ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းလေးခုအနက် ရတနာစီမံကိန်းနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းတို့၏ ထုတ်လုပ်မှုနှုန်းသည် အကျဘက်သို့ဦးတည်နေပြီး လာမည့်နှစ်များတွင် စီမံကိန်းကာလ ပြီးဆုံးမည့်အခြေအနေ ရောက်ရှိတော့မည်ဟု သိရ

ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းလေးခုအနက် ရတနာစီမံကိန်းနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းတို့၏ ထုတ်လုပ်မှုနှုန်းသည် အကျဘက်သို့ဦးတည်နေပြီး လာမည့်နှစ်များတွင် စီမံကိန်းကာလ ပြီးဆုံးမည့်အခြေအနေ ရောက်ရှိတော့မည်ဟု သိရ
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-MOEE)
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-MOEE)
Published 20 November 2019

မြန်မာ့ကမ်းလွန်ရှိ ကမ်းလွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းလေးခုအနက် ၁၉၉၆ ခုနှစ် မှ ထုတ်လုပ်မှုစတင်ခဲ့သည့် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် ၁၉၉၀ ခုနှစ်တွင် ထုတ်လုပ်မှုစတင်ခဲ့သည့် ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းတို့၏ ထုတ်လုပ်မှုနှုန်းသည် အကျဘက်သို့ ဦးတည်နေပြီး နောင်လာမည့်နှစ်များတွင် စီမံကိန်းကာလ ပြီးဆုံးမည့်အခြေအနေသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေစာရင်းအရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းလေးခုမှ ဝင်ငွေ အဓိကရရှိနေသော ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းလေးခုမှ ထုတ်လုပ်မည့်  ကုဗပေ သန်းပေါင်းပမာဏ ၆၂၉၀၀၀ ကျော်၊ ကုန်း တွင်းရေနမြေများမှ ထုတ်လုပ်မည့်ပမာဏ ကုဗပေသန်းပေါင်း ၁၇၃၀၀ ကျော်ဖြင့် စုစု ပေါင်းထုတ်လုပ်မှုပမာဏ ကုဗပေသန်းပေါင်း ၆၄၇၀၀၀ ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေစာရင်းအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ မူလခန့် မှန်းခြေစာရင်းနှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်မှု ပမာဏ ကုဗပေသန်းပေါင်း ၂၅၀၀၀ ကျော် လျော့နည်းနေကြောင်း သိရသည်။

ထုတ်လုပ်မှုပမာဏလျော့နည်းရခြင်းမှာ ရဲတံခွန်စီမံကိန်းအနေဖြင့်  Post Plateau Period သို့ ရောက်ရှိချိန်ဖြစ်သောကြောင့် အဆင့်ဆင့်ထုတ်လုပ်မှုကျဆင်းခြင်း၊ ကုန်းတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းရခြင်းမှာ သဘာဝဓာတ်ငွေ့သုံးစွဲမှု သက်တမ်း ကြာမြင့်လာခြင်းတို့ကြောင့်ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကမ်းလွန်သဘာဝဓာတ်ငွေ့စျေးနှုန်းများမှာ ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းတို့တွင် 1MMBTU လျှင် ဒေါ်လာ ၈ ဒသမ ၈၈၁၄ နှုန်း၊ ရွှေစီမံကိန်းတွင် 1MMBTU လျှင် ဒေါ်လာ ၇ ဒသမ ၃၉၄၉ နှုန်း၊ ရဲတံခွန်၏ရေနံစိမ်းနှင့် လေဆီစျေးနှုန်းကို တစ်စည်လျှင် ဒေါ်လာ  ၆၅ နှုန်းတို့ဖြစ်ကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ပြည်ထောင်စုလွှတ် တော်သို့ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦစီးဌာနမှ  ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် ကျပ် ၄၅၇ ဒသမ ၇၅၅ ဘီလျံရရှိမည်ဖြစ်ပြီး စီမံကိန်းများအတွက် လက်မှတ်ရေးထိုးခ Signature Bonus ကို ယခုနှစ်တွင် ထည့် သွင်းလျာထားနိုင်မှုမရှိကြောင်း၊ ကမ်းလွန်သဘာဝဓာတ်ငွေ့ရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်းမှရရှိမည့် ကျပ် ၁၄၇၉ ဒသမ ၄၇၁ ဘီလျံ၊ ကုန်းတွင်းရေနံမြေမှရရှိမည့်ငွေကျပ်  ၁၉၆ ဒသမ ၄၉၆ ဘီလျံ၊ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသယ်ယူပို့ဆောင်ခြင်းမှ ရရှိမည့်ငွေကျပ် ၂၅၅ ဒသမ ၂၆၀ ဘီလျံရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ပြည်တွင်းသုံးအတွက် သဘာဝဓာတ်ငွေ့ဝယ်ယူခြင်းတွင် ရတနာစီမံကိန်းမှ ကျပ် ၅၅၆ ဒသမ ၂၃၁ ဘီလျံ၊ ရွှေစီမံကိန်းမှ ကျပ် ၄၁၆ ဒသမ ၃၂၇ ဘီလျံ၊ ဇောတိကစီမံကိန်းမှ ကျပ် ၃၁၈ ဒသမ ၁၁၆ ဘီလျံ၊ စုစုပေါင်း ကျပ် ၁၂၉၀ ဒသမ ၆၇၄ဘီလျံ အသုံးစရိတ် အဖြစ် လျာထားပြီး အဆိုပါပြည်တွင်းသုံး များကို ရောင်းချခြင်းဖြင့် ရရှိမည့်ဝင်ငွေကို လည်း ကျပ် ၁၃၈၀ ဒသမ ၀၄၀ ဘီလျံခန့်မှန်း လျာထားကြောင်း ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောကြားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတွင် တူးဖော်၊ ရှာဖွေနေဆဲ စီမံကိန်းသစ်များမှ စီးပွားဖြစ် ထုတ်လုပ်နိုင်မှုအချိန် နောက်ကျနေပါက လာမည့်နှစ်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၏ ဝင်ငွေတဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ထုတ်လုပ်မှုစတင်ခဲ့သည့် ရတနာ စီမံကိန်းနှင့် ၁၉၉၀ ပြည့်နှစ်တွင် ထုတ်လုပ်မှု စတင်ခဲ့သည့် ရဲတံခွန်စီမံကိန်းတို့၏ ထုတ်လုပ်မှုနှုန်းများသည် အကျဘက်သို့ တဖြည်းဖြည်းဦးတည်နေပြီး နောက်လာမည့် ၂၀၂၃ ခုနှစ်တွင် စီမံကိန်းကာလပြီးဆုံးမည့်အခြေအနေသို့ ရောက်ရှိတော့မည်ဖြစ်သောကြောင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ကမ်းလွန်စီမံကိန်းသစ်များကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် တွန်းအားပေးခြင်းနှင့် ထုတ်လုပ်မှုကျဆင်းနေသည့်စီမံကိန်းများအတွက် ကျားကန်ပေးခြင်းဖြင့် ဝင်ငွေများ လျော့နည်းမှု သက်သာစေရန်  ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆို သည်။       

 

Most Read

Most Recent