အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များ အတည်ပြုထုတ်ပြန်ခဲ့ပြီး မြန်မာ ယူ-၂၂ အသင်း အုပ်စုအဖွင့်ပွဲအဖြစ် နိုဝင်ဘာ ၂၅ ရက်တွင် မလေးရှားနှင့် စတင်ကစားရမည်

အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များ အတည်ပြုထုတ်ပြန်ခဲ့ပြီး မြန်မာ ယူ-၂၂ အသင်း အုပ်စုအဖွင့်ပွဲအဖြစ် နိုဝင်ဘာ ၂၅ ရက်တွင် မလေးရှားနှင့် စတင်ကစားရမည်
Photos : MFF
Photos : MFF
Published 16 November 2019

 

ဖိလစ်ပိုင်အိုလံပစ်ကော်မတီသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ် အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို အတည် ပြုထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် အုပ်စုအဖွင့်ပွဲ အဖြစ် နိုဝင်ဘာ ၂၅ ရက်တွင် နာမည်ကြီး မလေးရှားအသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။

အမျိုးသားဘောလုံးပြိုင်ပွဲတွင် အရှေ့ တောင်အာရှ ၁၁ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က)တွင် အိမ်ရှင်ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ တီမော၊ အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဘရူနိုင်း နှင့် လာအိုအသင်းတို့ ပါဝင်နေသည်။

အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ရီဇယ်အမှတ်တရဘောလုံးကွင်း နှင့် ဘီနန်ဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲများကိုမူ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၇ ရက်၊ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို ဒီဇင်ဘာ ၁၀ ရက်တွင် မနီလာမြို့ရှိ ရီဇယ်အမှတ်တရဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းသည် မလေးရှားအသင်းနှင့် အုပ်စုအဖွင့်ပွဲကစားပြီးပါက တစ်ရက်သာနား၍ အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် ထပ်မံကစားရမည်ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် အုပ်စုတွင်း အင်အားအကြီးဆုံးအသင်းများဖြစ်သည့် မလေးရှား၊ ဖိလစ်ပိုင်တို့နှင့် ဆက်တိုက်ကစားရမည် ဖြစ်ရာ ယင်းနှစ်ပွဲမှာ ဆီမီးဖိုင်နယ်တက် ရောက်ခွင့်အတွက် အရေးပါလျက်ရှိသည်။

မြန်မာအသင်းသည် အုပ်စုသုံးပွဲအနက် ရှေ့သုံးပွဲကို တစ်ရက်ခြား ကစားရမည်ဖြစ်ပြီး ကမ္ဘောဒီးယားအသင်းနှင့်ပွဲမတိုင်မီ နားရက် နှစ်ရက်ရရှိမည်ဖြစ်သည်။

မြန်မာအသင်းသည် လက်ရှိချန်ပီယံ ထိုင်းနှင့် အင်ဒိုနီးရှားတို့ကို ရှောင်ရှားနိုင်ခဲ့သော်လည်း မလေးရှားအပါအဝင် ခြေစွမ်းတိုးတက်လာသည့် အိမ်ရှင်ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့နှင့် ကျရောက်နေသောကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန် အာရုံစိုက်ကစားရမည်ဖြစ်သည်။

ယခုနှစ် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲကို အသက် ၂၂ နှစ်အောက်ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်သော်လည်း အသက်ကျော်ကစားသမားနှစ်ဦး ထည့်သွင်း အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။

မြန်မာအသင်း၏ အုပ်စုပွဲစဉ်များ

၂၅-၁၁-၁၉ မြန်မာ - မလေးရှား ၂ နာရီခွဲ

၂၇-၁၁-၁၉ မြန်မာ - ဖိလစ်ပိုင် ၂ နာရီခွဲ

၂၉-၁၁-၁၉ မြန်မာ - တီမော ၂ နာရီခွဲ

၂-၁၂-၁၉ မြန်မာ - ကမ္ဘေားဒီးယား ၆ နာရီခွဲ

Most Read

Most Recent