ဒါနငါးမျိုး

ဒါနငါးမျိုး
Published 30 October 2019

သူတော်ကောင်းတို့၏ အလှူသည် ငါးမျိုးရှိသည်။ ထိုငါးမျိုးမှာ (၁) သဒ္ဓါဒါန၊ (၂) သက္ကစ္စဒါန၊ (၃) ကာလဒါန၊ (၄) အနုဂ္ဂဟိတဒါနနှင့် (၅) အနုပဟစ္စဒါနတို့ ဖြစ်ကြသည်။

ကံ- ကံ၏ အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်အား ပေးလှူခြင်းကို သဒ္ဓါဒါနဟုခေါ်သည်။ ထိုသူသည် ဖြစ်လေရာဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ (၁) ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာခြင်း၊ (၂) များသော အသုံးအဆောင်ရှိခြင်း၊ (၃)  ရှုချင်စဖွယ်ရှိခြင်း၊ (၄) စိတ်ကြည်လင်ဖွယ်ရှိခြင်းနှင့် (၅) လွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံခြင်းတို့ဖြစ်ကြသည်။

လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို သပ်ရပ်ကောင်းမွန်သန့်ရှင်းစွာ ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာလှူခြင်းကို သက္ကစ္စဒါနဟုခေါ်သည်။ ထိုသူသည် ဖြစ်လေရာဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ (၁) ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာခြင်း၊ (၂) များသော အသုံးအဆောင်ရှိခြင်း၊ (၃) သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့  မိမိစကားကိုနားထောင်ခြင်းနှင့် (၄) တတ်သိနားလည်လွယ်သော ဉာဏ်ရှိခြင်းတို့ ဖြစ်ကြသည်။ လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာဘုံဘဝ၌ ဥစ္စာစည်းစိမ်ရှိသော်လည်း သား၊ မယား၊ ကျေးကျွန်တို့အပေါ်၌ သြဇာမညောင်း ဖြစ်တတ်၏။

လှူဖွယ်ဝတ္ထုတို့ကို အချိန်ကာလနှင့် လျော်ညီအောင် လှူဒါန်းခြင်းကို ကာလဒါနဟုခေါ်သည်။ ထိုသူသည် ဖြစ်လေရာဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ (၁) ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာခြင်း၊ (၂) များသောအသုံးအဆောင် ရှိခြင်းနှင့် (၃) အချိန်ကာလနှင့်လျော်စွာ အကျိုးတရားများစွာ ရနိုင်ခြင်းတို့ ဖြစ်ကြသည်။ အချိန်အခါမဟုတ်ဘဲ လှူသော သူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သော ပစ္စည်းများကို မရတတ်ပေ။

အလှူခံပုဂ္ဂိုလ်အား ချီးမြှောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ (၁) ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာခြင်း၊ (၂) များသောအသုံးအဆောင် ရှိခြင်းနှင့် (၃) ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိပြီး သုံးလည်း သုံးဆောင်ခြင်းတို့ ဖြစ်ကြသည်။ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ် မရှိ၊ မသုံးဆောင်ရဲဘဲ ရှိတတ်သည်။ အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်၏။

မိမိကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ အလှူပြုခြင်းကို အနုပဟစ္စဒါနဟာ ခေါ်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ  (၁) ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာခြင်း၊ (၂) များသော အသုံးအဆောင် ရှိခြင်း၊ (၃) မိမိဥစ္စာကို ရန်သူမျိုးငါးပါးကို မဖျက်ဆီးနိုင်ခြင်းနှင့် (၄) အမွေခံသားဆိုး၊ သမီးဆိုးတို့ မဖျက်ဆီးနိုင်ခြင်းတို့ ဖြစ်ကြသည်။ မိမိနှင့် သူတစ်ပါးကို ငြိစွန်းထိခိုက်၍ လှူသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ ဖျက်ဆီးနှိပ်စက်ခြင်းကို ခံရသည်။

မြတ်စွာဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တောရှိ ကျောင်းတော်၌ သီတင်းသုံးစဉ် သီဟစစ်သူကြီး၏ မေးလျှောက်ချက်အရဒါန၏ မျက်မှောက်အကျိုး ငါးပါးကို ဟောတော်မူခဲ့သည်။ ၎င်းတို့မှာ (၁) လူအများတို့ မျက်နှာမြင်လျှင် ချစ်ခင်နှစ်သက်ခြင်း၊ (၂) သူတော်ကောင်းတို့ မှီခိုဆည်းကပ်လာခြင်း၊ (၃) ဂုဏ်ကျေးဇူးသတင်း ပျံ့နှံ့ကျော်စောလာခြင်း၊ (၄) ပရိသတ်လေးပါးသို့ ရွံရှာခြင်းကင်းပြီး ရဲတင်းစွာ ချဉ်းကပ်နိုင်ခြင်းနှင့် (၅) သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရခြင်းတို့ ဖြစ်ကြသည်။

ထို့ပြင် (၁) ကိလေသာကင်းစွာ ရဟန္တာအရှင်မြတ်တို့၏ အချီးအမြှောက်ကို ရှေးဦးစွာ ခံယူရရှိခြင်း၊ (၂) ရဟန္တာအရှင်မြတ်တို့ ရှေးဦးစွာ ချဉ်းကပ်ခံရခြင်း၊ (၃) လှူဖွယ်ဝတ္ထုကို ရှေးဦးစွာ လှူဒါန်းခွင့်ရခြင်း၊ (၄) တရားတော်ကို ရှေးဦးစွာနာယူခွင့်ရခြင်း၊ (၅) ကောင်းသော ဂုဏ်သတင်းဖြင့် ပျံ့သင်းကျော်ကြားခြင်းနှင့် (၆) ပရိသတ်လေးပါးသို့ ရဲဝံ့စွာ ချဉ်းကပ်နိုင်ခြင်းစသည့် အကျိုးထူးတို့ကိုလည်း ခံစားရနိုင်သည်။

ထို့ကြောင့် မည်သူမဆို တတ်အားသမျှ ဒါနပြုကြပြီး ဒါနအကျိုးကျေးဇူးများကိုလည်း ပြည့်ပြည့်ဝ၀ ရရှိနိုင်ကြပါစေကြောင်း The Daily Eleven သတင်းစာက နိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါသည်။

(အောက်တိုဘာ ၃၁  ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent