AA အဖွဲ့က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဝန်ထမ်းများနှင့် အရပ်သားများအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အရေးကြီးအဆို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်က ဆွေးနွေးရန်အတည်ပြု

AA အဖွဲ့က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဝန်ထမ်းများနှင့် အရပ်သားများအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အရေးကြီးအဆို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်က ဆွေးနွေးရန်အတည်ပြု
နိုဝင်ဘာ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပစဉ်
နိုဝင်ဘာ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပစဉ်
Published 13 November 2019

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က အကြမ်းဖက်ဖမ်းဆီး ခေါ်ဆောင်ထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ဝန်ထမ်းများနှင့် အရပ်သားများကို လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်က ဆွေးနွေးရန် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၃ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက အထက်ပါကိစ္စရပ်နှင့် ပတ်သက်၍ အရေးကြီးအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မိမိတို့ မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တည်ဆောက်၍ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့ ဦးတည် လျှောက်လှမ်းနေသည့် အချိန်ဖြစ်သည့်အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး၏ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) နိုင်ငံရေးကဏ္ဍမူဝါဒ သဘောတူချက် အပိုဒ် ၄ တွင်လည်း နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဟု သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော်ကလည်း အတည်ပြု မှတ်တမ်းတင်ခဲ့ပြီးဖြစ်ကြောင်း ဒေါက်တာ လှမိုးက ပြောကြားသည်။

“ယနေ့ အချိန်ကာလများမှာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင်  အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုဆောင်ရွက်နေစဉ် ကာလအတွင်း ၃.၁၁. ၂၀၁၉ ရက်မှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်ရန် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ ပလက်ဝ- ဇိုရမ်ပူ စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော အိန္ဒိယနိုင်ငံသား ငါးဦး၊ စကားပြန် နှစ်ဦး၊ စက်လှေမှူး နှစ်ဦးတို့နှင့်အတူ ချင်းပြည်နယ် ပလက်ဝမှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ အများသူငှာ ပုံမှန်သွားလာနေလျက်ရှိသော ကုလားတန်မြစ်ကြောင်း ခရီးစဉ်အတိုင်း သွားလာနေစဉ် AA လက်နက်ကိုင်အဖွဲ့က ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။

AA အဖွဲ့က ဖမ်းဆီးမှုကို ခံရသူများအနက်မှ အားလုံးကို ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဆက်လက် ဖမ်းဆီးထားသည်မှာ ၁၁ ရက်အထိ ရှိသွားပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“အများသူငှာ ပုံမှန်သွားလာနေသော ခရီးလမ်းများအတွင်း ဦးဝှေ့တင်းကဲ့သို့ ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးခြင်း ခံရတဲ့ အရပ်သားများ၊ နိုင်င့ံဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ အမြောက်အမြားလည်း ရှိခဲ့ပါတယ်။ ဒီလို ဖမ်းဆီးခြင်းခံရသူများအား လုံခြုံရေးအရ စစ်ဆေးခဲ့ပါတယ်ဆိုတဲ့ အကြောင်းပြချက်ကလည်း တရားမျှတမှု ကင်းမဲ့တဲ့အပြင် ယုတ္တိတန်ခြင်းလည်း မရှိလို့ မြင်မိပါတယ်။ ယခုကဲ့သို့ AA အဖွဲ့၏ ဥပဒေမဲ့ ဆောင်ရွက်ချက်များဟာ နိုင်ငံတော်၏ လက်တွေ့ ဆောင်ရွက်ချက်များနှင့် အနာဂတ် ဦးတည်မျှော်မှန်းချက်များ အပါအဝင် နိုင်ငံသူ၊ နိုင်ငံသားများနှင့် မည်သည့်အဖွဲ့အစည်းအတွက်မဆို ကောင်းကျိုး တစ်စုံတစ်ရာမျှ ဖြစ်ပေါ်စေနိုင်မည် မဟုတ်ပါ”ဟု ၎င်းက ပြောကြားသည်။

ဆက်လက်၍ ဒေါက်တာလှမိုးက ဒါကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ (က) အရ (က) နိုင်ငံသူ၊ နိုင်ငံသားများနှင့် အရေးတကြီးသက်ဆိုင်သော ကိစ္စရပ်လည်းဖြစ်ခြင်း၊ (ခ) ယခုအချိန်တွင် လတ်တလော ပေါ်ပေါက်နေသော ကိစ္စရပ်ဖြစ်ခြင်းတို့ကြောင့် ပြည်ထောင်စု လွှတ်တော်ကလည်း ဆုံးဖြတ်ရမည့်ကိစ္စရပ် ဖြစ်ပါသဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတွင် အဓိကကျသည့် ဥပဒေပြုရေး အာဏာတည်ရှိရာဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားလှယ်အဖြစ် ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသည့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအား ၃.၁၁.၂၀၁၉ ရက်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က အကြမ်းဖက်ဖမ်းဆီး ခေါ်ဆောင်ထားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်ခြင်း ဖြစ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့်  ယခုကဲ့သို့ ဦးဝှေ့တင်းနဲ့အတူ ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးထားခြင်းမှ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည် လွှတ်ပေးရန် တောင်းဆိုကြောင်း အရေးကြီးအဆိုအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအပ်ပါတယ်”ဟု ပြောကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအနေဖြင့် ပြည်သူများက ရွေးကောက်တင်မြှောက်ထားပြီး လွှတ်တော်ဆိုင်ရာ ဥပဒေနည်းဥပဒေများအရ မိမိထံ ပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများဖြစ်သည့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိခံစားနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်း၊ နိုင်ငံတော်နှင့် မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်စေဘဲ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ အာဏာပိုင် ပုဂ္ဂိုလ်များနှင့်ဖြစ်စေ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခြင်း၊ မဲဆန္ဒရှင်များအား လွှတ်တော်အတွေ့အကြုံ ပြန်လည်ရှင်းလင်းတင်ပြခြင်း နှင့် မဲဆန္ဒရှင်များ၏ တင်ပြချက်များနှင့် စပ်လျဉ်းပြီး လွှတ်တော်သို့ တင်ပြခြင်းစသည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်နေစဉ် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ယခုလို ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းထားခြင်းမှာ  အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆိုးဆိုးရွားရွား ထိခိုက်စေကြောင်း၊ ထို့ပြင် လက်နက်မဲ့ ပြည်သူ့ကိုယ်စားလှယ် တစ်ဦးကို လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေခြင်းမှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အခွင့်အရေးကို ချိုးဖောက်ရာရောက်သလို ပြည်ထောင်စုလွှတ်တော် တစ်ရပ်လုံးအပေါ် ဥပဒေမဲ့လုပ်ရပ် ကျူးလွန်ခဲ့ခြင်းသာဖြစ်ကြောင်း အဆိုနှင့်ပတ်သက်၍ ထောက်ခံ ဆွေးနွေးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်လတ်က ပြောကြားသည်။

“ဥပဒေပြု အဖွဲ့အစည်းတွင် ပါဝင်သော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ယခုကဲ့သို့ ဥပဒေမဲ့ အကြမ်းဖက် အနိုင်အထက်ပြု ဖမ်းဆီးထိန်းသိမ်းခြင်းဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အပေါ် ကျူးလွန်သည့် သဘောမဟုတ်ဘဲ  နိုင်ငံတော်အပေါ် အနိုင်ထက်ပြု ဖောက်ဖျက်ကျူးလွန်ခြင်းသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၇ အရ ဦးဝှေ့တင်းဟာ နိုင်ငံတော်ဟူသော စကားရပ်တွင် အကျုံးဝင်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အနေဖြင့် နိုင်ငံတကာ လွှတ်တော်များ၊  နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေတဲ့ မဏ္ဍိုင်တစ်ခုဖြစ်တာနဲ့အညီ မည်သည့် ကမ္ဘာ့နိုင်ငံသားကမျှ လက်ခံနိုင်ဖွယ်မရှိတဲ့ ဥပဒေမဲ့ လုပ်ရပ်များအပေါ် ဆန့်ကျင်ရှုတ်ချရန် လိုအပ်ပါတယ်။ သို့ဖြစ်ပါသောကြောင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် ထပ်မံတောင်းဆိုရင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုး၏ အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးအပ်ပါတယ်”ဟု ဦးမောင်မောင်လတ်က ဆိုသည်။

အောင်မြေသာဇံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုး တင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့် ပတ်သက်၍ လက်ခံဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ ဆန္ဒရယူရာတွင် ကန့်ကွက်သူမရှိ သဘောတူခဲ့ခြင်းကြောင့် အဆိုကို ဆွေးနွေးရန် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က လွှတ်တော်၌ ကြေညာခဲ့သည်။

အထက်ပါ အရေးကြီးအဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်း အစီအစဉ်ကို  နိုဝင်ဘာ ၁၈ ရက်တွင် ဆောင်ရွက်ရန်လျာထားပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က ကြေညာခဲ့သည်။

 

Most Read

Most Recent