ပါ၀ါအပျော့

ပါ၀ါအပျော့
Published 24 October 2019

ပါ၀ါအပျော့ (Soft Power) သည် အထက်စီးမှနေ၍ အကျပ်ကိုင်ခြင်း (Hard Power) ကဲ့သို့မဟုတ်ဘဲ ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းဖြစ်သည်။ ပါ၀ါအပျော့သည် ဆွဲဆောင်သိမ်းသွင်းမှုမှတစ်ဆင့် အခြားသူများ၏ ဦးစားပေးမှုကို ပုံသွင်းနိုင်စွမ်းဖြစ်သည်။ ပါ၀ါအပျော့၏ စရိုက်လက္ခဏာကို သတ်မှတ်ရာ၌ အကျပ်ကိုင်မှု မရှိခြင်းသည် အဓိကကျပြီး ပါ၀ါအပျော့နှင့်ပတ်သက်၍ ယခုလက်ရှိ သုံးစွဲနေသော အကြောင်းအရာများမှာ ယဉ်ကျေးမှု၊ နိုင်ငံရေးစံတန်ဖိုးများနှင့် နိုင်ငံခြားရေးမူဝါဒများဖြစ်သည်။ ယင်းစကားရပ်ကို မကြာသေးမီက ပွင့်လင်းမြင်သာမှု နည်းပါးသော လမ်းကြောင်းများမှတစ်ဆင့် လူမှုရေးရာနှင့် အများပြည်သူဆိုင်ရာ ထင်မြင်ချက်များကို ပြောင်းလဲစေရန်နှင့် ယင်းထင်မြင်ချက်များအပေါ် သြဇာလွှမ်းမိုးရန် ပြုလုပ်ခြင်းတွင်လည်းကောင်း၊ သြဇာရှိသည့် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံရေးနှင့်မဆိုင်သော အဖွဲ့အစည်းများမှတစ်ဆင့် လော်ဘီလုပ်ခြင်းတွင် လည်းကောင်း၊ စီးပွားရေး သြဇာလွှမ်းမိုးမှုမှတစ်ဆင့် လော်ဘီလုပ်ခြင်းတွင် လည်းကောင်း အသုံးပြုလာသည်။ ၂၀၁၂ ခုနှစ်တွင် ဟားဗက်တက္ကသိုလ်မှ ဂျိုးဆက်နိုင်းက ပါ၀ါအပျော့နှင့်ပတ်သက်၍ “အကောင်းဆုံး ၀ါဒဖြန့်ချိရေးဆိုတာ ၀ါဒဖြန့်ချိရေး မဟုတ်တာပဲ” ဟု ရှင်းပြခဲ့သည်။ ထို့အပြင် သတင်းအချက်အလက်ခေတ်အတွင်း ” ယုံကြည်ရမှုသည် အရှားပါးဆုံးရင်းမြစ်” ဟု ရှင်းပြခဲ့သည်။

ဂျိုးဆက်နိုင်းသည် ပါ၀ါအပျော့ဟူသည့် စကားရပ်ကို ၁၉၉၀ ပြည့်နှစ်တွင် ထုတ်ဝေသည့် သူ၏စာအုပ် Bound to Lead : The Changing Nature of American Power တွင် သုံးစွဲခဲ့သည်။ ယင်းစာအုပ်တွင် သူက “နိုင်ငံတစ်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေကို လိုလားတဲ့အခါ သူတို့ လိုလားလာအောင် လုပ်တာမျိုးကို ဆွဲဆောင်သိမ်းသွင်းခြင်း ဒါမှမဟုတ် ပါ၀ါအပျော့လို့ ဆိုနိုင်ပါတယ်။ ပါ၀ါအမာ ဒါမှမဟုတ် အမိန့်ပေးတဲ့ပါ၀ါနဲ့ ကိုယ်အလိုရှိတာကို တခြားသူကို အမိန့်ပေးတာမျိုးနဲ့ မတူပါဘူး” ဟု ရေးသားခဲ့သည်။ သူသည် ယင်းသဘောတရားကို ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေသည့်  Soft Power : The Means to Success in World Politics စာအုပ်တွင် နောက်ထပ်ဖွံ့ဖြိုးအောင် ပြုလုပ်ခဲ့သည်။ ယခုအခါ ပါ၀ါအပျော့ဟူသည့် စကားရပ်ကို နိုင်ငံတကာရေးရာများအား လေ့လာသုံးသပ်ရာတွင် သုံးသပ်သူများနှင့် စတိတ်မန်းများက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည်။

ဥပမာအားဖြင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့စဉ် ရောဘတ်ဂိတ်က အမျိုးသားလုံခြုံရေးနှင့် ပတ်သက်သော အရပ်ဘက်ဆိုင်ရာ တန်ဆာပလာများ (သံတမန်ရေး၊ မဟာဗျူဟာမြောက် ဆက်ဆံရေး၊ နိုင်ငံခြားထောက်ပံ့မှု၊ အရပ်ဘက်ဆိုင်ရာ ဆောင်ရွက်ချက်များ၊ စီးပွားရေးဆိုင်ရာ ပြန်လည်တည်ဆောက်မှုနှင့် ဖွံ့ဖြိုးမှုများ) နှင့်ပတ်သက်၍ သုံးစွဲမှုကို သိသိသာသာ မြှင့်တင်ခြင်းဖြင့် အမေရိကန်၏ ပါ၀ါအပျော့ကို ကြီးထွားအောင် ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ်တွင် ရှီကျင်ပင်းသည် အထွေထွေအတွင်းရေးမှူး ဟူကျင်တောင်ထံမှ အာဏာကိုရယူရန် ပြင်ဆင်နေစဉ် ၁၇ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီအစည်းအဝေး၌ ယဉ်ကျေးမှုအကြောင်းအရာနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ရာ၌ “ကျွနု်ပ်တို့နိုင်ငံကို ဆိုရှယ်လစ်ယဉ်ကျေးမှု စူပါပါ၀ါနိုင်ငံအဖြစ် တည်ဆောက်ဖို့ဆိုတာ အမျိုးသားရေး ရည်မှန်းချက်တစ်ရပ် ဖြစ်ပါတယ်” ဟု ပြောကြားထားသည်။ ယင်းနောက် ၂၀၁၄ ခုနှစ်တွင် ရှီကျင်ပင်းက “ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့ ပါ၀ါအပျော့ကို တိုးတက်အောင် လုပ်ရမယ်၊ ကောင်းမွန်တဲ့ တရုတ်နိုင်ငံရဲ့ ဇာတ်ကြောင်းကိုပေးပြီး တရုတ်နိုင်ငံရဲ့ မက်ဆေ့ချ်တွေကို ကမ္ဘာကြီးနဲ့ ပိုမိုကောင်းမွန်အောင် ဆက်သွယ်ပေးရမယ်” ဟု ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့နိုင်ငံများ (အထူးသဖြင့် စီးပွားရေးအင်အားကြီး နိုင်ငံများ) က ၎င်းတို့၏ ပါ၀ါအပျော့ကို ကြီးထွားအောင် ပြုလုပ်လာကြချိန်၌ မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံ၏ပုံရိပ်ကို တိုးတက်အောင်ပြုလုပ်လျက် ၎င်းတို့အား တန်ပြန်ဆွဲဆောင် သိမ်းသွင်းနိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent