ကမ္ဘာ့ဘဏ်၏ Doing Business အညွှန်းကိန်း ၂၀၂၀ တွင် မြန်မာနိုင်ငံက အဆင့် ၁၆၅ ရရှိခဲ့ပြီး ယခင်နှစ်ထက် ခြောက်ဆင့်မြင့််တက်ခဲ့သော်လည်း အာဆီယံနိုင်ငံများအနက် အနိမ့်ဆုံးအဆင့်၌ ဆက်လက်ရပ်တည်နေ

ကမ္ဘာ့ဘဏ်၏ Doing Business အညွှန်းကိန်း ၂၀၂၀ တွင် မြန်မာနိုင်ငံက အဆင့် ၁၆၅ ရရှိခဲ့ပြီး ယခင်နှစ်ထက် ခြောက်ဆင့်မြင့််တက်ခဲ့သော်လည်း အာဆီယံနိုင်ငံများအနက် အနိမ့်ဆုံးအဆင့်၌ ဆက်လက်ရပ်တည်နေ
 မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့လယ်တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-နီလာ)
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့လယ်တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-နီလာ)
Published 24 October 2019
စည်သူအောင်

ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအညွှန်းကိန်း ၂၀၂၀ Ease of Doing Business အောက်တိုဘာ ၂၄ ရက်တွင် ထွက်ရှိခဲ့ရာ မြန်မာနိုင်ငံက အဆင့် ၁၆၅ ရရှိခဲ့ပြီး ယခင်နှစ်ထက် ခြောက်ဆင့် မြင့်တက်ခဲ့သော်လည်း အာဆီယံနိုင်ငံများအနက် အနိမ့်ဆုံးအဆင့်၌ ဆက်လက်ရပ်တည်နေကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုအညွှန်းကိန်း ၂၀၁၉ နှင့် ၂၀၁၈ ခုနှစ်တို့တွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၉၀ တွင် အဆင့် ၁၇၁ ၌ ရပ်တည်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၁၆၅ ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် Doing Business အညွှန်းကိန်း၌ ထိပ်ဆုံး ၁၀ နိုင်ငံတွင် ပါဝင်သော နိုင်ငံများမှာ နယူးဇီလန်၊ စင်ကာပူ၊ ဟောင်ကောင်၊ ဒိန်းမတ်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဂျော်ဂျီရာ၊ ဗြိတိန်၊ နော်ဝေ၊ ဆွီဒင်နိုင်ငံတို့ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် Doing Business တွင် အာဆီယံနိုင်ငံများရရှိခဲ့သော အဆင့်များမှာ စင်ကာပူ အဆင့် ၂၊ မလေးရှား အဆင့် ၁၂၊ ထိုင်း အဆင့် ၂၁၊ ဘရူနိုင်း အဆင့် ၆၆၊ ဗီယက်နမ် အဆင့် ၇၀၊ အင်ဒိုနီးရှား အဆင့် ၇၃၊ ဖိလစ်ပိုင် အဆင့် ၉၅၊ ကမ္ဘောဒီးယား အဆင့် ၁၄၄၊ လာအို အဆင့် ၁၅၄ တို့ဖြစ်ပြီး မြန်မာနိုင်ငံက အဆင့် ၁၆၅ ဖြင့် နောက်ဆုံး၌ ရပ်တည်နေခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းတွင် အကဲ ဖြတ်သည့် အဆင့် ၁၁ ဆင့်ရှိပြီး စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း၊ အဆောက်အအုံဆောက်လုပ်ခွင့်ရယူခြင်း၊ လျှပ်စစ်ဓာတ်အားသွယ်တန်းရယူခြင်း၊ မြေနှင့် အိမ်ရာ အဆောက်အအုံမှတ်ပုံတင်ခြင်း၊ ချေးငွေရယူခြင်း၊ အနည်းစုသောရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ အခွန်ပေးဆောင်ခြင်း၊ ပြည်ပကုန်သွယ်မှုများ ဆောင်ရွက်ခြင်း၊ စာချုပ်စာတမ်းသဘောတူညီမှုဆိုင်ရာ အာဏာတည်မြဲစေခြင်း၊ ဒေဝါလီခံမှုကို ဖြေရှင်းခြင်းတို့ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအညွှန်းကိန်းတွင် ကဏ္ဍအလိုက် မြန်မာနိုင်ငံရရှိသော အဆင့်များမှာ စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းတွင် အဆင့် ၇၀၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ရယူခြင်းတွင် အဆင့် ၄၆၊ လျှပ်စစ်ဓာတ်အား သွယ်တန်းရယူခြင်းတွင် အဆင့် ၁၄၈၊ မြေနှင့် အဆောက်အအုံမှတ်ပုံတင်ခြင်းတွင် အဆင့် ၁၂၅၊ ချေးငွေရယူခြင်းတွင် အဆင့် ၁၈၁၊ အနည်းစုသော ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်းတွင် အဆင့် ၁၇၆၊ အခွန်ငွေ ပေးဆောင်ခြင်းတွင် အဆင့် ၁၂၉၊ ပြည်ပကုန်သွယ်မှုများ ဆောင်ရွက်ခြင်းတွင် အဆင့် ၁၆၈၊ စာချုပ်စာတမ်းသဘောတူညီမှုဆိုင်ရာ အာဏာတည်မြဲစေခြင်းတွင် အဆင့် ၁၈၇၊ ဒေဝါလီခံမှုကို ဖြေရှင်းခြင်းတွင် အဆင့် ၁၆၄ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကဏ္ဍအလိုက် ရရှိသောအဆင့်များအနက် ရမှတ် ၁၀၀ တွင် ရမှတ် ၅၀ ကျော်သော ကဏ္ဍများမှာ စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ရယူခြင်း၊ လျှပ်စစ်ဓာတ်အား သွယ်တန်းရယူခြင်း၊ မြေနှင့် အဆောက်အအုံမှတ်ပုံတင်ခြင်း၊ အခွန်ငွေပေးဆောင်ခြင်းတို့ဖြစ်ပြီး ၂၀၁၉ ခုနှစ်ထက် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းတွင် အဆင့် ၈၂ ဆင့် (ရမှတ် ၁၂ မှတ်)၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ရယူခြင်းတွင် အဆင့် ၃၅ ဆင့် (ရမှတ် ၄ ဒသမ ၉ မှတ်) ခုန်တက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် Doing Business တွင် ရမှတ်အနည်းဆုံးကဏ္ဍများမှာ ချေးငွေရယူခြင်းတွင် ရမှတ် ၁၀ မှတ်၊ ဒေဝါလီခံမှုကို ဖြေရှင်းခြင်းတွင် ရမှတ် ၂၀ ဒသမ ၄ မှတ်၊ စာချုပ်စာတမ်း သဘောတူညီမှုဆိုင်ရာ အာဏာတည်မြဲစေခြင်းတွင် ရမှတ် ၂၆ ဒသမ ၄ မှတ်၊ အနည်းစုသော ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်းတွင် ရမှတ် ၂၂ မှတ်၊ ပြည်ပကုန်သွယ်မှုများ ဆောင်ရွက်ခြင်းတွင် ၄၇ ဒသမ ၇ မှတ်သာရရှိခဲ့သည်။

ကမ္ဘာ့ဘဏ်မှထုတ်ပြန်သော Ease of Doing Business (စီးပွားရေးလုပ် ကိုင်ရလွယ်ကူမှုအညွှန်းကိန်း)တွင် မြန်မာနိုင်ငံ ခုနစ်နှစ်အတွင်းရရှိခဲ့သော အဆင့်များမှာ ၂၀၁၄ ခုနှစ်တွင် ၁၈၂၊ ၂၀၁၅ ခုနှစ်တွင် ၁၇၇၊ ၂၀၁၆ ခုနှစ်တွင် ၁၆၇၊ ၂၀၁၇ ခုနှစ်တွင် ၁၇၀၊ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်တွင် အဆင့် ၁၇၁၊ ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၁၆၅ ရရှိခဲ့ခြင်းဖြစ်သည်။                     

Most Read

Most Recent