နော်ဝေနိုင်ငံ အကူအညီဖြင့် စစ်တွေ အထွေထွေရောဂါကုဆေးရုံကြီးတွင် သားဖွားမီးယပ်နှင့် ကလေးလူနာဆောင် ဆောက်လုပ်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နော်ဝေနိုင်ငံ သံအမတ်ကြီး တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်တွေ အထွေထွေရောဂါကုဆေးရုံကြီးတွင် သားဖွားမီးယပ်နှင့် ကလေးလူနာဆောင် နှစ်ထပ်ဆောင်သစ် ဆောက်လုပ်သွားရန် ပုံစံရေးဆွဲပြီး ဖြစ်ကြောင်း ၊ အဆိုပါ နှစ်ထပ်ဆောင် ဆောက်လုပ်ရာတွင် နော်ဝေနိုင်ငံ အနေဖြင့် ပံ့ပိုးမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် အလှူရှင်များ ထပ်မံဖိတ်ခေါ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အာဟာရချို့တဲ့မှုနှုန်း များနေသည့် ရခိုင်ပြည်နယ်တွင် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး လုပ်ငန်းအဖြစ် သတ်မှတ် လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှုပုံစံစစ်တမ်း (၂၀၁၇-၂၀၁၈) အရ ရခိုင်ပြည်နယ်သည် အသက်ငါးနှစ်အောက် ကလေးများ၌ ပုညှက်မှုနှုန်း ၃၄ ဒသမ ၇ ရာခိုင်နှုန်းဖြင့် တတိယအများဆုံးနှင့် သွေးအားနည်းမှုနှုန်း ၅၂ ရာခိုင်နှုန်းဖြင့် ပထမအများဆုံး ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်များတွင် သွေးအားနည်းမှု ၃၀ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး၊ အိုင်အိုဒင်းဆား စားသုံးသော အိမ်ထောင်စုသည် ၁၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အနည်းဆုံး တွေ့ရှိရသောကြောင့် ရခိုင်ပြည်နယ်တွင် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနအားလုံး ပူးပေါင်း၍ ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ် လုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်းက ရခိုင်ပြည်နယ်အတွင်း အာဟာရချို့တဲ့မှု ဘက်စုံကုသ စောင့်ရှောက်မှုများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည် ဝင်ရောက်လာသူများတွင် ပါဝင်လာမည့် ကလေး နှင့် ကိုယ်ဝန်ဆောင်များအတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အာဟာရချို့တဲ့မှု ဘက်စုံကုသ စောင့်ရှောက်မှုလုပ်ငန်းများကို အထူးဦးစားပေး လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ဆောင်နေပြီး လိုအပ်သော အစားအသောက်များနှင့် ပတ်သက်၍ World Food Program နှင့် ပူးပေါင်း လုပ်ဆောင်နေပြီး ဖြည့်စွက်စာများ၊ ဗီတာမင်များ စသည်တို့ကိုလည်း WFP က ထောက်ပံ့ ကူညီပေးလျက် ရှိသည်။
“အာဟာရချို့တဲ့မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုက သန်ကောင်၊ တုတ်ကောင်၊ Infestation ရဲ့ Infection တွေပါ။ ဒါတွေအတွက် ပုံမှန်သန်ချတဲ့ လုပ်ငန်းတွေ လုပ်နေတာတွေလည်း ရှိတယ်။ အခုပြန်ဝင်လာမယ့်သူတွေမှာ ပါဝင်လာမယ့် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက်လည်း အာဟာရနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကိုလည်း ကြိုတင်ပြင်ဆင် ထားပါတယ်။ ပြည်နယ်အတွင်း အာဟာရရရှိမှုအပိုင်းနဲ့ ပတ်သက်တဲ့ စစ်တမ်းတွေ၊ လိုအပ်တဲ့ ကိုယ်အရပ်တိုင်းတာ၊ အလေးချိန် တိုင်းတာတွေကိုလည်း စောင့်ကြည့်လေ့လာသွားမှာပါ” ဟုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ကလေးသူငယ်များ၏ အာဟာရပြည့်ဝမှုနှုန်းသည် တစ်နိုင်ငံလုံးတွင် အနိမ့်ဆုံး အခြေအနေ၌ ရှိနေပြီး ကလေးသူငယ်များ၏ ၃၈ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးမှုနိမ့်ကျကာ ၃၄ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန် ရှိသင့်သလောက် မရှိသည်ကို တွေ့ရကြောင်း၊ ပဋိပက္ခများနှင့် ဆင်းရဲနွမ်းပါးမှု ပိုမိုမြင့်မားလာသည့် အတွက်ကြောင့် အာဟာရချို့တဲ့မှုများ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အာဟာရဌာနခွဲမှ ရေးဆွဲဆောင်ရွက်နေသည့် “လတ်တလော အာဟာရချို့တဲ့မှု ဘက်စုံကုသ စောင့်ရှောက်ခြင်း” စီမံချက်အား အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနည်းတူ ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းလည်း သိရသည်။















