အမေ

အမေ
ဓာတ်ပုံ-ကြည်နိုင်
ဓာတ်ပုံ-ကြည်နိုင်
Published 19 October 2019
ချစ်ခိုင်စံ ( ဘီအီးဒီ )

(၁) 

အမေ ... တဲ့။ ဘယ်လောက် အနှစ်သာရပြည့်ဝပြီး၊ အင်အားပါတဲ့ စကားလုံးလေးလဲ။ ဒီစကားလုံးလေးကို ပညာရှင်တွေ ခေတ်အဆက်ဆက် အဓိပ္ပာယ်ဖွင့်ခဲ့ကြသလို စာရေး ဆရာကြီးတွေလည်း ခေတ်အဆက်ဆက် ရေးသားဖွဲ့နွဲ့ခဲ့ကြပါတယ်။ တေးရေးဆရာတွေနဲ့ ကဗျာဆရာတွေလည်း ‘အမေ’ အကြောင်းကို ဖွဲ့နွဲ့သီကုံးစပ်ဆိုခဲ့ကြတာပါပဲ။ ဒါ့အပြင် ပန်းချီဆရာတွေ၊ ပန်းပုဆရာတွေကလည်း အမေ့ပုံရိပ်ကို အစွမ်းကုန်ထုဆစ် ပုံဖော်ခဲ့ဖူးတာပဲ မဟုတ်လား။ ဒါပေမဲ့ ... ဘယ်အနုပညာရှင်တွေ ဘယ်လိုပဲ ဖန်တီးပုံဖော်ပါစေ၊ အမေ့ရဲ့ပုံရိပ်ဟာ ကုန်ခန်းသွားမှာ မဟုတ်သလို ရိုးအီသွားမှာလည်း မဟုတ်ပါဘူး။ အဲ့ဒါ... အမေပဲပေါ့။

လောကမှာ စကားလုံးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ပြောမကုန်တဲ့အဓိပ္ပာယ်တွေ၊ အနှစ်သာရတွေနဲ့ ပြည့်နှက်နေတဲ့ စကားလုံးကတော့ ‘အမေ’ ပဲပေါ့။ အမေဟာ အနှိုင်းမဲ့ပါပဲ။ အမေဟာ မဟာကရုဏာရှင်၊ မဟာမေတ္တာရှင်။ အမေဟာ ဘုရားသခင်ရဲ့ကိုယ်ပွား။ အမေဟာ ကျွန်တော်တို့ရဲ့ကမ္ဘာ။ ကျွန်တော်တို့ရဲ့ ဖြစ်တည်ရာ။ ကျွန်တော်တို့ရဲ့ နှလုံးခုန်သံဟာ အမေဖန်တီးပေးတဲ့ ဂန္ထဝင် ဂီတသံစဉ်ပါပဲ။

အို ... အမေ။

မြတ်ဗုဒ္ဓ မရှိတော့ပေမဲ့ အမေဟာ မြတ်ဗုဒ္ဓပဲပေါ့။ တချို့က ယုံကြည်နေကြတယ်။ လူသားတွေကို ဘုရားသခင် ဖန်ဆင်းတာတဲ့။ ဟုတ်ကဲ့။ ဒါဆို အမေဟာ ကျွန်တော့်ရဲ့ ဘုရားသခင်ပါပဲ။ တချို့ကလည်း ပြောပါတယ်။ လူဆိုတာ ဗြဟ္မာကြီးလေးဦးက ဆင်းသက်လာတာတဲ့။ ဟုတ်ကဲ့ပါ။ အမေဟာ ကျွန်တော့်ရဲ့ ဗြဟ္မာကြီးပေါ့။ ဒီကမ္ဘာမှာ အမေနဲ့နှိုင်းဆတဲ့အရာ မရှိတော့ပါဘူး။ အမေဟာ အကြွင်းမဲ့ပါပဲလေ ...။

(၂)

ဒီရက်ပိုင်း ဖေ့စ်ဘွတ်ပေါ်ကနေ ဗီဒီယိုဖိုင်လေးတွေ ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာမှ ကျွန်တော့်ရင်ကို လှိုင်းကြက်ခွပ်ကလေးတွေ ထန်စေခဲ့တဲ့ ဗီဒီယိုဖိုင်လေးတွေက အမေ့မေတ္တာ ဗီဒီယိုဖိုင်လေးတွေပါပဲ။ အမယ်အို တစ်ယောက်က သူ့သားကို ဘယ်သူတွေက ဘယ်လောက်ပဲ ဆိုးတယ်ပြောပြော သူသိတဲ့ သူ့သားက တကယ်တမ်းတော့ မဆိုးသွမ်းပါဘူးဆိုတဲ့အကြောင်း မျက်ရည်စမ်းစမ်းနဲ့ ပြောနေတာလေးတွေ။ အိပ်ရာပေါ် ပက်လက်လဲနေတဲ့ သားဖြစ်သူအတွက် တောင်းရမ်းကျွေးနေရှာတဲ့ လမ်းဘေးက မျက်နှာညိုညစ်ညစ်၊ ပါးရေနားရေတွန့်နေပြီ ဖြစ်တဲ့ အမယ်အိုရဲ့ မေတ္တာတရားပြ ဗီဒီယိုဖိုင်လေးတွေပေါ့။

ရှိပါသေးတယ်။ ဘယ်လောက်အသိတရားမဲ့တဲ့ တိရစ္ဆာန်ဖြစ်ပါစေ ‘အမေ’ ဆိုတဲ့ နေရာရောက်သွားတာနဲ့ သားသမီးတွေအတွက် သူရဲကောင်းဖြစ်သွားတဲ့ တိရစ္ဆာန် ဗီဒီယိုဖိုင်လေးတွေပေါ့။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကြည့်ဖူးတဲ့ဗီဒီယိုဖိုင်လေးက ဒီလိုပါ။ သစ်ပင်တစ်ပင်မှာ တွယ်တက်နေတဲ့ မြွေတစ်ကောင်ကို ငှက်ကလေးတစ်ကောင်က အတင်းကာရော ထိုးဆိတ်နေတဲ့မြင်ကွင်းပါ။ မြွေဟာ ငှက်ကလေးရဲ့ ထိုးဆိတ်မှုကို ရှောင်တိမ်းရင်း အပင်ပေါ်တက်ဖို့ ကြိုးစားနေသလို ငှက်ကလေးကလည်း မြွေကို လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ ထပ်ကာထပ်ကာ ထိုးဆိတ်လိုက် အပင်ကို ပတ်ပျံရင်း တကျီကျီအော်ပြီး ပြန်ထိုးဆိတ်လိုက် လုပ်နေပါတယ်။ ကြည့်နေသူ ကျွန်တော့်အတွက်တော့ ရင်သပ်ရှုမောဖွယ်ပါပဲ။

တစ်ချက်တစ်ချက် မြွေရဲ့လှမ်းဟပ်မှုမှာ ငှက်ကလေးပါသွားမလားဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမဲ့ ထူးဆန်းတာက ငှက်ကလေးဟာ မြွေကို လုံးဝမကြောက်ဘူးဆိုတာပါပဲ။ အချိန်တော်တော်ကြာလာတော့ မြွေဟာ အပင်ပေါ် ဆက်မတက်ရဲတော့ပါဘူး။ အောက်ကို ပြန်ဆင်းသွားပါတော့တယ်။ ဒီတော့မှ ငှက်ကလေးဟာ တကျီကျီအော်ပြီး အပင်ပေါ် ပျံတက်သွားပါတယ်။ ကျွန်တော့်ရင်ဟာလည်း ဘာကြောင့်ရယ်မသိ။ ငှက်ကလေး အန္တရာယ်ကင်းသွားတော့ ပေါ့ပါးသွားတော့တယ်။ သို့သော် ဗီဒီယိုဖိုင်လေးက မပြီးသေးပါဘူး။ ကင်မရာရိုက်ချက်ဟာ တဖြည်းဖြည်းနဲ့ သစ်ပင်အပေါ်ဘက်ကို မြင်ကွင်းရွှေ့လာတဲ့အခါ ကျွန်တော့်ရင်မှာ ဘာမှန်းမသိတဲ့ ဝေဒနာတစ်ခု စွဲကပ်သွားပါတော့တယ်။ သစ်ပင်ခွကြားထဲက ငှက်သိုက်ထဲမှာ နီနီရဲရဲနဲ့ အမွေးအတောင်မစုံသေးတဲ့ ငှက်ပေါက်ကလေးတွေ ရှိနေတယ်လေ။

သြော်... သားသမီးတွေအတွက် ကိုယ့်အသက်ကိုရင်းပြီး မြွေဆိုးကိုတောင် အန်တုခဲ့တဲ့ သူရဲကောင်းငှက် မိခင်တစ်ပါး မဟုတ်ပါလားလေ။ မကြာသေးခင်ကလည်း ကြွက်မကြီးတစ်ကောင်က သူ့သားငယ် ကြွက်ပေါက်လေးကို ကိုက်ခဲပြေးတဲ့ မြွေတစ်ကောင်ကို အသေအလဲ ပြန်လိုက်ကိုက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခု ကြည့်လိုက်ရပါသေးတယ်။ မြွေဟာ ကြွက်မကြီးကို ရင်မဆိုင်ဘဲ ကြွက်ငယ်ကို ကိုက်ခဲပြီး အတင်းထွက်ပြေးနေပေမဲ့ ကြွက်မကြီးရဲ့ သားဇောဒေါသကို မယှဉ်နိုင်ခဲ့ပါဘူး။ နောက်ဆုံး ကြွက်ကလေးကို ချထားခဲ့ပြီး ထွက်ပြေးသွားပါတော့တယ်။ ကျွန်တော်ဟာ ဒီဗီဒီယိုဖိုင်လေးတွေကို ကြည့်မိတိုင်း ကမ္ဘာပေါ်က အမေတွေကို ချစ်လာမိခဲ့တယ်။ ပြီးတော့ ကျွန်တော့်အမေကိုလည်း ချစ်စိတ်တွေ ပိုပိုတိုးလာမိတာ အမှန်။

အားလုံးလည်း တွေ့ဖူးမြင်ဖူးကြုံဖူးကြမှာပါ။ တိရစ္ဆာန်ဖြစ်ဖြစ်၊ လူဖြစ်ဖြစ်ပေါ့။ အမေရယ်လို့ ဖြစ်လာရင် မိမိရင်သွေးကို အသက်ပေးပြီး ချစ်ခဲ့၊ ကာကွယ်ခဲ့တာတွေကိုပေါ့။ ကြက်အမေက ကြက်ကလေးတွေကို ရင်အုပ်မကွာ ထိန်းကျောင်းတာတွေ၊ ခွေးအမေက ခွေးပေါက်ကလေးတွေကို ကာကွယ်စောင့်ရှောက်တာတွေ၊ ကြောင်အမေက ကြောင်ကလေးတွေအတွက် အစာထွက်ရှာရင်း အန္တရာယ်တွေကို ကျော်ဖြတ်တာတွေ၊ ငှက်အမေက ငှက်ကလေးတွေကို အစာခွံ့တာတွေ၊ အရူးအမေက သူ့သားသမီးကို ခါးထစ်ခွင်ပြီး လမ်းတကာလျှောက်သွား တောင်းရမ်းကျွေးတာတွေ စသဖြင့်ပေါ့။

သြော် ... အမေတွေ၊ အမေတွေ။ လူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ် အမေဘဝရောက်သွားရင် သူရဲကောင်းစိတ်ဓာတ်တွေ ကိန်းအောင်းသွားတော့တာ အ့ံချီးဖွယ်ပါပဲလေ။

(၃)

တစ်ခါတလေ စိတ်အေးလက်အေးရှိတဲ့အချိန်တိုင်း အမေတွေအကြောင်း စဉ်းစားရင်း သားသမီးတွေအကြောင်းလည်း မဆီမဆိုင်ပါသွားပြန်လေရဲ့။ တစ်ခါက ဖေ့စ်ဘွတ်ပေါ်မှာ အသက်အတော်ကြီးပြီ ဖြစ်တဲ့အမေကို သားလုပ်သူက ကြင်ကြင်နာနာ၊ ယုယုယယ ပြုစုနေတာလေးတွေ၊ ရေချိုးပေး ထမင်းခွံ့ပေးနေတာလေးတွေ တွေ့မိတော့ ရင်ထဲမှာ ဝမ်းသာကြည်နူးမှုက လှိုင်လှိုင်ကြီး ပျို့တက်လာပါတယ်။ ကြည့်ရင်း ကြည့်ရင်း သားကောင်းတစ်ယောက်ကို မြင်လာမိတာအမှန်။ လောကမှာ ရှိရှိသမျှ အမေတိုင်း သားသမီးတို့ရဲ့ ပြုစုဂရုစိုက်မှုကို ဒီလိုလေးစံစားရရင် သိပ်ကောင်းမှာပဲလို့လည်း တွေးနေမိပါရဲ့။ ရှိမှာပါလေ။ လောကမှာ သူရဲကောင်းအမေတွေ ရှိနေသလို ကျေးဇူးဆပ်တတ်တဲ့ သားသမီးရတနာဆိုတာလည်း ရှိမှာပဲ မဟုတ်လား။

ဒါပေမဲ့ တစ်ခါတစ်ရံ သားဆိုးသမီးဆိုးတွေကို မြင်မိကြားမိပြန်တော့ အမေတွေ ကိုယ်စား ရင်နာမိပြန်ရဲ့။ လူအများစုလည်း ကြားဖူးမြင်ဖူးပါလိမ့်မယ်။ ဒုက္ခိတအမေအိုကို လမ်းဘေးနေပူပူမှာ ခွက်တစ်လုံးချပြီး တောင်းရမ်းခိုင်းနေတဲ့ သားသမီးတွေ၊ အရက်ဖိုးမပေးလို့ အမေကို ဓားကြိမ်းကြိမ်းပြီး အော်ပြောတတ်တဲ့ သားသမီးတွေ၊ အမေကို ရှာဖွေမကျွေးနိုင်လို့ လူမသိသူမသိ ပစ်သွားတဲ့ သားသမီးတွေ အများကြီးမှ အများကြီးပေါ့။ ရင်နာစရာ ကောင်းလိုက်သည့်ဖြစ်ခြင်း။ ကြက်မတစ်ကောင်က ကြက်ကလေးတွေကို အစာရှာကျွေးနိုင်ပေမဲ့ ကြက်ကလေးတစ်သိုက်က ကြက်မကြီးကို အစာပြန်ရှာမကျွေးနိုင်ဘူးဆိုတာ တကယ်ပဲဖြစ်နေရော့သလား မသိ။

သြော်... အမေဆိုတာ အနန္တကျေးဇူးရှင်ပါ။ အမေကို ပြစ်မှားခြင်းဟာ ဘုရားကို ပြစ်မှားခြင်းပဲ မဟုတ်လားလေ။

(၄)

ဘုရားရှင်လက်ထက်တော်အခါက အမေကိုလိုက်သတ်ဖို့ ကြိုးစားအားထုတ်ခဲ့တဲ့ အင်္ဂုလိမာလကို လူအတော်များများကြားဖူးပြီးသား ဖြစ်မှာပါ။ အခုချိန်မှာတော့ အင်္ဂုလိမာလ မရှိတော့ပါဘူး။ ဒါပေသိ အင်္ဂုလိမာလ လက်သစ်တွေတော့ ရှိနေဦးမယ်ထင်ပါရဲ့။ တကယ်တော့ အင်္ဂုလိမာလလို ဓားကြီးကိုင်ပြီး လိုက်မသတ်ရင်တောင် စိတ်ဆင်းရဲအောင်၊ ဒုက္ခဗျာပါဒတွေ ဝေဆူအောင် လုပ်နေရင်လည်း အမေကို သတ်တာနဲ့ အတူတူပဲ မဟုတ်လား။ ဒီအကြောင်းလေးတွေ တွေးမိတော့ ကမ္ဘာပေါ်က အမေတွေကို အားနာလိုက်တာ။ အမေတွေ အေးချမ်းပါစေလို့ တိတ်တိတ်ဆုတောင်းပေးနေမိတာ အခါခါ။

ဘာပဲပြောပြော အမေဟာ အမေပါပဲ။ ကျွန်တော်တို့အပေါ် အသက်နဲ့ရင်းပြီး မွေးပေးခဲ့တဲ့ ကျေးဇူးနဲ့တင် အမေ့မေတ္တာက မြင်းမိုရ်တောင်ထက် မြင့်နေပြီမဟုတ်ပါလား။ တကယ်တော့ အမေတို့ရဲ့ မြင်းမိုရ်ကျေးဇူးကို ခဏထား။ မမွေးခင် ကျွန်တော်တို့ကို ကိုယ်ဝန်ဘဝနဲ့ စောင့်ရှောက်ခဲ့တာကိုတောင် ကျေအောင်ဆပ်ဖို့ မလွယ်ဘူး မဟုတ်လား။ နာကြားဖူးတဲ့ တရားတစ်ပုဒ်ရှိပါတယ်။ အမေတို့ရဲ့ ကိုယ်ဝန်ဆောင်စဉ် အခက်အခဲကိုသိဖို့ နှစ်ပေါင်လောက်လေးတဲ့ ကျောက်တုံးတစ်တုံးကို ကိုးလတိတိမဖြုတ်ဘဲ ရင်ခွင်ပိုက်လွယ်ထားကြည့်ကြပါတဲ့။ တရားတော်က ရှင်းရှင်းလေးမို့ ကျွန်တော့်ရင်ထဲ စွဲကျန်ခဲ့တာအမှန်။

ဒီအကြောင်းတွေ တွေးနေမိတော့ ကျွန်တော့်အမေကိုလည်း လွမ်းဆွတ်တမ်းတ လာခဲ့မိပါတယ်။ ကျွန်တော့်အမေဟာ ကျွန်တော့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ။ ကျွန်တော် လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ အမေ့ရဲ့ ခွန်အားတွေနဲ့ ခက်ခက်ခဲခဲ ပုံဖော်ခဲ့တာလေ။ ဒီ့အတွက် ကျေးဇူးပါအမေ။

ဒီလိုပါပဲ လောကမှာ ရှိရှိသမျှအမေတိုင်းဟာ သားသမီးတွေအပေါ် မလျော့သောအချစ်နဲ့ ပေးဆပ်ချစ်နေကြတာပါပဲ။ ကံအကြောင်းမလှလို့ မိခင်တာဝန်အပြီးတိုင် မလုပ်ပေးနိုင်ခဲ့တဲ့ အမေတွေလည်း ခြွင်းချက်အနေနဲ့ ရှိတော့ ရှိတာပေါ့။ ရှားပါတယ်လေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အပေါ် အသက်တစ်ချောင်းပေးခဲ့ရုံနဲ့တင် အမေ့ကျေးဇူးဟာ မြင်းမိုရ်တောင်ထက် မြင့်မားသွားပြီမဟုတ်လား။ ကျွန်တော်တို့တွေဘက်က အမေ့ကျေးဇူးကို တတ်စွမ်းတာထက် ပိုဆပ်နိုင်အောင် ကြိုးစားကြဖို့ပဲ လိုတော့ပါတယ်လေ။

အမေဟာ ဘဝရဲ့ကျေးဇူးရှင်။ အမေဟာ သက်ရှိဘုရားပါပဲလေ...။   ။

 

Most Read

Most Recent