေလံစျေးနှုန်းက ကျော်တက်သွားခြင်းကြောင့် Amazing Fantasy #15 သည် လေလံစျေး ဒုတိယအများဆုံးရရှိသော မာဗယ်ရုပ်ပြစာစောင်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

 

Most Read

Most Recent