လူမှုကွန်ရက်များအပေါ် သတိပြုရန်လိုခြင်း

လူမှုကွန်ရက်များအပေါ် သတိပြုရန်လိုခြင်း
Published 24 October 2019

သတင်းတုများနှင့် တာဝန်ယူတာဝန်ခံမှု မရှိသော အခြေအနေများက Facebook အပေါ် စိုးရိမ်မှု ကြီးထွားလာစေသည်။ Facebook သည် လူတစ်ဦးချင်းစီ၏ လူမှုဘဝများမှစ၍ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသော ရွေးကောက်ပွဲများအထိ လွှမ်းမိုးသက်ရောက်စေပြီး အပြောင်းအလဲများ ဆုံးရှုံးမှု ထိခိုက်နစ်နာမှုများကို ဖြစ်စေနိုင်သည်။ “ကျွန်တော်တို့ရဲ့ အလုပ်က အများပြည်သူဆိုင်ရာ ဆွေးနွေးငြင်းခုံမှုတွေမှာ ခြယ်လှယ်ဖို့ ကြိုးပမ်းတဲ့သူတွေကို စစ်ဆေးတားဆီးဖို့ပါပဲ” ဟု Facebook ၏ ဆိုက်ဘာလုံခြုံရေးမူဝါဒကို ဦးဆောင်နေသော နာသန်နီရယ်ဂလေချာက ပြောကြားထားခဲ့သည်။ Facebook သည် သတင်းတုများနှင့် သတင်းများ ပုံဖျက်လွှမ်းမိုးရန် ကြိုးပမ်းမှုများကို စစ်ဆေးရန် အသိဉာဏ်တု နည်းပညာများကို သုံးစွဲနေသည့်အပြင် သတင်းစစ်ပွဲခန်းမ၌ လူသားများကို အင်အားဖြည့်တင်းသွားမည်ဖြစ်ကြောင်း ဂလေချာက ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ Facebook သည် သတင်းတု တိုက်ဖျက်ရေးအတွက် လူ ၂၀၀၀၀ ခန့်အား ထပ်ခန့်မည်ဟု ကြေညာထားခဲ့ဖူးသည်။ သို့သော်လည်း ဘီလျံနှင့်ချီသော လူမှုကွန်ရက်သုံးစွဲသူများနှင့် ကမ္ဘာကြီး၏ စိုးရိမ်းမှုများအပေါ် အာမခံချက်ပေးနိုင်မှုမျိုး မတွေ့ရသေးပေ။

ထို့ပြင် လူမှုမီဒီယာကုမ္ပဏီကြီး Facebook သည် အသုံးပြုသူများ၏ အချက်အလက်များကို စုဆောင်းသည့်ပုံစံများနှင့် ပတ်သက်၍ စေ့စေ့စပ်စပ် စစ်ဆေးခြင်းခံနေရစဉ်မှာပင် အသုံးပြုသူအချင်းချင်း ပြောဆိုသည့် အသံများအား နားထောင်၍ အက္ခရာဖလှယ်ရန် ကန်ထရိုက်တာ ရာပေါင်းများစွာကို အခကြေးငွေပေးကာ ခိုင်းစေခဲ့ကြောင်း Bloomberg က ဖော်ပြခဲ့သည်။

Bloomberg သတင်းဌာနက စတင်ဖော်ပြခဲ့သော ထိုသတင်းနှင့်ပတ်သက်၍ အသုံးပြုသူများ၏ ပြောဆိုမှုများအား နားထောင်သည့် အလေ့အထကို Facebook က ဝန်ခံထားခဲ့ရပြီး ၎င်းတို့သည် အသုံးပြုသူများ၏ ခွင့်ပြုချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့ကာ ယင်းအလေ့အထအား ရပ်ဆိုင်းလိုက်ပြီဟုလည်း Facebook က ပြောဆိုခဲ့ပြန်သည်။

ကမ္ဘာနှင့်တစ်ဝန်း Facebook အမြဲတစေသုံးစွဲမှု လစဉ် နှစ်ဘီလျံခန့်အထိ ရှိလာသကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း လူမှုကွန်ရက်အမျိုးမျိုးကို အသုံးပြုသူနှုန်း တစ်ဟုန်ထိုး မြင့်မားနေဆဲဖြစ်သည်။ Facebook သည် နည်းပညာခေတ်၌ ကောင်းကျိုးများစွာရှိသကဲ့သို့ လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့် လူ့အဖွဲ့အစည်းအတွင်း ပြဿနာများစွာ ဖြစ်စေသော အခြေအနေများ ရှိနေသည်ကိုလည်း ငြင်းမရနိုင်ပေ။ ဆက်သွယ်ရေးကွန်ရက်ဆိုင်ရာ ခြိမ်းခြောက်အနိုင်ကျင့်မှု (Cyber Bullying) နှင့် အမုန်းစကားများ လှုံ့ဆော်မှု (Hate Speech) တို့ကို Facebook အနေဖြင့် နိုင်နင်းစွာထိန်းချုပ်နိုင်မှု မရှိခြင်းတို့သည်လည်း လူ့အဖွဲ့အစည်းအတွင်း ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်နေစေသည်။ ဒစ်ဂျစ်တယ် နည်းပညာသည် ကမ္ဘာကြီးကို လျင်လျင်မြန်မြန် တိုးတက်ပြောင်းလဲလာစေသည်မှာ မှန်သော်လည်း အခြားတစ်ဖက်တွင် လူ့အဖွဲ့အစည်းအတွင်း အန္တရာယ်များလည်း ပို၍တိုးမြှင့်လာသည်မှာ အမှန်ပင်ဖြစ်သည်။ အကျိုးရှိသကဲ့သို့ နောက်ဆက်တွဲ အန္တရာယ်များ စိန်ခေါ်မှုများလည်း ရှိနေပြန်သည်။ နည်းပညာခေတ်တွင် လူမှုကွန်ရက်များ၏ ထင်ပေါ်ကျော်ကြားမှုနှင့် လွှမ်းမိုးနိုင်စွမ်းအားကို ထိန်းချုပ်ရန် အင်မတန်မှပင် ခက်ခဲလှသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများတွင်ပင် Facebook ကဲ့သို့ လူမှုကွန်ရက်များ၏ ဘေးထွက်ဆိုးကျိုးများမှ ရုန်းထွက်နိုင်ရန် မလွယ်သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။ ယင်းကြောင့် အချို့သောနိုင်ငံများက လူမှုကွန်ရက်များကို စနစ်တကျ ပိတ်ပင်တားဆီးမှုများ လုပ်ကြသည်။ အချို့ကလည်း Facebook ကဲ့သို့ လူမှုကွန်ရက်များက မိမိတို့နိုင်ငံနှင့် အဝန်းအဝိုင်း တစ်ခုလုံးအပေါ် ထိန်းချုပ်လွှမ်းမိုးသွားခြင်းမျိုး မဖြစ်စေရန်အလို့ငှာ ကိုယ်ပိုင်လူမှုကွန်ရက်များ ဖန်တီးထုတ်လုပ်လာကြသည်။ Facebook သည် အကျိုးနှင့်အပြစ် ဆန့်ကျင်ဘက် သက်ရောက်မှု နှစ်ခုကြောင့် ကမ္ဘာကိုင်လှုပ်နေခြင်းလည်း ဖြစ်နေပြန်သည်။ လူ့အသိုင်းအဝိုင်းများအကြား Facebook ကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးနိုင်မှုနှင့် ခြိမ်းခြောက်နေမှုများသည် စိုးရိမ်စရာဟု အများက ထောက်ပြဝေဖန်ကြသည်။ နောက်ဆုံးတွင် ဇက်ကာဘက် သည်ပင်လျှင် Facebook ၏ အားနည်းချက်နှင့် လူ့အသိုင်းအဝိုင်းများကြား ပဋိပက္ခ ဖြစ်စေနိုင်သော အကြောင်းအရာများအပေါ် ကန့်သတ်တားဆီး ကာကွယ်နိုင်ရန် အခက်အခဲနှင့် ကြုံနေရသည်ဟု ဆိုထားသည်။ မည်သို့ပင်ဆိုစေကာမူ လူမှုကွန်ရက်များနှင့် ပတ်သက်၍ ဆင်ခြင်ချိန်ဆနိုင်မှုသည် ကောင်းမွန်သော ကာကွယ်မှုဖြစ်ပြီး လူမှုကွန်ရက်အပေါ် သတိဖြင့် မှီခိုအားထားနိုင်ခြင်းသည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(အောက်တိုဘာ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent