မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
Published 20 October 2019

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းမအနီးရှိ လက္ကာကျေးရွာအနီးတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ အောက်တိုဘာ ၁၉ ရက်၊ နံနက်ပိုင်းတွင် အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးခဲ့သကဲ့သို့ AA ဘက်မှ အလောင်းအချို့၊ သေနတ် ခြောက်လက်၊ ဗုံးသီးများနှင့် စစ်လက်နက်ပစ္စည်းများအား တပ်မတော်က သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

လက္ကာကျေးရွာအနီးတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် AA အဖွဲ့ အင်အား ၂၀၀ ခန့် အောက်တိုဘာ ၁၉ ရက်၊ နံနက် ၆ နာရီခွဲအချိန်ခန့်မှ မွန်းလွဲ ၁၂ နာရီကျော်သည့်အချိန်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

"မနက် ၆ နာရီခွဲလောက်ကနေ နေ့ခင်းပိုင်းအထိ လက္ကာကျေးရွာနားလေးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့ဆီက နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ စစ်ကြောင်းတစ်ခုနဲ့ AA သောင်းကျန်းသူ အင်အား ၂၀၀ လောက်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ကျွန်တော်တို့ဘက်မှ ထိခိုက် ၊ ကျဆုံးမှုတွေ ရှိခဲ့သလို သူတို့ဘက်ကလည်း သေဆုံး ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဆီကလည်း စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်း ရရှိမှုလည်း ရှိခဲ့တယ်။ကျွန်တော်တို့ သေနတ် ၆ လက် ရတာရှိတယ်။ ကျန်တဲ့ စစ်လက်နက်ပစ္စည်းတွေလည်း ရခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က စစ်သည်အနည်းငယ် ကျဆုံးတာ ရှိသလို ကျွန်တော်တို့ဘက်က သေနတ်တော့ မပါဘူး။ အသုံးအဆောင်တချို့ ပျောက်ဆုံးတာ ရှိခဲ့တယ်။ နေ့လယ်ပိုင်း ၁၂ နာရီကျော်ကျော်လောက်အထိ ဖြစ်ခဲ့တာ"ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

လက္ကာကျေးရွာသည် တပ်မတော်နှင့် AA တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားသော နေရာဖြစ်ပြီး ယခင်က အဆိုပါ ကျေးရွာအနီး ဖြတ်သန်းသွားလာနေသည့် တပ်မတော်စစ်ကြောင်းကို လက္ကာရွာထဲမှနေ၍ မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးကာ ယခုအခါတွင်လည်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် ရွာအပြင်ဘက်မှ ဖြတ်သွားသည့်အချိန်တွင် ရွာထဲမှ AA အင်အား ၂၀၀ ခန့်က လာရောက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမအနီး လက္ကာရွာတွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တို့၏ တိုက်ပွဲပြင်းထန်မှုကြောင့် အောက်တိုဘာ ၁၉ ရက်တွင် ရန်ကုန်၊ မန္တလေးမှ စစ်တွေသို့ သွားသည့် ကားများနှင့် စစ်တွေမှ ထွက်သည့် ကားများမှာ တိုက်ပွဲဧရိယာအနီး တစ်ဘက်စီတွင် ကားအစီးရေ ရာချီ ပိတ်မိနေခဲ့သည်ဟု အောက်တိုဘာ ၁၉ ရက်တွင် ဘီဘီစီ မြန်မာပိုင်းက သတင်းဖော်ပြခဲ့သည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ "လက္ကာကျေးရွာဆိုတာက ရန်ကုန်-စစ်တွေ ကားလမ်းမကြီးနဲ့ ကပ်လျက်ရှိတဲ့ ကျေးရွာပဲ။ လမ်းမကြီးနဲ့ ကပ်လျက်ရှိတဲ့ ကျေးရွာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဟိုဘက် ဒီဘက်က ထွက်မယ့်ကားတွေ၊ လာမယ့်ကားတွေ မထွက်ဖြစ်တာပဲ ဖြစ်ပါလိမ့်မယ် ။သီးသန့်ပိတ်လိုက်တာတော့ မရှိပါဘူး"ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အောက်တိုဘာ ၁၉ ရက်က မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာတွင် တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သကဲ့သို့ မြောက်ဦးမြို့နယ်၊ ပန်းမြောင်းဒေသတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများအတွင် ဒေသခံ ပြည်သူလူထု ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန်အတွက် ဒေသခံများအနေဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

"အဓိက ကတော့ ကျွန်တော်တို့လည်း ခဏခဏ သတိပေးတာတွေ လုပ်ပါတယ်။ သတိပေးမှု၊ အသိပညာပေးမှုတွေ လုပ်ပါတယ်။ အဓိက ကတော့ ရွာတွေနားလေးမှာ တိုက်ပွဲမဖြစ်ပွားဖို့နဲ့ မိုင်းထောင်၊ မိုင်းခွဲ မလုပ်ဖို့ပေါ့။ ဒါတွေက အားလုံး ဝိုင်းဝန်းပူးပေါင်း ပါဝင်ကူညီမှ ဆောင်ရွက်လို့ ရမယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာလည်း ကျွန်တော်တို့က ဘယ်သူတွေပဲ နစ်နာသလဲဆိုတော့ အဓိကက ဒေသခံ ပြည်သူလူထုပဲ နစ်နာတာ ဖြစ်ပါတယ်။ ဒေသခံ ပြည်သူလူထုဆိုတဲ့ နေရာမှာလည်း ခက်တာက AA အဖွဲ့အနေနဲ့ တစ်ခုခုဖြစ်လာလို့ရှိရင် ရွာသူ၊ရွာသားတွေလို့ ပြောတာ များတယ်။ ဒါပေမယ့် ရွာသူ၊ ရွားသားတွေ မဟုတ်ဘူး။ အရပ်ဝတ် ဝတ်ထားတဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေသာ ဖြစ်ပါတယ်။ တစ်ချို့ဟာတွေမှာ ကျွန်တော်တို့လည်း သိတယ်။ ဒီနေရာမှာ ရွာသား ထိခိုက်သေဆုံးမှု ရှိတယ်ပြောလို့ သွားပြီး စစ်ဆေးလို့ရှိရင် အရပ်ဝတ် ဝတ်ထားတဲ့ AA အဖွဲ့ဝင်တွေသာ ဖြစ်ကြောင်း ကျွန်တော်တို့ တွေ့ရပါတယ်"ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများမှာ တောတောင်ထူထပ်သည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းစသည့် ဒေသများတွင် အဖြစ်များပြီး AA အဖွဲ့အနေဖြင့် အဆိုပါ ဒေသများတွင် အခြေပြုကာ လှုပ်ရှားနေသည့်အတွက် ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

 

Most Read

Most Recent