အာဆီယံ စီးပွားရေးအသိုက်အမြုံနှင့် ဒေသတွင်းပဋိပက္ခ ပူးပေါင်းဖြေရှင်းရေး သဘောတူညီမှုဆိုင်ရာ ဆွေးနွေးပွဲများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တက်ရောက်

အာဆီယံ စီးပွားရေးအသိုက်အမြုံနှင့် ဒေသတွင်းပဋိပက္ခ ပူးပေါင်းဖြေရှင်းရေး သဘောတူညီမှုဆိုင်ရာ ဆွေးနွေးပွဲများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တက်ရောက်
Published 31 October 2019

၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့  Impact Arena တွင်  စတင်ပြုလုပ်လျက်ရှိပြီး ဆွေးနွေးပွဲများ၏ ပထမဆုံးပွဲအဖြစ် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် ၁၈ ကြိမ်မြောက် အာဆီယံ စီးပွားရေးအသိုက်အမြုံ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တက်ရောက်ခဲ့သည်။

အဆိုပါ အာဆီယံစီးပွားရေးအသိုက်အမြုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့်အတူ အာဆီယံဒေသတွင်း နိုင်ငံများမှ စီးပွားရေးနှင့် သက်ဆိုင်သည့် ဝန်ကြီးများလည်း တက်ရောက်ကြသည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးဝန်ကြီးက အာဆီဆံ ဒေသတွင်း စီးပွားရေးအသိုက်အမြုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ငန်းစဉ်များနှင့် ဆက်လုပ် ဆောင်ရွက်မည့် အကြောင်းအရာများ ရည်မှန်းချက်များအပေါ် ဒေသတွင်း ဝန်ကြီးများအား ဦးဆောင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဆီယံ စီးပွားရေးအသိုက်အမြုံ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်မတိုင်မီ ပုံဖော်မည့် အကြောင်းအရာများအား ဆက်လက် ဆွေးနွေးခဲ့ပြီး အဆိုပါအကြောင်းအရာများမှာ အာဆီယံနိုင်ငံများကြားတွင် ချိတ်ဆက်ခိုင်မာပြီး စည်းလုံးမှုရှိသော စီးပွားရေးစျေးကွက် ပေါ်ပေါက်လာရေး၊ အာဆီယံ စီးပွားရေးစျေးကွက်သည် ပြိုင်ဆိုင်မှုအားကောင်းပြီး ဆန်းသစ် တီထွင်နိုင်ရေး၊ စီးပွားရေးကဏ္ဍအမျိုးမျိုးကြား ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး၊ အာဆီယံဒေသတွင်း ပြည်သူများ၏ အကျိုးပြုမှုနှင့် ပြည်သူဗဟိုပြု အလိုက်သင့်ပြောင်းလဲရေး၊ အာဆီယံနှင့်ကမ္ဘာကို ချိတ်ဆက်နိုင်ရေးတို့ ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်း၌ပင် ပြုလုပ်သည့် ဒေသတွင်းပဋိပက္ခ ပူးပေါင်းဖြေရှင်းရေး သဘောတူညီမှုဆိုင်ရာ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ပြီး ဒေသတွင်းပဋိပက္ခ ပူးပေါင်းဖြေရှင်းရေးယန္တရားကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီးမှ တက်ရောက်လာသည့် ဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အောက်တိုဘာ ၃၁ ရက်တွင် စတင်ပြုလုပ်လျက် ရှိသော်လည်း အရေးကြီးသည့် အကြောင်းအရာ ၁၃ ချက်အား ဆွေးနွေးမည့် နိုင်ငံခေါင်းဆောင်များ၏ အစည်းအဝေးများကိုမူ နိုဝင်ဘာ ၂ ရက်မှသာ စတင်မည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဆွေးနွေးမည့် အကြောင်းအရာ ၁၃ ချက်တွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကိစ္စ၊ သဘာပတ်ဝန်းကျင် ပြောင်းလဲမှုများမှတစ်ဆင့်  စိန်ခေါ်မှုများနှင့် ပြောင်းလဲမှုများ၊ စတုတ္ထမြောက် စက်မှုတော်လှန်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေးမြှင့်တင်ရေး၊ ဉာဏ်ရည်တုကို အသုံးချကာ လူ့စွမ်းအားအရင်းအမြစ်ကို ဖြည့်ဆည်းပေးနိုင်ရေး စသည့်အချက်များ ပါဝင်သည်။

အာဆီယံ ထိပ်သီးအစည်းအဝေးပွဲနှင့် ဆက်စပ် အစည်းအဝေးပွဲများတွင် ဒေသတွင်း စီးပွားရေးဆိုင်ရာ အခြေအနေများ ယခင်က အကောင်အထည်ဖော်ရန် အတည်ပြုခဲ့သော အကြောင်းအရာများကို ဆက်လက် ဆွေးနွေးကြမည်ဖြစ်ပြီး နိုဝင်ဘာ ၄ ရက်တွင် သဘောတူညီမှုများ ရရှိနိုင်သည့် အခြေအနေများလည်း ရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။

 

Most Read

Most Recent