မြစ်ရေတိုက်စားမှုကို ဆက်တိုက်ကြုံတွေ့နေရသည့် လပွတ္တာ-သင်္ကန်းကြီး ကားလမ်းပိုင်းအား အရေးပေါ် ပြုပြင်ထိန်းသိမ်းခြင်းများအပြင် လမ်းအူကြောင်းတာအသစ်ကိုပါ ထပ်မံတည်ဆောက်မည်

မြစ်ရေတိုက်စားမှုကို ဆက်တိုက်ကြုံတွေ့နေရသည့် လပွတ္တာ-သင်္ကန်းကြီး ကားလမ်းပိုင်းအား အရေးပေါ် ပြုပြင်ထိန်းသိမ်းခြင်းများအပြင် လမ်းအူကြောင်းတာအသစ်ကိုပါ ထပ်မံတည်ဆောက်မည်
ရွေးမြစ်ရေတိုက်စားမှု ဆက်တိုက်ကြုံတွေ့နေရသည့် လပွတ္တာ-သင်္ကန်းကြီး ကားလမ်းပိုင်းတစ်နေရာကို တွေ့ရစဉ်
ရွေးမြစ်ရေတိုက်စားမှု ဆက်တိုက်ကြုံတွေ့နေရသည့် လပွတ္တာ-သင်္ကန်းကြီး ကားလမ်းပိုင်းတစ်နေရာကို တွေ့ရစဉ်
Published 16 November 2019
မင်းသူဝင်းထွဋ်

ရွေးမြစ်ရေတိုက်စားမှုကို ဆက်တိုက်ကြုံတွေ့နေရသည့် လပွတ္တာ-သင်္ကန်းကြီး ကားလမ်းပိုင်းအား အရေးပေါ် ပြုပြင်ထိန်းသိမ်းခြင်းများအပြင် လမ်းအူကြောင်းအသစ်ကိုပါ ရွေးချယ်၍ ပန်းတာလမ်းအသစ် ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

လပွတ္တာ-သင်္ကန်းကြီးကားလမ်းမှာ လပွတ္တာ-သင်္ကန်းကြီးရေငံတားပေါ်တွင် ဖောက်လုပ်ထားခြင်းဖြစ်ပြီး ရွေးမြစ်ရေတိုက်စားမှုကြောင့် နေရာခြောက်ခုခန့်တွင် မြစ်ကမ်းပါးထိန်းနံရံများကို တည်ဆောက်ထားရကြောင်း၊ ယင်းသို့ တည်ဆောက်ထားသော်လည်း မြစ်ကမ်းပါးပြိုကျမှုများမှာ ဆက်တိုက်ဖြစ်ပေါ်နေပြီး ထင်းစုကျေးရွာအနီးအတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကားလမ်းမထက်ဝက်ခန့်ပါ ပြိုကျပျက်စီးခဲ့ရကြောင်း၊ မြစ်ကမ်းပါးပြိုကျမှုများမှာ ဆက်တိုက်ဖြစ်ပေါ်နေသောကြောင့် လက်ရှိအသုံးပြုနေသော ကားလမ်းမတာအပြင် အတွင်းမှ ပန်းတာတစ်ခုကိုပါ ထပ်မံတည်ဆောက်၍ လမ်းအသစ်ဖောက်လုပ်သွားရန် လုပ်ဆောင်နေကြောင်း သိရသည်။

“ဒီလုပ်ငန်းလုပ်တာ သိန်းပေါင်းသောင်းကျော်နေပြီလို့ အစကနေပြီးတော့ အခုလက်ရှိကုန်နေတဲ့အထိက ဒါပေမဲ့ အကျိုးဖြစ်လားဆိုတော့ ထိရောက်တဲ့အကျိုးမဖြစ်ဘူး လွန်ခဲ့တဲ့ ၂၀၁၇ ဖြစ်တဲ့အချိန်က အနားယူသွားတဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီတို့နဲ့ ဒါလာပြီးတော့ပြတယ်။ ပြတဲ့အခါမှာ လမ်းဦးစီးပါတယ်၊ ဆည်မြောင်းဦးစီးပါတယ်၊ တိုင်းအဆင့်တွေပေါ့။ ဆုံကြတဲ့အခါမှာ ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ ဆွေးနွေးပြီးတော့ နောက်မြစ်ချောင်းဖြိုးက လူတွေရဲ့အကြံဉာဏ်အားဖြင့်လည်း မေးကြည့်တဲ့အခါကျတော့ ဒီနေရာဟာ လမ်းအဖြစ်နဲ့သုံးဖို့ရာ အဆင်မပြေတော့ဘူး။ လမ်းအူကြောင်းအသစ်ကို ရှာသင့်တယ်။ ဒီနေရာကို စွန့်လွှတ်သင့်တယ်လို့ အဖြေရထားပါတယ်။ အဖြေရထားတဲ့အတွက် ၂၀၁၇ လောက်ထဲက ကျွန်တော်တို့က လမ်းအူကြောင်းရှာထားတယ်။ လမ်းအူကြောင်းရှာထားတာက ပထမပိုင်းကတော့ ငွေကုန်ကြေးကျနည်းမယ်။ များမဲ့ဟာကို ရှောင်တဲ့အနေနဲ့ လမ်းအူကြောင်းက ခပ်တိုတိုတစ်ခုစဉ်းစားမိတယ်။ နောက် သေချာပြန်စဉ်းစားတဲ့အခါကျတော့ ဒီဟာအခုလက်ရှိဖြစ်နေတဲ့နေရာနဲ့ သိပ်မကွာတဲ့အတွက် နှစ်ရှည်စိတ်ချမှုမရှိဘူး။ လမ်းအူကြောင်းအသစ် ထပ်ရွေးရင်ကောင်းမယ်ဆိုပြီး ဒုတိယ တစ်နေရာရွေးလိုက်တယ်။ အဲဒီခါကျ သုံးမိုင်ကျော်ကျော်လောက်ဖြစ်သွားတယ်။ သုံးမိုင်နဲ့ ခုနစ်ဖာလုံလောက်ရှိမယ်၊ ပထမရွေးထားတာတော့ နှစ်မိုင်ကျော်ကျော်လောက်ရှိတယ်။ ဒါက ငွေကုန်ကြေးကျတော့ နည်းမယ်။ ရေရှည်မှာ အန္တရာယ်ရှိလာနိုင်တယ်။ နောက်ထပ်ရွေးတဲ့ သုံးမိုင်ခုနစ်ဖာလုံဆိုတဲ့နေရာကတော့ အချိန်တော်တော်ကြာကြာ ကျွန်တော်တို့က အန္တရာယ်ကိုရှောင်တိမ်းနိုင်မယ့် အနေအထားရှိတာမို့ အဲ့ဒါကိုပဲ ကျွန်တော်တို့က အာရုံစူးစိုက်ပြီးတော့ အဲ့ဒါကိုပဲ ကျွန်တော်တို့က တင်ပေးထားတယ်” ဟု လပွတ္တာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှက ပြောကြားသည်။

ဆက်လက်၍ ဦးထွန်းလှက “မကြာခင်တစ်လလောက်က လမ်းဦးစီးဌာနရုံးချုပ် တိုင်းတာမဲ့သူတွေ လွှတ်ပေးတယ်၊ တိုင်းလိုက်တဲ့အခါကျတော့ သူတို့ကျတော့ ပညာရှင်အမြင်ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့လို့ အကြမ်းဖျင်းမဟုတ်တော့ဘဲနဲ့ အတိအကျတိုင်းတဲ့အခါကျတော့ ဒီမှာက ချောင်းတစ်ချောင်းဖြတ်ရတယ်။ ကျွန်တော်တို့ အကောင်းဆုံးလို့ရွေးထားတဲ့ သုံးမိုင် ခုနစ်ဖာလုံကို ရွေးမယ်ဆိုရင် မြစ်ချောင်းက ချောင်းကျယ်ဖြတ်ရမယ်။ တံတားကရှည်မယ်၊ အခု သူတို့ထပ်ရွေးသွားတာကတော့ ပထမနေရာလည်းမဟုတ်၊ ဒုတိယနေရာလည်းမဟုတ်တဲ့ ကြားထဲမှာ ရွေးသွားတာမို့ သူတို့ဘာကြောင့် ရွေးသွားလဲဆိုရင် အဲဒီနေရာလေးမှာ ဖြတ်ရမဲ့ချောင်းက ကျဉ်းတယ်။ ကျဉ်းတော့ တံတားတိုမယ်။ ဒါ့ကြောင့် ဒီနေရာကိုရွေးတယ်လို့ သူတို့ရဲ့သုံးသပ်ချက်ကို ကျွန်တော်တို့ သိလိုက်ရတယ်။ လယ်သမားတွေနဲ့လည်း ၂၀၁၇၊ ၂၀၁၈ တုန်းကလည်း လယ်သမားတွေနဲ့ တွေ့ပြီးတော့ ဒီလိုမျိုးလုပ်ရဖို့ရှိတယ်။ လယ်သမားတွေက နစ်နာမဲ့အပိုင်း ဘယ်လိုဖြစ်မလဲဆိုတော့ လယ်သမားတွေက လျော်ကြေးတော့ လိုချင်တယ်။ စျေးနှုန်းဘယ်လောက်နဲ့ လိုချင်လဲဆိုတော့ တစ်ဧကကို ၁၀ သိန်းနှုန်းနဲ့ လက်ခံနိုင်တယ်ဆိုတဲ့ဟာကိုတော့ လယ်သမားတွေရဲ့ သဘောထားရထားပြီးသားဖြစ်တယ်။ လယ်သမားက ၂၆ ဦးလောက်ရှိတယ် ပထမလမ်းကြောင်းကိုရှာပြီး တိုင်းထားတုန်းက အခုနောက်ဆုံးရုံးချုပ်က လာတိုင်းတဲ့နေရာက လယ်သမားတွေကိုတော့ ကျွန်တော်တို့ တိတိကျကျ မမေးဖြစ်သေးဘူးပေါ့။ ဒါကလည်း လယ်သမားတွေက သဘောတူမဲ့ အနေအထားရှိပါတယ် ဘာလို့လဲဆိုတော့ ဒါမလုပ်ရင် သူတို့လယ်တွေက ထိခိုက်ဆုံးရှုံးမယ်ဆိုတာ သူတို့လည်းသိတာကို ကျွန်တော်တို့ လမ်းအူကြောင်းအသစ်လုပ်ဖို့ ရည်ရွယ်ထားတာရှိတယ်။ အခုလက်ရှိအနေအထားအရ ကျွန်တော်တို့ ဘယ်လိုမှ စိတ်ချရတာမဟုတ်တော့တာမို့ အခုနွေစပါးပြတ်ရင် လမ်းအူကြောင်း အသစ်ကနေပြီးတော့ ကျွန်တော်တို့က လမ်းအသစ်ဖြစ်ဖို့ ကြိုးစားရတော့မယ်” ဟု ပြောကြားသည်။

လပွတ္တာ-သင်္ကန်းကြီးကားလမ်းမတာမှာ နာဂစ်မုန်တိုင်းပြီးချိန်တွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရပါက အရေးပေါ်ရှောင်တိမ်းနိုင်ရန် တည်ဆောက်ထားခဲ့သည့် မဟာဗျူဟာလမ်းမကြီးများအနက် တစ်လမ်းအပါအဝင်ဖြစ်ပြီး အဆိုပါလမ်းပိုင်းပျက်စီးခဲ့ပါက လပွတ္တာမြို့နှင့် ကျေးရွာပေါင်း ၃၀ ခန့်မှာ ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်သွားနိုင်ပြီး တာအတွင်းရှိ လယ်ဧကတစ်သောင်းခန့်မှာလည်း ရေငံများ ဝင်ရောက်ဖျက်ဆီးမှုကို ကြုံတွေ့လာရနိုင်ကြောင်းသိရသည်။                            

 

 

Most Read

Most Recent