၂၀၂၀ တွင် စတင်မည့် ရန်ကုန်မိုးပျံအမြန်ကားလမ်း

၂၀၂၀ တွင် စတင်မည့် ရန်ကုန်မိုးပျံအမြန်ကားလမ်း
ရန်ကုန်မြို့လယ်တွင် ယာဉ်ကြောပိတ်ဆို့နေသည်ကို ယခုလပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့လယ်တွင် ယာဉ်ကြောပိတ်ဆို့နေသည်ကို ယခုလပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 21 October 2019
နီလာ

ရန်ကုန်မြို့တွင် နေ့စဉ်ကြုံတွေ့နေရသော ဆိုးရွားသည့်ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျစေရန် အစိုးရ၏ ဦးစားပေးဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုအဖြစ် ရန်ကုန်မိုးပျံအမြန်ကားလမ်း (Yangon Inner Ring Road) စီမံကိန်းကို ဆောင်ရွက်မည် ဖြစ်သည်။

ရန်ကုန်မိုးပျံအမြန်ကားလမ်းနှင့်အတူ ရန်ကုန်မြို့ပြင်ပတ်လမ်း (Yangon Outer Ring Road) ကိုလည်း အကောင်အထည်ဖော်မည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ရန်ကုန်မိုးပျံကားလမ်းနှင့် ရန်ကုန်မြို့ပြင်ပတ်လမ်းနှစ်ခုစလုံးသည် လမ်း၊တံတားဆိုင်ရာ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုဆိုသည့် Road Transport Infrastructure Development ဆိုပြီး တူညီသော်လည်း ရည်ရွယ်ချက်နှင့် ဦးတည်ချက် မတူညီပေ။

ရန်ကုန်မိုးပျံအမြန်လမ်းဟူသည် မိုးပျံကားလမ်းဖြစ်ပြီး အောက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်နေသည့် လမ်းများရှိကာ ရှည်လျားသည့် ခုံးကျော်တံတားဟု နားလည်ရသည်။

အဆိုပါစီမံကိန်းကို Public Private Patnership (PPP) ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်းအရှည်မှာ ၄၇ ဒသမ ၅ ကီလိုမီတာဖြစ်သည်။ Phase 1 အဖြစ် အရှေ့ဘက်ခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ခြောက်ကီလိုမီတာ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာဖြင့် စုစုပေါင်း ၂၇ ဒသမ ၅ ကီလိုမီတာရှိသည်။

စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် လက်ရှိတွင် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီအဖွဲ့အစည်းများကို စိစစ်နေဆဲဖြစ်သည်။         

ဒီဇင်ဘာတွင် ထုတ်ပြန်တော့မည့် လုပ်ကိုင်ခွင့်ရမည့် အဖွဲ့အစည်း

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရကုမ္ပဏီကို ယခင်က အောက်တိုဘာလအတွင်း ထုတ်ပြန်ပေးရန် စီစဉ်ခဲ့သည်။ သို့သော် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေသဖြင့် လာမည့်နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်းမှသာ ထုတ်ပြန်ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ရန်ကုန်မိုးပျံအမြန်လမ်း(Yangon Inner Ring) က ကျွန်တော်တို့မှန်းထားတဲ့ လထက်တော့ တစ်လလောက် နောက်ကျ မယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဘက်မှာဝန်ကြီးဌာန သဘောထားမှတ်ချက်တွေယူရတာ နည်းနည်းလေး နောက်ကျနေတယ်။ စာချုပ်မှာထည့်ချုပ်မယ့် အကြောင်းအရာတွေကို သဘောထားမှတ်ချက်ယူရတယ်။ အဲဒါတွေမှာ မထင်ထားတဲ့ အချက်ကလေးတွေကြောင့် တစ်လလောက် နောက်ကျသွားတာ ဖြစ်ပါတယ်။ အစတုန်းက အောက်တိုဘာလကုန်မှာ ကျွန်တော်တို့ ထုတ်ပြန်မလို့ပါ။ အခုဆိုရင်တော့ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှာ ထုတ်ပြန်နိုင်တော့မယ်။မူလမှန်းတာထက် တစ်လကျော် နောက်ကျသွားမယ်ပေါ့” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကြည်ဇော်မြင့်က Weekly Eleven ဂျာနယ်သို့ ပြောကြားသည်။

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း Phase 1 အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင် အရည်အသွေးပြည့်မီမှုလျှောက်လွှာ ၁၂ စောင်လက်ခံရရှိခဲ့သည်။ တင်သွင်းလာသည့်ကုမ္ပဏီ ၁၂ ခုအနက် ဆန်ခါတင်အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ ၁၀ ခု ရွေးချယ်ထားသည်။

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့်သူနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုရမည်ဖြစ်သည်။  RSP (Request For Project Proposal) ဟုခေါ်သည့် အဆိုပြုလွှာကို ရင်းနှီးမြှုပ်နှံသူက တင်ရသည်။ ရင်းနှီးမြှုပ်နှံသူက တင်ရမည့် ယင်းအဆိုပြုလွှာအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်က စာချုပ်များပေးရမည်ဖြစ်သည်။ယင်းစာချုပ်အတွင်း ပါဝင်သည့် ငွေရေးကြေးရေးနှင့်ဆိုင်သည့် ကဏ္ဍအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကိုတင်ပြရသည်၊ ဥပဒေရေးရာနှင့်ပတ်သက်ပါက ရှေ့နေချုပ်ရုံးသို့ တင်ပြရသည်ဟုသိရသည်။

ယင်းသို့တင်ပြပြီး သဘောထားမှတ်ချက်ယူရသည်ဟုဆိုသည်။လက်ရှိအချိန်တွင် ဌာနဆိုင်ရာဆွေးနွေးမှုများ အပြီးသတ်ရန် လုပ်ဆောင်လျက်ရှိပြီး ဆက်လက်ထုတ်ပြန်သွားမည်ဟု သိရသည်။

“ရန်ကုန်မိုးပျံအမြန်လမ်းပိုင်း (၁) က ပမာဏအနေနဲ့ ကြီးမားတယ်။ မြန်မာနိုင်ငံအနေနဲ့ ပထမဦးဆုံးလမ်း၊ တံတားဆိုင်ရာ PPP ရင်းနှီးမြှုပ်နှံမှုပါ။ အခုညှိနှိုင်းနေတာက အစိုးရဘက်ကပေးရမယ့် အာမခံချက်တွေ၊ ဥပမာ လျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက အစိုးရထံက တောင်းတာက ထုတ်လုပ်တဲ့လျှပ်စစ်ကို ဝယ်ပေးရမယ့်အာမခံချက်ပေါ့။ ဒီအာမခံချက်ရမှ သူတို့က လာရင်းနှီးမြှုပ်နှံကြတာ။ အခုလည်း ရင်းနှီးမြှုပ်နှံသူတွေက ဒီလိုအာမခံချက်တွေကို တောင်းကြတာပေါ့။ ကျွန်တော်တို့က မပေးနိုင်ဘူး စသည်ဖြင့်ပေါ့။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်မှာပါမယ့် အကြောင်းအရာတွေကို ညှိနှိုင်းနေရတာ” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင်မူပြီး ယင်း ၁၀ ဖွဲ့က တင်ဒါအနိုင်ရရှိရေး အားပြိုင်နေရသည့် အချိန်ဖြစ်သည်။ ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းသည် ကြီးမားသည့်စီမံကိန်းတစ်ခု ဖြစ်သည့်အတွက် ကုမ္ပဏီတစ်ခုချင်းအနေဖြင့် ဆောင်ရွက်ရန် အခက်အခဲအချို့ရှိသဖြင့် ကိုရီးယားကုမ္ပဏီ သုံး၊လေးခုခန့် စုပေါင်း၍ ကိုရီးယားအဖွဲ့(Consodium)များဖွဲ့ခြင်း၊ တရုတ်ကုမ္ပဏီများပူးပေါင်း၍ (Consodium)   ဖွဲ့ခြင်းစသည်ဖြင့် အဖွဲ့ဖွဲ့စည်းယှဉ်ပြိုင်နေသဖြင့် Consodium ၁၀ ခုယှဉ်ပြိုင်နေခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းကို အဓိကဆောင်ရွက်မည့်သူမှာ ပုဂ္ဂလိကကဏ္ဍမှ ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမည့်သူကိုရွေးချယ်ခြင်းဖြစ်သည်။ သို့သော် အစိုးရအနေဖြင့် အာမခံချက်တစ်ခုခုတော့ ပေးရမည်ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဆိုသည်။

“Outer Ring က Inner Ring နဲ့ နည်းနည်းကွာတယ်။ သူက စီးပွားရေးဖြစ်မှု အားနည်းတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးတိုးတက်မှုအရ လိုအပ်တယ်။ ပြောရရင် Demand နဲ့ Supply ပေါ့။Inner က Demand ရှိတယ်။ ဝယ်လိုအားရှိတယ်။ ဘာလို့လဲဆိုရင်ကားပိတ်တော့ ကားတွေက သေချာပေါက်သွားမှာ ဖြစ်တဲ့အတွက် Demand က ရှိတယ်။ Outer ကျတော့ သူကလမ်းအသစ်။ အဲဒါမျိုးကျတော့ ကျွန်တော်တို့က Demand ကို ဖန်တီးပေးရမယ်။ အစိုးရက တာဝန်ယူပြီး ဖန်တီးပေးရတယ်။ ဥပမာ လမ်းဖောက်ပေးလိုက်တယ်ပေါ့ဗျာ။ လမ်းဖောက်ပေးလိုက်ရင် ဒေသဆိုင်ရာနယ်မြေ ဖွံ့ဖြိုးလာတယ်။ စီးပွားရေးတက်လာတယ်ဆိုရင် Demand က တက်လာတယ်။ အဲဒီလိုပုံစံတွေကြောင့် ရင်း နှီးမြှုပ်နှံမှုပုံစံ ကွာသွားတာ” ဟု ဦးကြည်ဇော်မြင့်က ပြောကြားသည်။         

စီမံကိန်းလေ့လာနေဆဲ ရန်ကုန်မြို့ပြင်ပတ်လမ်း

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန် မြို့ပြင်ပတ်လမ်းစီမံကိန်းသည် YUTRA ဆိုသည့် Master Plan တွင် ပါဝင်သည့် စီမံကိန်းများဖြစ်သည်။ အမှန်တကယ်တွင် ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးကွန်ရက်ကို YUTRA Master Plan တွင် သုံးပိုင်းခွဲခြားထားသည်။

ပထမပိုင်းမှာ Urban At-grate Networks ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စီမံကွပ်ကဲနေသည့် လမ်းများဖြစ်သည်။ ဒုတိယပိုင်းမှာ ရန်ကုန်မြို့တော်၌ရှိရမည့် အမြန်လမ်း ကွန်ရက်များဖြစ်သည့် Urban Expressway Network နှင့် Urban Public Transporation Networks ဆိုသည့် မြို့ပြဆိုင်ရာ အများပြည်သူသယ်ယူပို့ဆောင်ရေးကွန်ရက် ဖြစ်သည်။ ဒုတိယကွန်ရက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူရသည်။ 

တတိယကွန်ရက်ဖြစ်သည့် YBS နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူရပြီး မြို့ပတ်ရထားနှင့် YUMRT ဆိုသည့် ရန်ကုန်မိုးပျံရထား သယ်ယူပို့ဆောင်ရေးတို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ရသည်။

ရန်ကုန်မိုးပျံအမြန်လမ်းကို ၂၀၂၀ ပြည့်နှစ်တွင် စတင်တော့မည်ဖြစ်သော်လည်း ရန်ကုန်မြို့ပြင်ပတ်လမ်းနှင့် ပတ်သက်၍မူ လက်ရှိအချိန်တွင် စီမံကိန်းဆိုင်ရာ ဖြစ်နိုင်ခြေကို JICA နှင့်ပူးပေါင်းလေ့လာနေသည်။

“Outer Ring နဲ့ပတ်သက်ပြီး စီမံကိန်း ဖြစ်နိုင်ခြေတွေကို JICA နဲ့လေ့လာနေတုန်း ပဲ။ Outer Ring ရဲ့အရှေ့ဘက်ခြမ်းပေါ့နော်။ သူက လုပ်ပြီးရင် ဒါကိုဘယ်လိုပုံစံနဲ့ ရင်းနှီးမြှုပ်နှံမလဲဆိုတာ ဆုံးဖြတ်ရမှာပေါ့နော်။ ဒီနှစ်ကုန်ပိုင်းပေါ့နော်။ ကျွန်တော်တို့ မှန်းတာက ဒီဇင်ဘာလောက်ဆိုရင် အဲဒီ FS စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုပြီးမယ်။Inner Ring ကတော့ ရင်းနှီးမြှုပ်နှံမယ့်သူကို ဒီဇင်ဘာလောက်ဆိုရင် ထုတ်ပြန်မယ်။ ၂၀၂၀ မှာ စလုပ်မယ်။ Outer Ring ကတော့ အခုကာလက FS စီမံကိန်း ဖြစ်နိုင်ခြေကို လေ့လာနေတာ JICA နဲ့။ ဒီဇင်ဘာလောက်မှပြီးမယ်။ ပြီးသွားရင် ဒီစီမံကိန်းက ဘယ်လိုဖြစ်နိုင်မလဲ။ ဘယ်လိုပုံစံနဲ့ရင်းနှီးမြှုပ်နှံမလဲ။ ဥပမာ ဒါကိုဂျပန်နိုင်ငံက ODA ချေးငွေယူပြီး ရင်းနှီးမြှုပ်နှံမလား။ဒါမှမဟုတ်အစိုးရအနေနဲ့ ချေးငွေလည်းယူမယ်။ တစ်ဖက်ကလည်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုလည်း ပေါင်းပြီးလုပ်မယ်ဆိုတာတွေကို ဒီ FS ပြီးမှဆုံးဖြတ်ရမှာပါ့။ အဲဒီကျရင်လည်း ထုတ်ပြန်သွားမယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ပြင်ပတ်လမ်းသည် အဓိကအားဖြင့် အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်သည်ဟုသိရသည်။ GMS East-West Economic Corridor အပိုင်းနှင့်ပတ်သက်သည်။ တောင်တရုတ်ပင်လယ်ကမ်းခြေဖြစ်သည့် ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမှ လာအိုနိုင်ငံကို ဖြတ်၍ ထိုင်းနိုင်ငံစက်မှုဇုန်များကို ဖြတ်သန်း၍ မြန်မာနိုင်ငံ၏ ရန်ကုန်ဆိပ်ကမ်း၊ အဓိကအားဖြင့် သီလဝါအထူးစီးပွားရေးဇုန်ကို ဆက်သွယ်မည့်လမ်းဖြစ်သည်ဟု သိရသည်။

တစ်နည်းအားဖြင့် တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ကုန်းတွင်းအရ ဆက်သွယ်ပေးမည့်လမ်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့်ဆိုလျှင် ထိုင်းနိုင်ငံ ဘန်ကောက်နားတွင်ရှိသည့် ယင်းတို့ရင်းနှီးမြှုပ်နှံထားသည့် စက်မှုဇုန်၊ စီးပွားရေးဇုန်များနှင့် မြန်မာနိုင်ငံက သီလဝါအထူးစီးပွားရေးဇုန်တို့ကို အပြန်အလှန်ပေါင်းစည်းမှု (Complementary Strategy) အရ အရေးပါသည့်  စီမံကိန်းဖြစ်သည်။

ရန်ကုန်မြို့ပြင်ပတ်လမ်းသည် အပိုင်းလေးပိုင်းပါဝင်သည်။ အရှေ့ဘက်ခြမ်းဆိုသည်မှာ သီလဝါအထူးစီးပွားရေးဇုန်-လှည်းကူးမြို့နယ်အပိုင်းဖြစ်သည်။ ပျမ်းမျှ  ၆၅ ကီလိုမီတာရှိသည်။ လှည်းကူး-မှော်ဘီ - ရွှေပြည်သာအပိုင်းမှာ မြောက်ဘက်ခြမ်းဖြစ်ပြီး ရွှေပြည်သာ-လှိုင်သာယာ-တွံတေးခြမ်းမှာ အနောက်ဘက်ခြမ်းနှင့် တွံတေး-ဒ လအခြမ်းမှာ တောင်ဘက်ခြမ်းဖြစ်ကာ စုစုပေါင်း ကီလိုမီတာ ၁၄၀ ရှိနိုင်ကြောင်း သိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်းအပိုင်း (၁) ကို  တည်ဆောက်ရေးကာလ နှစ်နှစ်ခွဲမှ သုံးနှစ်အထိ အကြမ်းဖျင်းသတ်မှတ်ထားသည်။ စီမံကိန်းပြီးစီးပါက လမ်းအသုံးပြုခ မည်မျှကျသင့်မည်ကို ထုတ်ပြန်သွားမည်ဖြစ်သည်။

ရည်ရွယ်ချက်အားဖြင့် ကောင်းမွန်သည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းသည် တည်ဆောက်ရေးကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာဖြစ်ပေါ်မည်ကိုလည်း ရန်ကုန်မြို့ခံများက စိုးရိမ်နေကြသည်။

သို့သော်လည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး ယခုလက်ရှိယာဉ်သွားလမ်းအကျယ်အတိုင်း ရှိစေရေးကို စီမံချက်ရေးဆွဲထားသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရရှိရေး တရုတ်၊ဂျပန်၊ကိုရီးယား၊ထိုင်းနှင့်ပြင်သစ် စသည့် ကုမ္ပဏီအဖွဲ့အစည်းများက အားပြိုင်နေကြပြီး အစောဆုံးနိုဝင်ဘာနှင့် ဒီဇင်ဘာလ နောက်ဆုံးထားကာ လုပ်ကိုင်ခွင့်ရရှိသူကို ကြေညာမည်ဟု သိရသည်။